backup og meta

ကင်ဆာကုသမှုအတွက် ကျန်းမာသောအစားအသောက်ပုံစံကို စားပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာကုသမှုအတွက် ကျန်းမာသောအစားအသောက်ပုံစံကို စားပေးပါ။

    ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းနဲ့ အခြားကင်ဆာ ကုသမှုတွေဟာ သင့်ကိုယ်ခံအားစနစ်ကို လျော့ကျစေပြီး ပျို့အန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းဟာ ကင်ဆာ ကုသမှုတွေရဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သက်သာစေပါတယ်။

    ကင်ဆာ ကုသမှုဟာ ကိုယ်ခန္ဓါက အချို့အစားအစာတွေနဲ့ အာဟာရဓါတ်တွေ စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လူနာ စားတဲ့ အစားအစာတွေဟာ သူ့ကို ကျန်းမာစေရုံသာမက ကုသမှုတွေ အတွင်းမှာ သက်တောင့်သက်သာ ရှိစေဖို့ ကူညီပေးပါတယ်။

    ကျန်းမာတဲ့ အစားအသောက်တွေကို စားသောက်ပါ။

    ကောင်းမွန်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ ကင်ဆာရောဂါကုသမှု ခံယူစဉ်မှာ အရေးကြီးပါတယ်။ ဖျားနာမှုရော ကုသမှုရောကပါ လူနာရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လိုအပ်တဲ့အာဟာရတွေဟာ ကိုယ်ခံအားစနစ်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒါပေမယ့် လူနာတိုင်းဟာ ကယ်လိုရီနဲ့ ပရိုတင်းကို အပိုရရှိဖို့လိုအပ်ပြီး ဒါမှသာ အားပြည့်ပြီး ကုသချိန်မှာ ရောဂါကူးစက်ခံရမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ကင်ဆာကို တိုက်ဖျက်ဖို့ အာဟာရဓါတ်များစွာဖြစ်တဲ့ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ရေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ လိုအပ်ပါတယ်။

    • ပရိုတင်း – ကုသနေစဉ်မှာ လူနာဟာ တစ်ရှူးတွေကို ပြန်ကောင်းစေဖို့နဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းဖို့ ပရိုတင်း အပိုရဖို့ လိုအပ်ပါတယ်။ ပရိုတင်း အဓိက ရနိုင်တဲ့ နေရာတွေကတော့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ငါး၊ အခွံမာသီး၊ ပဲ အစရှိတာတွေပဲ ဖြစ်ပါတယ်။

    • ရေ – ရေဟာ စွမ်းအင်ကို မထုတ်လုပ်ပေးနိုင်ပေမယ့် လူနာတွေဟာ ကိုယ်ခန္ဓါ ညီမျှမှုကို ထိန်းသိမ်းဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်သင့်ပါတယ်။ လူနာတစ်ယောက် အန်ရင် (သို့) ဝမ်းလျှောရင် တစ်နေ့တာအတွက် လိုအပ်တဲ့ ရေပမာဏဟာလည်း လွန်စွာမြင့်တက်သွားပါတယ်။

    • ဗီတာမင်နဲ့ သတ္တုဓါတ် – လတ်ဆတ်တဲ့ အသီးတွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်ဟာ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းပေးပြီး ကင်ဆာကို တိုက်ဖျက်ဖို့ ကူညီပေးပါတယ်။

    ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ လုံလောက်တဲ့ အစာနဲ့ အသီးအရွက်တွေကို စားခြင်းအားဖြင့် ညီမျှတဲ့ စားသောက်ပုံ ကို ရနိုင်သော်လည်း ကင်ဆာရောဂါသည်တွေအတွက်တော့ အထူးသဖြင့် အချိန်အကြာကြီး ကုသမှုရဲ့ ဆိုးကျိုးတွေကို ခံစားနေရမယ်ဆိုရင် လုံလောက်တဲ့ အာဟာရဓါတ်ရရှိဖို့ ခဲယဉ်းပါတယ်။ အချို့ ကုသမှုတွေဟာ အစားအသောက် ပျက်စေပြီး လူနာဟာ အစာမစားချင်တာမျိုး ဖြစ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ လူနာ အစာစားချင်စိတ်မရှိရင် အာဟာရဓါတ်ပြည့်ဝအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။

    • စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း – ခရမ်းချဉ်သီး၊ အရောင်စုံတဲ့ အရွက်တွေ ဖြူးပေးခြင်းဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

    • တစ်နေ့တာရဲ့ အချိန်အတော်များများမှာ အစာ အနည်းငယ်စီကို မကြာခဏ စားသင့်ပါတယ်။

    • ကယ်လိုရီနဲ့ အာဟာရဓါတ်ပြည့်ဝတဲ့ အစာတွေဖြစ်တဲ့ ထောပတ်သီးနဲ့ ပဲတွေကို စားသင့်ပါတယ်။

    အချို့လူနာတွေကို ဆရာဝန်က နေ့စဉ် multivitamin နဲ့ ဖြည့်စွက်စာတွေ ညွှန်ကြားတတ်ပါတယ်။ ဒီအရာတွေ မသောက်ခင်မှာ အပတ်ပေါင်းများစွာ အစာမစားရင် ဗီတာမင်ချို့တဲ့မှုတွေ ဖြစ်နေပြီလားဆိုတာ အရင်စစ်သင့်ပါတယ်။ ဖြည့်စွက်စာတွေ မစားခင်မှာ လူနာတစ်ယောက်အတွက် သင့်လျော်တဲ့ပမာဏဟာ ဘယ်လောက်လဲဆိုတာ ကျွမ်းကျင်သူနဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများကြီး စားသောက်ခြင်းဟာ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်ကုသခြင်းတို့ရဲ့ အာနိသင်ကို နည်းပါးစေပါတယ်။

    ကျန်းမာစေတဲ့ အစာတွေဟာ ကုသမှုတွေရဲ့ ဆိုးကျိုးတွေကို သက်သာစေပါတယ်။

    အချို့အစားအသောက်တွေဟာ ကုသမှုတွေရဲ့ ဆိုးကျိုးတွေကို သက်သာစေပါတယ်။ ရေလုံလောက်စွာ သောက်ခြင်းနဲ့ အမျှင်ပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသီးအရွက်တွေ စားခြင်းဟာ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဝမ်းလျှောခြင်းကို ဆန်၊ ငှက်ပျောသီး စားခြင်းအားဖြင့် ထိန်းချုပ်နိုင်ပြီး ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ ရေများများသောက်သင့်ပါတယ်။ ပျို့တတ်တဲ့ လူနာတွေဟာ တစ်နေ့တာမှာ အစာနည်းနည်းကို မကြာခဏ စားသောက်သင့်ပြီး အဆီပါဝင်မှု များတဲ့ အစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။

    အချို့ကုသမှုတွေဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ ဒါကြောင့် အစာအဆိပ်သင့်ခြင်းကနေ ကာကွယ်ဖို့ အချို့အစားအစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ သေချာ ချက်ပြုတ်ခြင်းဟာ ဘက်တီးရီးယားတွေကို ဖျက်ဆီးပစ်တာမို့ အစိမ်းစားခြင်း (သို့) သေချာ မချက်ထားတဲ့ အစားတွေကို စားခြင်းဟာ ဘက်တီးရီးယားတွေပါဝင်ပြီး အစာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ သေချာစွာ ချက်ပြုတ်ထားတဲ့ အစားအသောက် အကြွင်းအကျန်တွေနဲ့ ရေခဲသေတ္တာထဲမှာ အကြာကြီးထားထားတဲ့ အစားအသောက်တွေမှာပါ ရှိနိုင်ပါတယ်။ ဒီလိုညစ်ညမ်းတဲ့ အစားအသောက်တွေဟာ လူနာတွေကို ဒုက္ခရောက်စေနိုင်ပါတယ်။

    အစားအသောက် ပြင်ဆင်ခြင်းနဲ့ သိမ်းဆည်းခြင်းဟာ အရေးကြီးပြီး food safety rules အတိုင်း လိုက်နာသင့်ပါတယ်။ လူနာတွေဟာ ကျက်အောင် မချက်ထားတဲ့ အစားအစာတွေ၊ မကျိုထားတဲ့ နွားနို့တွေနဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်တဲ့ ဒိန်ချဉ်၊ မဆေးကြောထားတဲ့ ဟင်းသီးဟင်းရွက်တွေကို မစားသင့်ပါဘူး။ အစားအသောက်တွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို ကြည့်ထားသင့်ပြီး မှိုတက်နေရင်လည်း လွှင့်ပစ်သင့်ပါတယ်။ လတ်ဆတ်တဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲမှာ အလွယ်တကူ အသုံးပြုနိုင်အောင် ထားသင့်ပြီး မချက်ပြုတ်ခင် ရေဆေးသင့်ပါတယ်။ အသီးတွေကို မစားရင်တောင်မှာ အပြင်ကနေ ဆေးကြောထားသင့်ပါတယ်။ (ဥပမာ – ဖရဲသီးအခွံ)

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement