backup og meta

အကြားအာရုံ ကျန်းမာစေမယ့် သဘာဝဓာတ်စာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြားအာရုံ ကျန်းမာစေမယ့် သဘာဝဓာတ်စာများ

    အကြားအာရုံဆိုတာ အာရုံ ၅ ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီးတော့ လူတိုင်းအတွက် အစားထိုးဖို့ခက်ခဲတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ ဒီနားအကြားအာရုံ ထိခိုက်မိပြီဆိုရင် အလုံးစုံပြန်လည်ကောင်းမွန်လာအောင် ကုသဖို့ ခက်ခဲပါတယ်။

    လူအချင်းချင်း ဆက်သွယ်ကြရာမှာ နားနဲ့ အကြားအာရုံဟာ အဓိကအကျဆုံး ကြားခံအရာတစ်ခုဖြစ်ပေမယ့် တခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလောက်တော့ ဂရုစိုက်ခြင်း ခံရလေ့မရှိပါဘူး။

    အကြားအာရုံ ဆုံးရှုံးသွားသူတွေအနေနဲ့ မူလအတိုင်း ပြန်လည်ကောင်းမွန်လာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီလိုတန်ဖိုးရှိလှတဲ့ နားအကြားစွမ်းရည်ကို ဂရုတစိုက် ထိမ်းသိမ်းဖို့ လိုအပ်သလို အစဉ်အမြဲ ကျန်းမာအောင် စောင့်ရှောက်ပေးနေဖို့လည်း အရေးကြီးပါတယ်။

    ခုဆောင်းပါးမှာတော့ လူတစ်ဦးချင်းစီရဲ့ နားအကြားအာရုံကို ပိုမိုကျန်းမာစေပြီး ရေရှည် ကောင်းမွန်နေအောင် ပံ့ပိုးပေးနိုင်မယ့် အာဟာရဓာတ်တွေနဲ့ အစားအစာတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

    သဘာဝတရားကြီးဟာ လူ့ခန္တာကိုယ်က အစိတ်အပိုင်းတွေတိုင်းကို ပံ့ပိုးပေးနိုင်တဲ့ အာဟာရဓာတ်တွေကို သဘာဝထွက်ကုန်တွေထဲမှာ ဖြည့်ဆည်းပေးထားပြီးသားပါ။ အဲ့ဒီ လိုအပ်တဲ့ အာဟာရဓာတ်တွေကို နည်းမှန်လမ်းမှန်နဲ့ သုံးစွဲဖြည့်ဆည်းပေးဖို့သာ လိုအပ်တာပါ။

    နားကျန်းမာရေးလို့ ဆိုလိုက်တာနဲ့ လူအတော်များများက ဆေးဝါးဓာတ်စာတွေ၊ earplugs တွေ ဒါမှမဟုတ် noise canceling headphones တွေအကြောင်းကိုသာ တွေးမိတတ်ကြပါတယ်။

    တကယ်တမ်း နားနဲ့ အကြားအာရုံတွေကို ကောင်းမွန်းစေဖို့၊ ကာကွယ်ပေးနိုင်ဖို့ဆိုရင် ငှက်ပျောသီးလို အသီးအနှံတွေ၊ အစိမ်းရောင်ရှိတဲ့ အရွက်တွေနဲ့ ပဲတွေကို များများစားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

    နားကို ကျန်းမာစေမယ့် သဘာဝ အစားအစာတွေ

    နားနဲ့ အကြားအာရုံအစိတ်အပိုင်းတွေကို ကျန်းမာစေမယ့် အစားအစာတွေကို စုစည်းဖော်ပြရမယ်ဆိုရင်တော့

  • ပဲနဲ့ အစိမ်းရောင် အရွက်တွေ – ဒီအရာတွေမှာ Folic Acid နွယ်ဝင် Folate ပါဝင်ပြီး ဒီဓာတ်က အကြားအာရုံတိုးတက် ကောင်းမွန်စေဖို့ အကျိုးပြုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးအဖြစ်သာ လူသိများပေမယ့် အကြားအာရုံကို အကျိးပြုတဲ့အချက်ကိုတော့ လူသိနည်းပါတယ်။ ဟင်းနုနွယ်၊ ကိုက်လန်၊ ဆလတ်ရွက်နဲ့ ပဲမျိုးစုံတို့မှာ Folate ပါဝင်နေပါတယ်။
  • ထောပတ်သီး၊ Dark Chocolate – ထောပတ်သီးတို့ Dark Chocolate တို့မှာ Magnesium ဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ Magnesium ဟာ Neuroprotective Effects လို့ခေါ်တဲ့ အကြားအာရုံဆုံးရှုံးမှုမရှိအောင် ကုသပေးနိုင်တဲ့ အစွမ်းသတ္တိမျိုးရှိပါတယ်။ အထူးသဖြင့် ဆူညံမှုကြောင့်ဖြစ်လာတဲ့ အကြားအာရုံထိခိုက်မှုတွေကို လျော့ပါးစေပါလိမ့်မယ်။
  • အစေ့အဆံများ – ဗာဒံစေ့တို့၊ မြေပဲတို့၊ သီဟိုဠ်စေ့၊ ဖရုံစေ့တို့လို အစေ့အဆံတွေဟာ ရုတ်တရက် အကြားအာရုံဆုံးရှုံးတဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ အစေ့အဆံတွေမှာပါဝင်တဲ့ Zinc က ဒီဝေဒနာတွေကို လျော့ပါးအောင် ကူညီပေးနိုင်တာဖြစ်ပါတယ်။
  • ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး – ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူးတို့လို Potassium ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာလည်း နားစည် အတွင်းပိုင်းက အရည်အိတ်ကို ကျန်းမာစေနိုင်ပါတယ်။ အဆိုပါ အရည်တွေဟာ Potassium အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီးတော့ ချိုမြိန်တဲ့အစားအစာတွေ၊ ကန်စွန်းဥ လိုအရာမျိုးတွေကနေလည်း ရရှိနိုင်ပါသေးတယ်။
  • နှမ်းကြတ်စေ့၊ သစ်ကြားစေ့၊ ငါး – Omega-3 fatty acid အုပ်စုဝင် အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ နှမ်းကြတ်စေ့၊ သစ်ကြားစေ့၊ Chia Seed၊ ပင်လယ်စာတွေနဲ့ ငါးတွေဟာလည်း အကြားအာရုံကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ အဆိုပါ အစားအစာတွေဟာ လူ့ ခန္တာကိုယ် အလေးချိန်လျှော့ချရေးမှာလည်း အထောက်အကူပြုပါသေးတယ်။
  • မှို၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေနဲ့ Cereal – ဗီတာမင် D တွေ ကြွယ်ဝစွာပါဝင်တဲ့ မှို၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေနဲ့ Cereal တွေဟာ အကြားအာရုံရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အထူးသဖြင့် နားအတွင်းထဲက အရိုးနုလေးတွေကို အားကောင်းကျန်းမာစေမှာဖြစ်ပါတယ်။
  • ဗီတာမင် B-12 ပါဝင်သော အစားအစာများ – တကယ်လို့ နားစည်အတွင်းပိုင်းက အာရုံကြောလေးတွေ နာကျင်မှုဖြစ်နေပြီဆိုရင် ဗီတာမင် B-12 ဓာတ်မဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်။ နားကျန်းမာရေးအတွက် ဗီတာမင် D ဟာ အရေးပါသလို ဗီတာမင် B-12 မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် B-12 ကို နို့ထွက်ပစ္စည်းတွေနဲ့ အနှံအစေ့တွေကနေ ရရှိနိုင်ပါတယ်။
  • အကြားအာရုံနဲ့ နားကျန်းမာရေး ကောင်းမွန်စေဖို့ အလိုရှိတယ်ဆိုရင် အထက်ဖော်ပြပါ အစားအစာတွေကို နေ့စဉ် လုံလောက်စွာမှီဝဲပေးပြီး ကောင်းမွန်စွ ဂရုတစိုက်ထိမ်းသိမ်းပေးတာဟာ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement