backup og meta

ခန္ဓာကိုယ်ထဲမှာ ဘာ ကျောက် တွေ တည်နိုင်လဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်ထဲမှာ ဘာ ကျောက် တွေ တည်နိုင်လဲ

    ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။

    (၁) ကျောက်ကပ်

    ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ် အပါအဝင် သတ္တုဓာတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါး နဲ့ နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီး သွားရင် သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ ကျောက်က သေးရင် ဆီးထဲမှာ သူ့အလိုလို ပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။

    (၂) လည်ချောင်း

    အာသီးဆိုတာ ရောဂါပိုးမွှားတွေကို စစ်ထုတ်ဖယ်ရှားဖို့ ကူညီပေးတဲ့ လည်ချောင်း အနောက်ဘက်က တစ်ရှူးအစု နှစ်ခု ဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာ ကပ်ကျန်နေနိုင်ပြီး tonsilloliths လို့ ခေါ်တဲ့ ကျောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေ ခံစားရနိုင်တယ်။ ဒီကျောက်တွေကို သွားပွတ်တံနဲ့ ဒါမှမဟုတ် ဂွမ်းစလေး နဲ့ အသာအယာ ဖယ်ရှားနိုင်တယ်၊ ဆားရည် နဲ့ ပလုပ်ကျင်းလို့ရတယ်။ မရရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

    (၃) ဆီးအိမ်

    ဆီး ကောင်းကောင်း မသွားနိုင်တဲ့အခါ ဆီးကျောက်တည် လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေ များနေပြီး တခြားဓါတ်တွေ နည်းနေလို့လည်း ဖြစ်နိုင်တယ်။ ဒီကျောက်တွေက သူ့အလိုလိုဖြစ်လာတတ်တယ် ဒါမှမဟုတ် ကျောက်ကပ်ကျောက်လေးတွေက ဆီးအိမ် ဆီကို ကျလာပြီး ကြီးလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဆီးက နောက်နေတာ၊ သွေးပါနေတာ ဒါမမဟုတ် ဆီးသွားရင် ဗိုက်အောက်ပိုင်းက အောင့်တာတွေ ဖြစ်နိုင်တယ်။ သောက်ဆေး၊ လေဆာ သို့မဟုတ် ခွဲစိတ်မှု နဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။

    (၄) သည်းခြေအိတ်

    ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းမှာရှိတဲ့ သည်းခြေအိတ်လေးမှာ အစာချေဖျက်တဲ့ သည်းခြေရည်တွေကို သိုလှောင်ထားပေးပါတယ်။ သည်းခြေရည်မှာ ပါတဲ့bilirubin ဆိုတဲ့ ဒြပ်ပေါင်းရယ်၊ ကိုလက်စထရောတွေရယ် ကနေ ကျောက်တည်စေနိုင်ပါတယ်။ ဒီကျောက်တွေကသေးငယ်လွန်းလို့ နာကျင်မှုတွေ၊ ကုသမှု လိုတာတွေ သိပ်မရှိတတ်ပါဘူး။ နာကျင်လာပြီ ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်လာနိုင်ပါတယ်။

    (၅) ဆီးကျိတ်

    အမျိုးသားတွေမှာ သုက်ပိုးကို ကာကွယ်ပေးတဲ့ အရည်တွေ ထုတ်ပေးတဲ့ ဆီးအိမ်အနီးက ဂလင်းငယ်လေး ဖြစ်ပါတယ်။ ဘိန်းစေ့လောက်ပဲအရွယ်အစားရှိတဲ့ ဒီကျောက်တွေက သတ်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းမှာ ပိုအဖြစ်များပါတယ်။ ပုံမှန်အားဖြင့်တော့ လက္ခဏာမပြတတ်သလို ကုသမှုလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့မှာ ရောဂါပိုး ဝင်ရင်တော့ ဆီးကျိတ်ကို ရောင်ရမ်းစေနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ ပဋိဇီဝ ပိုးသတ်ဆေး ဒါမှမဟုတ် တခြားကုသမှုတွေ လိုအပ်လာနိုင်ပါတယ်။

    (၆) ခံတွင်း

    အကြောင်းရင်း အတိအကျ မသိရပေမယ့် ခံတွင်းမှာလည်း ကျောက်တည်နိုင်ပါတယ်။ နာကျင်စေနိုင်တယ်၊ ရောင်ရမ်းစေနိုင်တယ်။ အစာစားလိုက်တဲ့အခါ တံတွေးထုတ်ပေးတဲ့ ပြွန်တွေကို ပိတ်ဆို့စေနိုင်တယ်။ လျှာအောက်မှာ အဖြူရောင် ကျောက်တည်တာလည်း တွေ့ရနိုင်တယ်။ ပုံမှန်အားဖြင့်တော့ မပြင်းထန်တတ်ဘဲ ရေပိုသောက်ပေးရင်၊ အချဉ်ကို စုပ်ပြီး စားပေးရင် လျော့ပါး ပျောက်ကင်းစေနိုင်ပါတယ်။

    (၇) ပန်ကရိယ

    သည်းခြေအိတ်ကနေ ကျောက်တွေက ပန်ကရိယဆီ ရောက်လာပြီး ရောင်ရမ်းစေတဲ့အခါ ကိုယ်ပူမယ်၊သွေးခုန်နှုန်းမြန်မယ်၊ မအီမသာဖြစ်မယ်၊ ဗိုက်အောင့်မယ်၊ အစားစားပြီးရင်ပိုဆိုးမယ်။ကျောက်တည်တာနဲ့ပတ်သက်ရင် ဆရာဝန်ပြပြီး ကုသမှုခံယူဖို့လိုပါတယ်။

    (၈) ဗိုက်

    ဖြစ်ခဲတယ်ဆိုပေမယ့် အစာခြေစနစ်ထဲမှာလည်း ကျောက်တည်နိုင်ပါတယ်။diverticulitis သို့မဟုတ် inflammatory bowel disease တို့လို အူရောင်ရောဂါတွေကြောင့် ဖြစ်စေနိုင်ပါတယ်။

    ရောဂါကြောင့်၊ မျိုးဗီဇကြောင့် ဒါမှမဟုတ် ခွဲစိတ်ကုသမှု ခံယူဖူးတာကြောင့် အစာအိမ်နဲ့အူထဲမှာ အပြောင်းအလဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် ခွဲစိတ်ကုသမှု ခံယူရနိုင်ပါတယ်။

    ဒီလိုအကျိုးမပေးတဲ့ ကိုယ်တွင်းကျောက်တွေကလည်း သူ့ဟာသူဆို တန်ဖိုးမရှိပေမယ့်ဆေးကုသစရိတ်တန်ဖိုးတော့မနည်းဘူးနော့။ တန်ဖိုးကြီးကြီးပေးရတဲ့ ကုသမှုတွေလိုအပ်မှာဆိုတော့ ဒါတွေဖြစ်မလာစေဖို့ ကျန်းမာရေးနဲ့ညီအောင် အစားအသောက်၊အနေအထိုင်၊ လှုပ်ရှားမှုတွေကို ဂရုစိုက်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement