backup og meta

မိုးရေ သောက်လို့ ဘေးကင်းသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရေ သောက်လို့ ဘေးကင်းသလား

    မိုးရာသီဆို ရေကြီးရေလျှံတဲ့ အချိန်က လွဲလို့ ရိုးရိုး အချိန်ဆို မိုးရေ ပေါပေါသုံးရလို့ ပျော်ကြပါတယ်။ တိုက်ခန်းတွေ မဟုတ်တဲ့ မိုးရေခံလို့ ရတဲ့ အိမ်တွေမှာပေါ့။

    ရေတံလျှောက်တွေ ကနေ ခံထားတဲ့ မိုးရေ တွေကို သောက်တယ်၊ သုံးတယ်လေ။ မိုးရေက ပိုသန့်စင်တယ် လို့ ယုံကြည်ပြီး တစ်နှစ်စာ သောက်ရေ လှောင်ကြသူတွေတောင် ရှိပါတယ်။ မိုးရေကို သောက်ရေ အတွက်ပဲ သီးသန့်ထားကြတာမျိုး။

    ဒါပေမယ့် မိုးရေ ကို သောက်သုံးရေ အဖြစ် သုံးကြမယ်ဆို ဘေးကင်းရဲ့လား၊ ဘာတွေ ထူးခြားမှုရှိမလဲ၊ ဘာတွေ သတိထားသင့်သလဲ ဆိုတာလေးတွေ သိထားတော့ ပိုမကောင်းဘူးလား။ ဟိုးအရင်တည်းက သုံးလာတာလို့ ဆိုပေမယ့် ခုပိုပြီး ဂရုစိုက်လိုက်မယ်ဆို ကျန်းမာရေးအတွက် ပိုအကျိုးရှိသွားပါလိမ့်မယ်နော်။ မှားနေတာ ရှိလည်း ပြင်ဆင်လို့ ရတာပေါ့။

    ဘေးကင်း သလား

    မိုးရေကို သောက်လို့ ဘေးကင်း မကင်း ဆိုတာဟာ –

  • ကိုယ့်ပတ်ဝန်းကျင် အနီးတဝိုက်က ဘယ်လိုအနေအထားမျိုးလဲ၊
  • ဘယ်လို နည်းလမ်းနဲ့ မိုးရေခံထားသလဲ၊
  • ဘယ်လို အနေအထားနဲ့ မိုးရေသိုလှောင်သလဲ၊
  • ဘယ်ထဲမှာ ထည့်ပြီး သိုလှောင်ထားသလဲ စတဲ့ အချက်တွေကို မူတည်နေပါတယ်။
  • မိုးရေ ကို မသောက်သုံးသင့်တဲ့ အခြေအနေများ

    မိုးပေါ်က ကျလာတာမို့ တခြား ရေအရင်းအမြစ်တွေ ထက် ပိုပြီးသန့်စင်တယ်၊ ဘေးကင်းတယ်လို့ ယူဆစရာ ရှိပေမယ့် ဘေးကင်း၊ မကင်း ဆိုတာက အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို အဓိက မူတည်နေတာဖြစ်ပါတယ်။

    (၁) မိုးရေစက် တွေဟာ လေထု ထဲကနေ ဖြတ်သန်းပြီး ကျလာခဲ့တာမို့ လေထု ညစ်ညမ်းမှုတွေ အားလုံး ပါလာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ် နေထိုင်တဲ့ နေရာက စက်ရုံတွေနဲ့ နီးတယ်၊ လေထုညစ်ညမ်းမှု များတယ် ဆိုရင် မိုးရေ မသောက်သုံးသင့်ပါဘူး။ အဆိပ်သင့်ဓာတုပစ္စည်းတွေ ပါလာနိုင်ပါတယ်။

    (၂) နောက်တစ်ချက်က မိုးရေ ခံတဲ့ နည်းလမ်းပါ။ အပင်တွေ၊ အဆောက်အအုံတွေကနေ တဆင့် မဟုတ်ဘဲ မိုးပေါ်က ကျလာတဲ့ မိုးရေကို သန့်ရှင်းတဲ့ ခွက်၊ ပုံး တို့နဲ့ တိုက်ရိုက်ခံယူတာကပဲ အသန့်စင်ဆုံး နည်းလမ်းလို့ ဆိုနိုင်ပါတယ်။

    ဒါပေမယ့် အများအားဖြင့် နေအိမ် အဆောက်အအုံတွေမှာ ခေါင်မိုးပေါ်ကနေ ရေတံလျှောက် နဲ့ မိုးရေခံတဲ့ စနစ်ကို သုံးကြပါတယ်။ ဒီလို သုံးမယ်ဆို ဘေးကင်းမကင်းက ခေါင်မိုး၊ ရေတံလျှောက် နဲ့ ပိုက်တွေ အပါအဝင် မိုးရေခံယူတဲ့ စနစ် တစ်ခုလုံးရဲ့ သန့်ရှင်းမှု အပေါ် အဓိက မူတည်ပါတယ်။

    ခေါင်မိုး နဲ့ ရေတံလျှောက်က သံချေးတက်နေမယ်၊ ဖုန်နဲ့ အညစ်အကြေးတွေ ရှိနေမယ်၊ အမှိုက်တွေ ပိတ်ဆို့နေမယ် ဆိုရင် အမှိုက်ရေ သောက်နေရသလို ဖြစ်နေပါလိမ့်မယ်။ ဒီစနစ်နဲ့ ရေလမ်းကြောင်း တလျှောက်ကို အမြဲပုံမှန် စစ်ဆေး၊ သန့်ရှင်းပေးရပါမယ်။

    (၃) မိုးရေ ကို သေချာတော့ ခံယူထားပါရဲ့။ ထည့်ပြီး သိုလှောင်ထားတဲ့ နေရာက ပြဿနာ ရှိနေရင် ရေရဲ့ ဘေးကင်းမှုကို စိတ်မချရပါဘူး။ မိုးရေရဲ့ သန့်ရှင်းမှု၊ သန့်စင်မှုက သူ့ကို ထည့်သွင်း သိုလှောင်တဲ့ တိုင်ကီ၊ ရေစည် တို့ရဲ့ သန့်ရှင်းမှုနဲ့ ထပ်တူအချိုးကျနေလို့ပါပဲ။

    ဥပမာ ရေစည်က သန့်ရှင်းရေး ပုံမှန်မလုပ်ထားဘူး၊ တိုင်ကီက သံချေးတက်နေတယ် ဆို ဒီထဲက သောက်သုံးရေကို စိတ်ချလက်ချ သောက်လို့ မရနိုင်ပါဘူး။ မလိုလားအပ်တဲ့ ရောဂါပိုးမွှားတွေ၊ ယိုစိမ့် ဓာတ်ပစ္စည်းတွေ ပါလာနိုင်လို့ပါပဲ။

    (၄) အက်စစ်မိုး။ မိုးရေ အများစုက 5.0 နဲ့ 5.5 ကြား pH အဆင့် နဲ့ အက်စစ်ဓာတ်သဘာဝ ပါရှိပါတယ်။ တကယ်တော့ ဒါက အန္တရာယ်မရှိနိုင်ပါဘူး။ သောက်သုံးရေမှာ ပျော်ဝင်သတ္တုတွေ ပါဝင်တာကြောင့် neutral pH တော့ ဖြစ်ခဲပါတယ်။ အမှန်တကယ် စိုးရိမ်သင့်၊ ရှောင်သင့်တဲ့ အက်စစ်မိုး ကတော့ မီးတောင်ရှင်တွေရဲ့ အနီးတဝိုက် နေရာဒေသတွေမှာ ရွာတဲ့မိုးပဲ ဖြစ်ပါတယ်။

    မိုးရေကို သောက်သုံးမယ် ဆိုရင်

    မိုးရေကို ဒီတိုင်းပဲ သောက်မယ်ဆို အပေါ်မှာ ပြောခဲ့သလို သန့်စင်တဲ့ ရယူသိုလှောင်မှုစနစ်နဲ့ ထားရှိပြီး ရေသန့်စက်နဲ့ စစ်ထုတ်ပါ။

    ဒါပေမယ့် အကောင်းဆုံးက ကျိုချက်ပြီး သောက်တာပါပဲ။ ပါလာနိုင်တဲ့ ရောဂါပိုးမွှားတွေ အားလုံးကို ရေနွေးဆူဆူမှာ ပိုးသတ်ပြီး ဖြစ်သွားစေနိုင်ပါတယ်။ ရေအေးပဲ ကြိုက်တယ်ဆို ရေကျက်အေး ခံပြီး သောက်လို့လည်း ရတာပဲလေ။

    မိုးရေနဲ့ ကျိုတဲ့ ရေနွေးကြမ်းက အနံ့အရသာလည်း ပိုပြီး ကောင်းတယ်ဆိုတာ အိမ်က လူကြီးမိဘတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။ သဘာဝကပေးတဲ့ ရေအရင်းအမြစ်ကို နည်းလမ်းမှန်နဲ့ ကောင်းကောင်း အသုံးချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အကြံပြုလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement