brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက်နေရင် ဘာမှကို အာရုံစိုက် မရဘူးဆိုပြီး စိတ်ညစ်နေပြီလား……… ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ အခုပြောပြမယ့် သောက်စရာလေးတွေကို သောက်ပြီး ခေါင်းကိုက်တာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ကြစို့လား………..

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက်နေရင် သက်သာစေဖို့ ဘာတွေ သောက်မလဲ………

ခေါင်းကိုက်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်နေတာကြောင့် စိတ်လက်ပင်ပန်းတာမျိုး မဖြစ်စေဖို့

ရေသောက်ပါ။

ခေါင်းကိုက်ခြင်း အများစုက ရေဓာတ် လျော့နည်းတာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာရင် အရင်ဆုံး ရေ တစ်ခွက် သောက်ပါ။ ရေသောက်တာက ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။

ရေသောက်တယ်ဆိုတဲ့နေရာမှာ ရိုးရိုးရေနဲ့ ရေနွေးနွေးလေးကိုပဲ သောက်ပေးပါ။ ရေခဲရေက အခန့်မသင့်ရင် ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။

အယ်လ်မွန်နို့။

အယ်လ်မွန်နို့မှာ မဂ္ဂနီဆီယမ် နဲ့ ခေါင်းကိုက်တာကို သက်သာစေမယ့် အခြားသော သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အယ်လ်မွန်နို့ တစ်ခွက် သောက်တာက အကိုက်အခဲပျောက်ဆေး သောက်သလိုပဲ ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။

အယ်လ်မွန်နို့က သဘာဝ အကိုက်အခဲပျောက်ဆေးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ခေါင်းကိုက်လာရင် အယ်လ်မွန်နို့ သောက်ပေးလို့ ရပါတယ်။

ငါးကြီးဆီ။

ငါးကြီးဆီမှာ ဦးနှောက်ထဲက သွေးကြောတွေရဲ့ ဖိအားကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတဲ့  omega-3 fatty acids ပါဝင်နေပါတယ်။ ဦးနှောက်ဆီ သွေး နဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။

လီမွန်တီး။

မနက်ခင်းတိုင်း ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားဖို့ဆိုပြီး သောက်လေ့ရှိတဲ့ လီမွန်တီးက ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာရင် သံပုရာသီးကို အရွယ်တော် အကွင်းလိုက် လှီးပြီး ရေနွေးပူပူထဲ ၁၅ မိနစ် စိမ်လို့ သောက်လိုက်ပါ။

ချင်း(ဂျင်း) လက်ဖက်ရည်

ချင်း (ဂျင်း) က သွေးကြောတွေကို ပြေလျော့စေပြီး ဦးနှောက်ဆီ သွေးစီးဆင်းမှု ကောင်းစေသလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ရေနွေး ဆူဆူထဲကို ချင်း (ဂျင်း) လက်တစ်ဆစ်လောက်ကို ထည့်စိမ်ပြီး ၁၅ မိနစ်လောက် ထားလို့ သောက်လိုက်ပါ။

ခရမ်းချဉ်သီး ဖျော်ရည်

ခရမ်းချဉ်သီးမှာ ခေါင်းကိုက်တာကို သက်သာစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ခေါင်းကိုက်တဲ့အခါ ခရမ်းချဉ်သီး ဖျော်ရည် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါ။

အသောက်များလို့ ခေါင်းကိုက်တာကို သက်သာစေဖို့လည်း ခရမ်းချဉ်သီး ဖျော်ရည် သောက်ပေးလို့ ရပါတယ်။

ဒီသောက်စရာတွေက ခေါင်းကိုက်တာကို အထိုက်အလျောက်သက်သာစေမှာပါ။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသဖို့ လိုပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/08/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။