backup og meta

သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ

    သင့်ရဲ့အိမ်တွင်းထဲမှာ အင်းဆက်၊ ပိုးမွှားတွေရှိနေတယ်လို့ ခံစားရရုံနဲ့ သင့်ကို အော်ဂလီဆန်စေမှာပါ။ ကြွက်၊ ခြ၊ အိမ်မြှောင်၊ ကြမ်းပိုး၊ ကြောင်သန်းစတဲ့ အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံနဲ့အကောင်တွေဟာ လူတွေရဲ့ အိမ်ထဲမှာ ကျင်လည်ကျက်စားတတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ အကြောင်း ပြောပြပေးချင်ပါတယ်။

    သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ

    သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ ဒီအကောင်ပလောင်တွေဟာ အိမ်မှာ မှီခိုနေရုံတင်မကပါဘူး။ ရောဂါပိုးမွှားပြဿနာပေါင်းစုံကိုလည်း တစ်ပါတည်း သယ်ဆောင်လာပါတယ်။ ဒါကြောင့် သူတို့တွေဟာ သင့်ရဲ့ အိမ်ကို ညစ်နွမ်းစေရုံသာမကဘဲ သင့်ကျန်းမာရေးကိုလည်း ဆိုးရွားစွာထိခိုက်စေနိုင်ပါသေးတယ်။

    အကောင်ပလောင်တွေထဲကမှ လုံးဝမေ့ထားလို့မဖြစ်တဲ့ အကောင်ကတော့ ပိုးဟပ်ပါပဲ။ ပိုးဟပ်တွေဟာ စိတ်ပျက်စရာ ကောင်းရုံသာမက ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေ နိုင်တာမို့ သတိထားနှိမ်နှင်းသင့်ပါတယ်။ ဒါကြောင့်

    • ပိုးဟပ်တွေရဲ့အကြောင်း၊
    • သူတို့ဘယ်လိုရှင်သန် ကြသလဲ၊
    • သူတို့ကို ဘယ်လိုနှိမ်နှင်းနိုင်မလဲ၊
    • သူတို့ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာ သိထားသင့်တဲ့ ဗဟုသုတတွေပါပဲ။

    ပိုးဟပ်ဆိုတဲ့အကောင်တွေဟာ

    ပိုးဟပ်ကို လူတိုင်းလိုလိုမြင်ဖူးကြမှာပါ။ သူတို့မှာ ရှည်လျားတဲ့နှုတ်ခမ်းမွေးတွေနဲ့ ခြေတွေ လက်တွေ ရှိပါတယ်။ ပိုးဟပ်မျိုးစိတ်ပေါင်း ၃၀ လောက်ရှိတဲ့အထဲမှာ အမျိုးအစား ၄ ခုလောက်ကသာ အိမ်မှာနေကြပါတယ်။ သူတို့ဟာ ဟိုဟိုဒီဒီဂမူးရှူးတိုးနဲ့ လျှောက်သွားတတ်ကြပြီး အစားအစာကို ရှာဖွေတတ်ကြပါတယ်။

    များသောအားဖြင့်တော့ ပူနွေးတဲ့ အခြေအနေမှာ ရှင်သန်ကြပါတယ်။ (၇၀) ဒီဂရီဖာရင်ဟိုက် နဲ့ အထက်အပူချိန်တွေမှာပါ။ သူတို့ဟာ စိုစွတ်ပြီးမှောင်မည်းတဲ့ နေရာတွေကို သဘောကျကြပါတယ်။ သူတို့ဟာ အလင်းရောင်ကို မကြိုက်ကြပါဘူး။ လင်းထိန်တဲ့နေရာမျိုးတွေမှာ တွေ့ရဖို့ခက်ခဲပါတယ်။

    အခန်းတစ်ခန်းထဲမှာ ပိုးဟပ်တွေအများကြီး ရှိနေနိုင်ပါတယ်။ သို့သော်လည်း ထိုအခန်းကမှောင်နေလို့ ဖြစ်ပါလိမ့်မယ်။ မီးဖွင့်ကြည့်လိုက်ပါက စုပြုံနေတဲ့ ပိုးဟပ်တွေဟာ ဟိုဟိုဒီဒီပြေးလွှားပြန့်ကျဲကုန်တာကို တွေ့နိုင်ပါတယ်။

    ပိုးဟပ်အများစုဟာ စားကြွင်းစားကျန်တွေကို နှစ်ခြိုက်ကြတာမို့ စားကြွင်းစားကျန်များတဲ့ အိမ်တွေမှာ ပိုးဟပ်အကောင်ရေ ပိုရှိတတ်ကြပါတယ်။

    အမှိုက်အိတ်တွေ၊ အမှိုက်ပုံးတွေမှာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အစာအကြွင်းအကျန် တွေမှာ နေထိုင်တတ်တဲ့ ပိုးဟပ်တွေဟာ သင်တို့ရဲ့ အိမ်ကို ပျက်စီးစေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာ မလွဲဧကန်ပါပဲ။

    ပိုးဟပ်တွေကြောင့် ဓာတ်မတည့်မှုတွေဘယ်လိုဖြစ်ရတာလဲ

    ပိုးဟပ်တွေဟာ သူတို့သွားတဲ့ နေရာတိုင်းမှာ အမှုန်အမွှားတွေ ချန်ထားခဲ့တာပါ။ သူတို့ရဲ့ အညစ်အကြေးတွေ၊ တံတွေးတွေနဲ့ အရေခွံအပိုင်းအစတွေ ကျကျန်ခဲ့တာပါ။ ဖုန်မှုန့်တွေနည်းတူ ထိုအပိုင်းအစတွေမှာ ပရိုတင်းတချို့နဲ့ ဓာတ်မတည့်မှုကိုဖြစ်ပွားစေတဲ့ အရာ‌တွေပါဝင်ပါတယ်။ ရင်ကျပ်ရောဂါလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေဆို ဝေဒနာကို ပိုဆိုးစေနိုင်ပါ တယ်။

    ဒါအပြင် ပိုးဟပ်တွေမှာ ရောဂါဖြစ်ပွားစေတဲ့ ရောဂါပိုးမွှားပစ္စည်းတွေလည်းပါဝင်ပါတယ်။ ကြောက်စရာကောင်းတာကတော့ ပိုးဟပ်တွေဟာ ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဥပမာ – အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ ပြင်းထန်စွာဝမ်းသွားပြီး သွေးတွေပါတတ်တဲ့ သွေးဝမ်းရောဂါ၊ အနာကြီးရောဂါ၊ ကပ်ရောဂါအသွင်ထိဖြစ်ခဲ့ဖူးတဲ့ ပလိပ်နဲ့ ပိုလီယိုရောဂါတွေဖြစ်ပွား ခံစားရနိုင်ပါတယ်။

    ပိုးဟပ်တွေကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်

    ပိုးဟပ်တွေဟာ ဆိုးရွားတဲ့ အနံ့ကို ထုတ်လွှတ်နိုင်ပါတယ်။ သူတို့ရဲ့ အညစ်အကြေး အကြွင်း အကျန်တွေနဲ့ အနံ့ဆိုးတွေပေါင်းစပ်ကာ ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။

    • နှာချေခြင်း၊
    • နှာရည် ယိုနှာပိတ်ခြင်း၊
    • မျက်ရည်ပူများကျဆင်းခြင်း၊
    • အသက်ရှူကျပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊
    • မျက်လုံး များယားယံခြင်း၊
    • အရေပြားယားယံခြင်း၊ ရင်ကျပ်ရောဂါဝေဒနာ ရှိသူတွေမှာ ရောဂါဝေဒနာပိုမိုဆိုးရွားလာခြင်း၊
    • ပြင်းထန်စွာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတွေကို ခံစားရမှာပါ။

    ဒီလိုလက္ခဏာတွေလည်းရှိနေပြီ။ ပိုးဟပ်တွေကိုလည်း သင့်အိမ်အနှံ့အပြားမှာတွေ့ရပြီဆိုရင်တော့ ပိုးဟပ်တွေကိုနှိမ်နှင်းဖို့သာ စတင် စဉ်းစားလိုက်ပါတော့နော်။

    ပိုးဟပ်တွေကို ဘယ်လိုနည်းလမ်းနဲ့ နှိမ်နှင်းကြမလဲ

    ပိုးဟပ်တွေကိုနှိမ်နှင်းဖို့ဆိုရင် ပိုးဟပ်ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေကို အရင်ဆုံးပိတ်ရမှာပါ။ ဒါမှ သူတို့တက်မလာနိုင်မှာပါ။ ဥပမာ ရေတံလျှောက်တွေ၊ ပိုက်လိုင်းတွေကို လုံခြုံစွာ တားဆီးကာကွယ်ရမှာပါ။

    ဒါ့အပြင် ပိုးဟပ်တွေဟာ စားကြွင်းစားကျန်တွေကို ခုံမင်တာမို့ အိမ်ကြမ်းပြင်တွေမှာ အစားအသောက်အမှုန်များမရှိအောင် ဂရုတစိုက်နေထိုင်ရမှာပါ။

    အမှိုက်ပုံး၊ အမှိုက်အိတ်တွေကိုလည်း စနစ်တကျ လုံခြုံစွာပစ်ကြရမှာဖြစ်ပြီး အစားအသောက်စားပြီးရင်လည်း အိုးခွက်၊ ပန်းကန်တွေကို အသေအချာ ဆေးကြောသန့်စင်ရမှာပါ။ မဆေးမကြောဘဲ ပန်းကန်ဘေစင်မှာ ပစ်ထား၊ ပုံထားဖို့ မသင့်ပါဘူး။

    ဒါဟာ ပိုးဟပ်မှ မဟုတ်ပါဘူး။ အခြားသောခြင်၊ ယင်စတဲ့ ပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ရောဂါတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ ဒါ့အပြင် ပိုးဟပ်တွေဟာ စာအုပ်၊ စာရွက်တွေကထွက်တဲ့ အနံ့တွေကိုလည်း ခုံမင်လေ့ရှိကြပါတယ်။ တစ်ခါတရံမှာ စာရွက်စာတမ်းတွေကို ကိုက်ဖြတ်စားသောက်လေ့ ရှိပါတယ်။

    ဒါကြောင့် စာအုပ်တွေကို သိမ်းဆည်းရာမှာလည်း ဒီအတိုင်းသိမ်းဆည်းမယ့် အစား သေတ္တာတွေ၊ အိတ်တွေနဲ့ သတ်သတ်မှတ်မှတ်သိမ်းသင့်ပါတယ်။ ပိုးဟပ်တွေကို ဖြန်းဆေးရည်တွေ (spray) နဲ့ ဖမ်းလို့ရသလို ပိုးဟပ်ဖမ်းထောင်ခြောက်တွေနဲ့လည်း ဖမ်းဆီးလို့ရနိုင်ပါသေးတယ်။

    ပိုးဟပ်ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ဘယ်လိုနည်းပါးအောင်လုပ်ကြမလဲ။

    ဒါကတော့ ရှင်းပါတယ်။ သင့်ရဲ့ အိမ်ကို ဗြုတ်စဗျင်းတောင်းမထားဘဲ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ထားလိုက်ပါ။ သန့်ရှင်းသပ်ရပ်မှုအပြည့်နဲ့ ပတ်ဝန်းကျင်မှာ သူတို့မနေချင်ကြပါဘူး။ လေကောင်း လေသန့်ရပါစေ။ ဒါမှသာ ပိုးဟပ်တွေရဲ့ အမှုန်အမွှားတွေဟာ အသက်ရှူလမ်းကြောင်းထဲကို မရောက်တော့ဘဲ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

    ပိုးဟပ်ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်းတွေနဲ့ ရင်ကျပ်ခြင်းတွေဟာ ဆေးဝါးတွေမှီဝဲရင် ပျောက်ကင်းနိုင်ပါတယ်။ သို့သော်လည်း သင် (သိုမဟုတ်) သင့်မိသားစုထဲက တစ်စုံတစ်ယောက်မှာ အသက်ရှူရခက်ခဲခြင်း၊ ဓာတ်မတည့်မှုဆိုးရွားပြင်းထန်လာခြင်းနဲ့ သွေးဝမ်းသွားခြင်းစတဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်စုံတစ်ရာကို ကြုံတွေ့လာရပါက အချိန်မဆွဲဘဲ နီးစပ်ရာဆေးရုံဆေးခန်းကိုသာ သွားပါ။

    ပိုးဟပ်ကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နှိမ်နှင်းဖို့ နောက်မကျသေးပါဘူး။ သင့်ရဲ့အိမ်မှာ ပိုးဟပ်တွေကိုတွေ့ရှိပါက ပေါ့ဆမနေဘဲ အထက်ပါနည်းလမ်းတွေအတိုင်း နေအိမ်ကို သန့်ရှင်းသပ်ရပ်စွာထားပြီး ပိုးဟပ်နှိမ်နှင်းဖို့ နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။ ပိုးဟပ်တွေကင်းစင်သွားပါက ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရမှာမလွဲဧကန်ပါပဲနော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement