နေပူလို့ဦးထုပ်လေးဆောင်းပါမယ်ဆိုဆောင်းလို့မဖြစ်၊ သူများလို စတိုင်ထုတ်ချင်လည်း ဦးထုပ်ဆောင်းတိုင်းခေါင်းကိုက်ရသူတွေ ရှိပါတယ်။ အလှလည်းဆောင်းမရ၊ ကျန်းမာရေးအတွက်လည်းဆောင်းမရ၊နောက်ဆုံးဆောင်းတွင်းခေါင်းစွပ်တောင် စွပ်မရသူတွေမှာ အတော်အဆင်မပြေဖြစ်ရပါတယ်။ ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးမှာပါ။
ဒီလိုဖြစ်တာကို ဖိအားကြောင့်ခေါင်းကိုက်ခြင်း (compression headache) လို့ခေါ်ပါတယ်။ ဦးခေါင်းမှာ ဒါမှမဟုတ် ဦးရေပြားမှာ ဖိအားဖြစ်စေ၊ တင်းကျပ်စေတဲ့အရာတွေဝတ်ဆင်တဲ့အခါဖြစ်လာတတ်တဲ့ခေါင်းကိုက်ခြင်းတစ်မျိုးပါ။ ဦးထုပ်၊ခေါင်းစည်းကြိုး၊ခေါင်းပေါင်းတွေဝတ်ရင်ဖြစ်တတ်သလို တချို့မိန်းကလေးတွေမှာ ဘီးကုတ်တပ်ရင်တောင်ခေါင်းကိုက်တတ်ပါတယ်။
ဒီဝေဒနာက ဦးထုပ်ဆောင်းထားသရွေ့ခံစားနေရတတ်ပြီး ချွတ်လိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက –
- တဒုတ်ဒုတ်နဲ့ ထိုးကိုက်တာမဟုတ်ဘဲ ခေါင်းကိုက်ဝေဒနာကို ပုံမှန်နှုန်းနဲ့ခံစားနေရတယ်၊
- မအီမသာဖြစ်တာ၊ခေါင်းမူးတာလိုမျိုး တခြားလက္ခဏာတွေမရှိဘူး၊
- ခေါင်းကို ဖိအားဖြစ်စေတဲ့အရာ ဖယ်ရှားလိုက်တာနဲ့ တစ်နာရီအတွင်း ကိုက်ခဲမှုသက်သာသွားတယ်။
ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်လေ့ရှိတဲ့သူတွေမှာဆို ဒီဝေဒနာကနေခေါင်းတစ်ခြမ်းကိုက်ဝေဒနာအဖြစ် ကူးပြောင်းသွားနိုင်ပါတယ် –
- ဦးခေါင်းတစ်ခြမ်း သို့မဟုတ် နှစ်ဖက်စလုံးမှာ တဒုတ်ဒုတ်နဲ့ထိုးကိုက်ခြင်း
- အလင်း၊အသံ ဒါမှမဟုတ် တစ်ခါတလေ အထိမခံနိုင်တဲ့အထိဖြစ်ခြင်း
- မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း
- အမြင်အာရုံဝေဝါးခြင်း တို့ဖြစ်လာနိုင်ပါတယ်။
ဖြစ်လာစေတဲ့ အကြောင်းရင်း
ဖိအားကြောင်းခေါင်းကိုက်ခြင်းကိုဖြစ်စေတာက အပေါ်မှာပြောခဲ့တဲ့အတိုင်း ဦးခေါင်းကိုတင်းကျပ်စေတဲ့အရာ – ဦးထုပ်၊ခေါင်းဆောင်း၊ခေါင်းစည်းကြိုးစတာတွေဝတ်ဆင်တာကြောင့်ဖြစ်ပါတယ်။
မျက်နှာကနေ ဦးနှော်က်ကို သတင်းပေးပို့တဲ့ နာကျင်မှုအာရုံကြောမျှင်လေးတွေနဲ့ နာကျင်မှုအာရုံလက်ခံပေးတဲ့အာရုံကြောဆဲလ်တွေ ဒါမှမဟုတ် ဦးခေါင်းနောက်စေ့က အာရုံကြောတွေကို ဖိအားဖြစ်စေရာကဖြစ်လာတာပါ။
နောက်ဆက်တွဲပြဿနာ
ဒီလိုဖြစ်တာကြာလာရင်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်လာစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
ပြင်ပဖိအားကြောင့်ခေါင်းကိုက်ဝေဒနာကို ကာကွယ်နိုင်ဖို့ကတော့ ဒီလိုဖြစ်စေတဲ့အရာတွေ ဦးခေါင်းမှာမဝတ်မိဖို့ပဲဖြစ်ပါတယ်။ ဦးထုပ်ဆောင်းမယ်ဆိုရင်တောင်မှ သိပ်မကျပ်တဲ့ ခပ်ချောင်ချောင်အရွယ်အစားကိုရွေးချယ်ပါ။ ဦးခေါင်းမှာ ဘာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်စေဖို့ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစားနဲ့ ဒီဇိုင်းကိုရွေးချယ်ပါ။
ဖြစ်လာရင်ရော ဘယ်လိုကုသမလဲ
အရှင်းဆုံးကတော့ ဒါကြောင့်ခေါင်းကိုက်နေရင် အဲဒီအရာကို ချွတ်ဖယ်လိုက်ဖို့ပဲလိုပါတယ်။နောက်ထပ်သီးသန့်ကုသဖို့ လိုအပ်တာ နည်းပါတယ်။ခေါင်းတစ်ခြမ်းကိုက် အဖြစ်များတဲ့သူတွေမှာသာ အခုလိုဖြစ်လာရင်ခေါင်းကိုက်ပျောက်ဆေးသောက်ဖို့လိုပါလိမ့်မယ်။
ဦးထုပ်ဆောင်းတဲ့အခါ ဦးထုပ်ကို မကျပ်အောင်လျှော့ထားလိုက်ရင်လည်း သက်သာပါတယ်။ ဆံပင်နဲ့ဦးခေါင်းကို တင်းပြီးဆွဲစည်းသလိုမဖြစ်စေဖို့ ဂရုစိုက်ပါ။
[embed-health-tool-bmi]