backup og meta

အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ

    အခုနောက်ပိုင်းမှာ အဝစားဘူဖေးစနစ်တွေ များလာတော့ သွားကြစားကြနဲ့ အသားကင်နဲ့ဟော့ပေါ့ဘူဖေးတွေခေတ်စားလာပါတယ်။ ဟိုနေရာလေးကောင်းတယ်တဲ့။ ဒီဆိုင်လေးက တန်တယ်တဲ့ဆိုပြီး တစ်ဆိုင်က တစ်ဆိုင်ပြောင်းစားကြရင်း ပုံမှန်ဖောက်သည်တွေတောင်ဖြစ်လာတဲ့အထိပဲ။ အကင်တွေစားတာများလွန်းရင် လည်း မကောင်းပါဘူးနော်။

    အရင်ကညနေပိုင်းဆို လူစည်လှတဲ့ ဘီယာဆိုင်နဲ့ဘားတွေမှာပဲ အမြည်းဟင်းလျာတွေအဖြစ် အကင်မျိုးစုံရရှိနိုင်တာဖြစ်ပေမယ့် အခုတော့ အကင်ဆိုင်တွေများလာပြီး ငါးကင်၊အသားကင်စားတဲ့အလေ့အထက ကျယ်ပြန့်လာပါတယ်။ အခုခေတ်စားနေတဲ့ အဝစား အကင်ဘူဖေးကိုတော့ အကြိုက်ပေါ့။ အကင်နဲ့ဟော့ပေါ့အလေ့အထက ဘယ်လောက်ကျယ်ပြန့်လာသလဲဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တိုင်လုပ်စားရလွယ်စေမယ့် အကင်အိုးတွေ၊ဟော့ပေါ့အိုးတွေဈေးကွက်မှာရောက်ရှိလာတဲ့အထိပါပဲ။

    အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်မလဲ

    အကင်ဆိုတော့ ဆီလည်းမများဘူးပေါ့ဆိုပြီး အကင်ဆိုင်ချည်းပဲခြေဦးလှည့်နေသူတွေ၊ ဘူဖေးဆိုင်ကို လူစုပြီးချီတက်ကြသူတွေ၊ ငါးကင်အသားကင်ဆိုင်မှာ မိတ်ဆုံစားပွဲလုပ်ကြသူတွေအနေနဲ့ အကင်က ကျန်းမာရေးအတွက်ဘေးကင်းရဲ့လားဆိုတာ သတိမလွတ်သင့်ပါဘူး။ အသားကင်တွေက အရသာရှိတာမှန်ပေမယ့် ရံဖန်ရံခါ၊ တစ်ခါတလေလောက်ကပြဿနာမရှိပါဘူး။ ဒါပေမယ့် မကြာခဏစားတာများလွန်းရင်ဘေးဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ –

    Advanced glycation end products (AGE)

    အပူပြင်းပြင်းနဲ့ကင်တဲ့အခါ အသားထဲမှာပရိုတင်းနဲ့အဆီဓါတ်တွေ ဓါတ်ပြုပြီးadvanced glycation end products (AGE)လို့ခေါ်တဲ့ အဆိပ်အတောက်ဓါတ်တွေထွက်ရှိလာစေပါတယ်။ ဒီဓါတ်တွေက ခန္ဓါကိုယ်အတွင်း ရောင်ရမ်းမှု၊ဓါတ်တိုးဆန့်ကျင်မညီမျှမှုနဲ့ဆက်နွှယ်နေတတ်ပြီး ဆီးချိုရောဂါနဲ့နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေပါတယ်။

    Heterocyclic amines (HCAs)

    Heterocyclic amines (HCAs) ဆိုတာကတော့ငါးနဲ့အသားတွေကို အကင်ဖိုပေါ်တင်လိုက်တဲ့အခါ အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အထက်မှာ ထွက်ရှိလာတဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်တွေဖြစ်ပါတယ်။HCAsတွေက ဆီးကျိတ်ကင်ဆာ၊ပန်ကရိယကင်ဆာ၊နဲ့အူကင်ဆာတွေဖြစ်လာစေနိုင်တယ်လို့ သုတေသနတွေကပြောကြပါတယ်။

    Polycyclic Aromatic Hydrocarbons (PAHs)

    အကင်ဖိုထဲကို အသားရဲ့အဆီတွေကျသွားတဲ့အခါ ကာစီနိုဂျင်နောက်တစ်မျိုးဖြစ်တဲ့ Polycyclic Aromatic Hydrocarbons (PAHs)ဖြစ်လာပါတယ်။PAHsတွေက မီးခိုးငွေ့နဲ့အတူအကင်မှာကပ်ပါလာပြီး စားမိတဲ့အခါ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းပိုများစေပါတယ်။ ဒါ့ကြောင့် အကင်ကိုတူးနေတာတွေမစားသင့်တာပါ။ မီးဖိုနဲ့မဟုတ်ဘဲ အကင်အိုးနဲ့ကင်စားမယ်ဆိုလည်း သိပ်မတူးစေဖို့ဂရုစိုက်သင့်ပါတယ်။

    အငန်ဓါတ်ပိုစားမိခြင်း

    ငါးကင်၊ အသားကင် မှန်သမျှဟာ နယ်ရနှပ်ရတဲ့အထဲ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်ဓါတ်ပိုစားမိတာများရင်သွေးတိုးရောဂါ၊ရေဓါတ်ခန်းခြောက်ခြင်းနဲ့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာကျောက်ကပ် သို့မဟုတ် နှလုံးရောဂါရှိထားတယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။

    အကင်တွေစားတာများလွန်းရင် အစာအိမ်ပြဿနာ ရနိုင်တယ် 

    အကင်တွေဆိုတာသေချာချက်ပြုတ်ထားတာမဟုတ်တဲ့အတွက် E.coli နဲ့ Listeria monocytogenesတွေလို ဘက်တီးရီးယားတွေပါလာနိုင်ပြီး အစာအိမ်ကိုဒုက္ခပေးလာနိုင်ပါတယ်။E.coli ပိုးက ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အစာအိမ်နာကိုဖြစ်စေပြီးL. monocytogenes ကအစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

    ဒါတွေကြောင့်မို့ ကိုယ့်လူတွေနဲ့အိမ်မှာပဲ အကင်စားတော့မယ်ဆိုရင်ဒီအချက်လေးတချို့ကိုမမေ့ပါနဲ့။

    • အပူကိုအရမ်းမပြင်းပါစေနဲ့။
    • အကင်ဇကာ သို့မဟုတ် အကင်အိုးမျက်နှာပြင်ကို ဆီနည်းနည်းသုတ်ပေးပါ။ အသားတွေအစအနကပ်ကျန်ပြီးမတူးစေအောင်ပါ။
    • အကင်ဇကာ သို့မဟုတ် အကင်အိုးကိုသန့်ရှင်းအောင်ထားပါ။
    • ကပ်ကျန်နေတဲ့ တူးနေတဲ့အစအနတွေကို ဖယ်ရှားခွာချပစ်ပါ။
    • အကင်မှာ မည်းနေတဲ့၊ တူးနေတဲ့အပိုင်းကို ဖဲ့ထုတ်ပစ်ပါ။
    • အသားမှာပါနေတဲ့အဆီတွေကို လှီးထုတ်ပြီးမှ ကင်ပါ။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement