backup og meta

ပရိုတင်းဓာတ်နဲ့ ပါးစပ်ရာဇဝင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပရိုတင်းဓာတ်နဲ့ ပါးစပ်ရာဇဝင်များ

    ပရိုတင်း၊ ပရိုတင်းနဲ့ ပရိုတင်းဆိုတဲ့ စကားလုံးကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ ပရိုတင်း (Protein) ဆိုတဲ့ ဓာတ်က လူ့ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။

    ဒီဓာတ်က ကိုယ်တွင်းထဲက တစ်ရှူးဖွဲ့စည်းမှုကို အထောက်အကူဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ်လိုပဲ ခန္ဓာကိုယ်ထဲက စွမ်းအင်အရင်းအမြစ်တစ်မျိုးလည်း ဖြစ်ပါတယ်။ လူသားတွေရဲ့ အစာခြေစနစ်တွေ၊ အစာအိမ်တွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။ အဓိကအားဖြင့်တော့ လူအများစု သိမှတ်ထားတာက ပရိုတင်းဓာတ်ဟာ ကြွက်သားတွေကို အထောက်အကူဖြစ်စေတယ်ဆိုတာပါပဲ။

    ခန္ဓာကိုယ်ကြွက်သား တောင့်တင်းကြံ့ခိုင်ချင်သူတွေဟာ ပရိုတင်းဓာတ်စာတွေကို အလွန်အမင်းမှီဝဲနေကြပါတယ်။ ဒါတွေဟာ မှန်ကန်ရဲ့လား။ ပရိုတင်းဟာ အသုံးတည့်လှတဲ့ ဓာတ်တစ်မျိုးဖြစ်တာမို့ လူအများကြားမှာ စွဲလမ်းမှုတွေ ယုံကြည်မှုတွေလည်း အမျိုးမျိုးရှိကြပါတယ်။ အလွန်အကျွံသုံးစွဲတာတွေ၊ မှားယွင်းအသုံးချမှုတွေလည်း ရှိနေပြန်ပါတယ်။

    ဒီတော့ ပရိုတင်းဓာတ်နဲ့ ပတ်သက်ပြီး လူတွေက ဘာတွေ အတွေးအမြင် လွဲမှားမှုတွေ ရှိနေကြသလဲ၊ အမှန်တရားက ဘာတွေလဲ သိထားဖို့တော့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကို အလွန်အမင်း မှီဝဲမိတဲ့အခါမျိုးမှာ အစာခြေစနစ် ဖောက်လွဲဖောက်ပြန်တာ၊ ဓာတ်မတည့်မှုဖြစ်နိုင်တာ၊ သွေးတွင်း သကြားဓာတ်နဲ့ ကယ်လိုရီပမာဏအများအပြား မြင့်တက်တာနဲ့ lead ၊ arsenic ၊ cadmium နဲ့ mercury စတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ပေါင်းတွေ ခန္တာကိုယ်အတွင်း ပမာဏတိုးပွားလာနိုင်တာတွေဖြစ်နိုင်ပါတယ်။

    ပရိုတင်းဓာတ်နဲ့ သက်ဆိုင်တဲ့ ပါးစပ်ရာဇဝင်လေးတွေ၊ အယူအဆမှားလေးတွေကို သိနားလည်ထားမယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဖြည့်ဆည်းရာမှာ အထောက်အကူဖြစ်စေနိုင်မှာဖြစ်တာမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

    ပရိုတင်းနဲ့ သက်ဆိုင်သော အယူအဆမှားများ

    • ၁။ ပရိုတင်းကို အသားတွေကနေပဲ ရနိုင်တယ် – ဒီအချက်ဟာ မှားယွင်းနေပါတယ်။ ပရိုတင်းဓာတ်ကို အသားကတင်မက အသီးအရွက်တွေနဲ့ နို့၊ ပဲတို့တွေကနေလည်း ရနိုင်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေဟာ အသားတွေမှာလောက်တော့ ပရိုတင်းပမာဏ များများစားစားမပါဝင်ပါဘူး။ ဒါပေမယ့် အဆီ၊ ကယ်လိုရီနဲ့ ကိုလက်စထရောပါဝင်မှု နည်းပါးတာမို့ ကျန်းမာရေးကို ပိုအကျိုးပြုစေမှာဖြစ်ပါတယ်။
    • ၂။ မဖြစ်မနေ ပရိုတင်းစားဖို့လိုအပ်တယ် – တစ်ချို့တွေက ပရိုတင်းဓာတ်ကိုရဖို့ ပရိုတင်းဓာတ် အများအပြားပါတဲ့ အစားအစာတွေ ပရိုတင်းဖြည့်စွက်စာတွေ စားပေးမှဖြစ်မယ်လို့ ယူဆကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ပရိုတင်းဓာတ်ဖြစ်စေတဲ့ အမိုင်နိုအက်ဆစ်ပါဝင်တဲ့ ဆန်၊ ပဲနဲ့ အသီးအသီးရွက်တွေလို ဘယ်အစားအစာမဆို စားပေးရင်လည်း ပရိုတင်းဓာတ် ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာစေမှာပါ။
    • ၃။ ပရိုတင်းက ဝိတ်ကျစေတယ် – ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာတွေ၊ ဖြည့်စွက်စာတွေထဲမှာ ပရိုတင်းဓာတ်က အဓိက အမယ်တစ်မျိုးအဖြစ် ပါဝင်နေတတ်ပါတယ်။ တစ်ချို့တွေက ပရိုတင်းက ဝိတ်ကျအောင် အထောက်အကူဖြစ်စေတယ်လို့ ယုံကြည်နေတတ်ကြပါတယ်။ တကယ်တော့ ပရိုတင်းဓာတ်ဟာ ဝိတ်ကျစေတာမဟုတ်ပဲ ဗိုက်ဝနေတယ်လို့ ခံစားရစေတာသာဖြစ်ပါတယ်။
    • ၄။ ပရိုတင်း ရှောင်ရင် ဝိတ်ကျမှာလား – အပေါ်က အချက်နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ တစ်ချို့လူတွေက ပရိုတင်းဓာတ်ကို လုံးဝမမှီဝဲရင် ကိုယ်အလေးချိန်ကျဆင်းမယ်လို့ ယူဆကြပြန်ပါတယ်။ ပရိုတင်းဟာ ကြွက်သားတွေကို ဖွံ့ဖြိုးစေတာမို့ ဒါကိုမစားရင် ခန္ဓာကိုယ်အလေးချိန်လည်းကျမယ်လို့ ယူဆကြတာပါ။ ဒါပေမယ့် ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် ဓာတ်တစ်မျိုးဖြစ်တာမို့ သူ့ကို မမှီဝဲပြန်ရင်လည်း တခြားကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ကြုံရမှာဖြစ်ပါတယ်။
    • ၅။ ပရိုတင်းဟာ ကြွက်သား ကြီးထွားဖွံ့ဖြိုးဖို့ အဓိက အချက်လား – ပရိုတင်းဟာ ကြွက်သားတစ်မျိုးတည်းကို ဖွံ့ဖြိုးစေတာမဟုတ်ပါဘူး။ အရိုး၊ အရွတ်၊ ဆံပင်၊ ဟိုမုန်း၊ အင်ဇိုင်း၊ LDL နဲ့ HDL ကိုလက်စထရောတွေကိုပါ ဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။ ကြွက်သားတိုးစေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပရိုတင်းတွေ အလွန်အကျွံမှီဝဲတဲ့အခါ တစ်ခြားနေရာတွေမှာ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။
    • ၆။ ပရိုတင်းများများစားရင် ကျောက်ကပ်ရောဂါရနိုင်လား – ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေ များများစားရင် ကျောက်ကပ်ဝေဒနာခံစားရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိပါသေးတယ်။ တကယ်တမ်းကတော့ နဂိုမူလအခံ ကျောက်ကပ်နဲ့ အသည်းဝေဒနာ မိမိမှာမရှိရင် ပြဿနာမရှိပါဘူး။
    • ၇။ ပရိုတင်းဖြည့်စွက်စာ မဖြစ်မနေစားဖို့ လိုသလား – လူတိုင်းရဲ့ နေ့စဉ်စားသောက်မှုပုံစံက (လူတစ်ဦးနေ့စဉ်လိုအပ်တဲ့) ပရိုတင်းဓာတ်ပမာဏကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ချင်မှ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီတစ်ချက်ကြောင့်နဲ့တော့ လူတိုင်း ပရိုတင်းဖြည့်စွက်စာ စားရမယ်ဆိုတဲ့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။ စားသောက်မှုပုံစံကို ပြင်ဆင်ရုံနဲ့တင် ပရိုတင်းဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။
    • ၈။ ပရိုတင်းဓာတ်ပါဝင်တဲ့ တစ်ချို့ အစားအစာတွေက လူ့ကျန်းမာရေးအတွက် မသင့်လျော်ဘူးလား – ဘယ်အစားအစာမဆိုပါ၊ ပါဝင်တဲ့ အာဟာရဓာတ်တွေ၊ လူကို အကျိုးပြုစေတဲ့ အကျိုးမပြုစေတဲ့ ဓာတ်တွေ ပါဝင်မှုက တူညီမှုမရှိပါဘူး။ အဆီ၊ ဗီတာမင်၊ သက်စောင့်ဓာတ်၊ အာဟာရဓာတ်၊ သတ္တုဓာတ်စတာတွေ အမျိုးမျိုး အထွေထွေ ပါဝင်နေတတ်ပါတယ်။ အဓိကက စားသုံးသူရဲ့ ရွေးချယ်မှုနဲ့ နှစ်သက်မှု၊ စပ်ဟပ်ဖန်တီးနိုင်မှုတွေပေါ်မှာသာ မူတည်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်ခြင်း မပါဝင်ခြင်း၊ အာဟာရဓာတ်နည်းခြင်း၊ များခြင်းတွေဟာ ဟင်းအမယ်တစ်ခုအဖြစ် စုပေါင်း စပ်ပေါင်းဖန်တီးလိုက်တဲ့အခါမှာ အားလုံး ညီညွတ်မျှတသွားနိုင်သလို ပျက်စီးသွားတာလည်ဖြစ်နိုင်တာမို့ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement