backup og meta

သင်ဟာ သူများစားသောက်နေတာကို ကြည့်ရတာ ကြိုက်တဲ့သူလား။

နောက်ပိုင်း youtube, ဖေ့ဘွတ်ခ်တို့လို့မျိုး ဆိုရှယ်မီဒီယာဝက်ဆိုဒ်အမျိုးမျိုးမှာ mukbang လို့ခေါ်တဲ့ အစီအစဉ်တွေ ခေတ်စားလာပါတယ်။

Mukbang ဆိုတာ အင်္ဂလိပ်စကားလုံးတော့မဟုတ်ပါဘူး။ Muk ဆိုတာက ကိုရီးယားစကားလုံး “Muk Ja” စားရအောင်ဆိုတဲ့ အဓိပ္ပါယ်ထဲက တစ်လုံးဖြစ်ပြီးတော့ bang ဆိုတာကတော့ တီဗီအစီအစဉ် bang song ဆိုတဲ့ ကိုရီးုယား စကားလုံး bang ကနေ ဆင်းသက်လာပြီး အစားအသောက်တီဗီ အစီအစဉ်ဆိုပြီး ဖြစ်လာတာဖြစ်ပါတယ်။ ပြီးမှ နောက်ကနေ -er ထည့်လိုက်ရင် Mukbangers ဒီအစီအစဉ်တွေထဲမှာ အစားအများကြီးစားပြတဲ့သူပေါ့နော်။

စားကောင်းသောက်ဖွယ်တွေအများကြီးကို ကင်မရာရှေ့မှာ ခင်းကျင်းထားပြီး ပါဝင်တင်ဆက်တဲ့သူကလည်း လူ ၁၀ ယောက်စာလောက်ကို တစ်ထိုင်တည်း စားပြတဲ့ အစီအစဉ်တွေပေါ့။ ကယ်လိုရီ ၁၀၀၀၀ ရှိတဲ့ အစားအစာတွေ၊ အသားစိမ်းငါးစိမ်းတွေ စားပြတာ မျိုးလည်းရှိပါတယ်။

ဒီလို အစီအစဉ်ဟာ ကိုရီးုယားမှာ ခေတ်စားနေတာ ဆယ်စုနှစ်တစ်ခုလောက်ကြာနေပြီဖြစ်ပြီး ကိုရီးယားလူမျိုးတွေအတွက် ဝင်ငွေတော်တော်ကောင်းတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဗီဒီယိုတွေကို ကြည့်ရှုသူ သန်းနဲ့ချီရှိနေပြီတော့ စပွန်ဆာပေးမယ့် စားသောက်ဆိုင်တွေ၊ ဘရန်းတွေကလည်း မနည်းမနောပါပဲ။ ၂၀၁၅ နောက်ပိုင်းလောက်ကနေစပြီး mukbang ရေစီးကြောင်းဟာ Kpop နဲ့အတူ အမေရိကားအထိပါ ရောက်ရှိလာပါတယ်။ ခုဆိုရင် mukbang လောကမှာ ကိုရီးယားတွေနဲ့ အတူ အမေရိကန် mukbangers တွေပါ အများအပြားရှိလာပြီဖြစ်ပါတယ်။

ဗီဒီယိုထဲမှာဆို mukbangers တွေဟာ သူတို့ရဲ့ အစာဝါးတဲ့အသံက အရမ်းကျယ်ပါတယ်။ ပုံမှန် အပြင်မှာဆိုရင် အစာကို အသံမြည်ပြီးစားတဲ့သူတွေကို ရွံရှာဖွယ် အကြည့်တွေနဲ့ ကြည့်ကြတယ်လေ။ Mukbang တွေကို ကျတော့ လူတွေ ဘာလို့ စွဲစွဲလမ်းလမ်း ကြည့်နေကြိုက်နေကြလဲပေါ့နော်။

ASMR mukbangs

ASMR ဆိုတာ autonomous sensory meridian response ပါ။ မြန်မာလို လွယ်လွယ်ကူကူဘာသာပြန်ရမယ်ဆိုရင် အသံတစ်ခုခု၊ ရုပ်ပုံတစ်ခုခုမြင်ရုံနဲ့ ဦးနှောက်ထဲမှာရှိတဲ့ သာယာစေတဲ့အပိုင်း၊ ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်ခြင်းပါ။

ဒီအစားအသောက်အစီအစဉ်တွေထဲမှာပါတဲ့ ကြွပ်ရွနေတဲ့ ကြက်ကြော်ကို ကိုက်လိုက်တဲ့အခါ ထွက်လာတဲ့အသံ၊ ခေါက်ဆွဲကို စုပ်ယူလိုက်တဲ့အသံ၊ ရေခဲထည့်ထားတဲ့ခွက်ထဲကို ချိုအေးနေတဲ့ ကိုကာကိုလာကို လောင်းထည့်လိုက်တဲ့အသံ စတဲ့လှုံ့ဆော်မှုတွေကို ကြားရတဲ့အချိန်မှာ ဦးနှောက်ဟာ ဒါအရသာရှိတဲ့ အစားအစာတွေကို စားနေရတာဆိုပြီး သာယာပျော်ရွှင်တဲ့ ခံစားချက်မျိုးကို ပေးနိုင်ပါတယ်။

အထီးကျန်တဲ့ ခံစားချက်တွေကို လျော့စေတယ်။

လူတွေဟာ ထမင်းစားရင် တစ်ယောက်တည်းစားရမှာကို ဝန်လေးတယ်။ အထီးကျန်ဆန်တဲ့လို့ ခံစားရတယ်။ ဒါကြောင့် စားနေတဲ့ချိန်မှာ ဒီလို အစီအစဉ်ကို ဖွင့်ထားလိုက်တဲ့ချိန်မှာ တစ်ယောက်ယောက်နဲ့ ထမင်း အတူစားနေသလိုမျိုးဖြစ်တယ်။ တချို့ mukbangs တွေဟာ အစားချည်းပဲစားပြနေတာမဟုတ်ဘဲ ဘဝအကြောင်းတွေ၊ သူတို့နိုင်ငံရဲ့ ရိုးရာတွေ၊ အထင်ကရအကြောင်းအရာတွေကိုပါ အောက်ကနေ စာတန်းနဲ့ ဖြစ်စေ၊ အနောက်ကနေ အသံတစ်ခုနဲ့ ဖြစ်စေ ပြောပြနေတာမျိုးလည်း ရှိတာမို့ တကယ် လူတစ်ယောက်နဲ့ တွေ့ဆုံနေရသလိုမျိုးခံစားချက်မျိုးရရှိစေပါတယ်။

Diet လုပ်နေတဲ့ချိန် တောင့်တမှုတွေကို သက်သာစေတယ်။

သူများစားတာကြည့်ပြီး ပိုစားချင်လာပြီး diet လုပ်တာ ပျက်သွားနိုင်သလို ကိုယ် diet လုပ်နေတဲ့ချိန်စားတဲ့ အရသာမရှိတဲ့အစားအသောက်တွေကို mukbang ကြည့်နေရင်း စားရင် အရသာရှိလာသလိုမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီအစီအစဉ်လုပ်တဲ့သူတွေကလည်း လူအများ ကြိုက်ကြတဲ့ အကြွပ်ကြော်တွေ၊ ပူစပ်တဲ့ဟင်းလျာတွေ၊ ဈေးကြီးပြီး ရှားပါးတဲ့ ဟင်းလျာတွေကို စားပြလေ့ရှိတဲ့အတွက် တောင့်တမှုတွေကို အမြင်အာရုံကနေတဆင့် ဖြေဖျောက်နိုင်ပါတယ်တဲ့။

Mukbang တွေဟာ အခုချိန်မှာ အရမ်းကိုနာမည်ကြီးပြီး လူသိသူသိ ပြန့်နှံ့နေပါပြီ။ ဒီလိုကျယ်ပြန့်လာတာနဲ့အတူ အမေရိကားမှာ ဒီလိုမျိုး အစားအများကြီးစားပြတဲ့ ဗီဒီယိုတွေကို ကြည့်နေရင်း အစကတည်းက eating disorders လို့ခေါ်တဲ့ အစားအသောက်မူမမှန်ရောဂါအခံရှိတဲ့သူတွေအနေနဲ့တော့ mukbangs တွေဟာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကတော့ အကောင်းတဲ့က အဆိုးပေါ့နော်။

အစားအသောက်ဆိုကို လူတိုင်းက ခုံမင်နှစ်ခြိုက်ကြပါတယ်။ ကိုယ်ကိုယ်တိုင် မစားရရင်တောင် သူများစားနေတာကြည့်ပြီး အာသာဖြေနိုင်ကြပါတယ်။ Mukbang တွေ အောင်မြင်လာတာနဲ့အတူ mukbangers တွေလည်းများပြားလာပြီး mukbanger ဖြစ်ချင်တဲ့သူတွေလည်း များပြားလာပါတယ်။ ကိုယ်ကြို့က်တဲ့အစားအစာတွေကို စားနေရင်းနဲ့ ပိုက်ဆံတွေ ဝင်နေမှာ။ တွေးကြည့်ရင် တော်တော်မိုက်တဲ့ အလုပ်တစ်ခုပဲနော်။ ဒါပေမဲ့ Mukbangers တွေအနေနဲ့ လူ၁၀ယောက်စာ ကယ်လိုရီများ အဆီများတဲ့ အစားအသောက်တွေကို အစီအစဉ်တစ်ပိုင်းရိုက်တိုင်းစားနေတာ ကျန်းမာရေးနဲ့တော့ ညီညွှတ်မယ်လို့တော့ မထင်ရပါဘူး။ ဒါပေမဲ့ အဲ့လို ရိုက်နေတဲ့သူတွေကလည်း လေ့ကျင့်ခန်းကို သာမန်လူထက် ပိုပြင်းပြင်းထန်ထန်လုပ်တဲ့သူတွေဖြစ်ကြပါတယ်။

သင်ကရော mukbang ကိုကြည့်ရတာ ကြိုက်တဲ့သူလား။ Mukbangers တစ်ဦးဖြစ်ချင်သူလား။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

06/07/2022

Dr. Yee Mon Lwin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

Eating Disorders (အစားအသောက်မူမမှန်ခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Yee Mon Lwin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement