အိမ်မှာနေရင်းပဲဖြစ်ဖြစ် သွားရင်းလာရင်းပဲဖြစ်ဖြစ် မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးတွေ၊ အပူလောင်တာ၊ ဓာတ်မတည့်တာမျိုးတွေ၊ ပိုးကောင်ကိုက်ခံရတာနဲ့ အခြားထိခိုက်ဒဏ်ရာဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာရတဲ့အခါ မြန်မြန်ဆန်ဆန် ကုစားနိုင်ဖို့အတွက် နေအိမ်မှာရော၊ ကားပေါ်မှာပါ အရေးပေါ်ဆေးသေတ္တာတွေ ဆောင်ထားသင့်ပါတယ်။ အဲလိုထားရှိခြင်းက ထိခိုက်ဒဏ်ရာရရှိခြင်းတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းလျှော့ချနိုင်ပါတယ်။ ဒီတော့ နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ကိုယ်တိုင်လုပ်ကြရအောင် လား …….
နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ တစ်ခု ထဲမှာ ဘာတွေထည့်ထားမလဲ
နေအိမ်နဲ့ကားမှာ ဆောင်ထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ ထဲမှာ ဒါလေးတွေ ထည့်ထားဖို့ လိုပါမယ်။
- တစ်ခါသုံးအပျော့စား ရော်ဘာလက်အိတ်
အနာတွေထဲကို ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေ မဝင်ရောက်စေအောင်ကာကွယ်ဖို့အတွက်ပါ။ အသုံးပြုပြီးတိုင်းမှာလည်း အသစ်လဲဖို့မမေ့ပါနဲ့။
- အရက်ပြန်
ပိုးသတ်သန့်စင်ဖို့ပါ။ ဒါမှမဟုတ်လည်း အနာထဲကပစ္စည်းတွေကို ဖယ်ရှားရာမှာ အသုံးပြုတဲ့ဇာဂနာတွေ၊ ကတ်ကြေးတွေကို ပိုးသတ်ဖို့အတွက်ပါ။
- အရက်ပြန်စွတ်ထားတဲ့ ဂွမ်း
ပိုးသတ်ဖို့ပါ။ ရိုးရိုးဂွမ်းကိုတော့ ဆေးလိမ်းဖို့၊ သွေးတိတ်အောင် လုပ်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ အသုံးပြုနိုင်ပါတယ်။
- ပတ်တီးအရွယ်အစားအမျိုးမျိုး
အနာကို ပြင်ပအရာဝတ္ထုတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ဖို့ပါ။ ပိုးမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒဏ်ရာအမျိုးမျိုးအတွက် အသုံးပြုနိုင်ဖို့ ပတ်တီးအရွယ်အစားမျိုးစုံ ထည့်ပေးထားသင့်ပါတယ်။
- ပလာစတာ
အသေးစားထိခိုက်ရှနာတွေကို ကပ်ဖို့ပါ။ ရေစိုခံပလာစတာနဲ့ ရိုးရိုးပလာစတာတွေထည့်ထားဖို့လိုအပ်ပါတယ်။ ပလာစတာတွေက ထိခိုက်ဒဏ်ရာတွေကို ပြင်ပက ပိုးမွှားတွေမဝင်လာစေဖို့နဲ့ အနာကျက်မြန်စေဖို့အတွက် အရမ်းအသုံးဝင်ပါတယ်။
- ပိုးသတ်ထားတဲ့ဆေးပါပြီးသား ပလာစတာ
ပွန်းပဲ့နာတွေ၊ကုတ်ခြစ်ဒဏ်ရာတွေနဲ့ အကြီးစားပြတ်ရှတွေမှာ အသုံးပြုနိုင်စေဖို့ပါ။ ဒီပလာစတာတွေက သွေးတိတ်အောင်လည်း လုပ်ပေးပါတယ်။
- အပူလောင်ဒဏ်ရာတွေကို လူးဖို့ ဂျယ်လ်တစ်မျိုးမျိုး
Silver nitrate ဒါမှမဟုတ် ရှားစောင်းလက်ပပ်ဂျယ်လ်လိုမျိုး အပူလောင်ဒဏ်ရာတွေကို လူးဖို့ ဂျယ်လ်တစ်မျိုးမျိုးထည့်ထားဖို့လည်း လိုပါတယ်။
- စက္ကူတိတ်
အနာကို ပတ်တီးစည်းပြီးတဲ့အခါ ကပ်ဖို့အတွက်ပါ။ အချို့အသေးစားဒဏ်ရာတွေမှာဆိုရင်လည်း အနာကိုဂွမ်းအုပ်ပြီး အပေါ်ကနေကပ်ထားပေးလို့ရပါတယ်။
- ကတ်ကြေး
ပတ်တီး၊ တိတ်နဲ့ ညှပ်ဖို့လိုအပ်တဲ့အရာတွေကို ညှပ်ဖို့အတွက်ပါ။
- ဇာဂနာ
အနာထဲက အစအနတွေ၊ အမှိုက်စတွေ၊ဖန်ကွဲစတွေနဲ့ပြင်ပအရာဝတ္ထုတွေကိုဖယ်ရှားဖို့ပါ။
- Hydrocortisone Cream
ပိုးကောင်တွေကိုက်တာကြောင့်ဖြစ်တဲ့ ယားယံတာနဲ့ ပျားတုပ်ခံရတာကြောင့် နာကျင်ယားယံတာတွေကို သက်သာစေဖို့အတွက်လူးပေး ဖို့ပါ။
- တွယ်ချိတ်
ဒူးတွေ၊ လက်ကောက်ဝတ်တွေနဲ့ အဆစ်တွေမှာထိခိုက်ဒဏ်ရာရတဲ့အခါ ပတ်တီးစည်းပြီးရင် ပတ်တီးပြေမသွားအောင်ချိတ်ထားနိုင်ဖို့အတွက်ပါ။
- အဖျားတိုင်းကိရိယာ
အဖျားရှိ၊ မရှိ သိရှိအောင်လုပ်ဆောင်နိုင်ဖို့အတွက်ပါ။
- ပဋိဇီဝလိမ်းဆေးတစ်မျိုးမျိုး
ထိခိုက်ရှနာဒဏ်ရာတွေကို ပိုးမဝင်အောင် လူးဖို့အတွက်ဖြစ်ပါတယ်။
- အဖျားကျဆေး
ပါရာစီတမောလိုမျိုး ဖျားနာမှုတွေအတွက်သောက်သုံးလို့ရမယ့်ဆေးမျိုးပါ။
- ချောင်းဆိုးပျောက်ဆေး
ချောင်းဆိုးတာကို သက်သာအောင်သောက်သုံးနိုင်ဖို့ပါ။ ချွဲပျော်ဆေးကိုလည်း ဆောင်ထားသင့်ပါတယ်။
- ဒဏ်ကြေလိမ်းဆေး
ညောင်းညာကိုက်ခဲတာ၊ အဆစ်အမြစ်နာကျင်တာတွေသက်သာစေဖို့အတွက် လူးပေးနိုင်ဖို့ဖြစ်ပါတယ်။ ပရုတ်ဆီ၊ ရာပန်းဆီနဲ့ ဆေးမြစ်စုံလိမ်းဆေးရည်တွေဆောင်ထားလို့လည်း ရပါတယ်။
- ပလပ်စတစ်အိတ်အလွတ်တွေ
သွားရင်းလာရင်းထိခိုက်မိတဲ့ ဒဏ်ရာတွေကို ဆေးကြောသန့်စင်ရာမှာ သုံးလိုက်တဲ့ဂွမ်းစတွေနဲ့ အခြားအရာဝတ္ထုတွေကို ထည့်ပြီး အမှိုက်ပုံးထဲပစ်ဖို့ပါ။
- တစ်ရှူးအစို
ရေမရှိတဲ့ အလွယ်တကူမရနိုင်တဲ့အခြေအနေမျိုးမှာ အနာကို သန့်စင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ အထူးသဖြင့် ကားပေါ်မှာ ဆောင်ထားသင့်ပါတယ်။
- လက်နှိပ်ဓာတ်မီးနဲ့ ဓာတ်ခဲအပို
ထိခိုက်ဒဏ်ရာကို ကြည့်ရှုနိုင်ဖို့ ဖြစ်ပါတယ်။
ဒီဖော်ပြထားတဲ့ ပစ္စည်းတွေအပြင် အခြားကိုယ်နဲ့ အသုံးတည့်မယ့်ပစ္စည်းလေးတွေကိုလည်း ဘူးခွံတစ်ခုထဲမှာ သပ်သပ်ရပ်ရပ်စုထည့်ထားပြီး အလွယ်တကူယူလို့ရမယ့်နေရာတစ်ခုမှာ ထားထားပေးရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်တစ်ဦးမှာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတဲ့အခါ အလွယ်တကူအသုံးပြုနိုင်စေဖို့ဖြစ်ပါတယ်။
ကားနောက်ခန်းမှာဆိုရင်တော့ ကားနောက်ခန်းထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် ထားလို့အဆင်ပြေမယ့်နေရာတစ်ခုခုမှာထည့်ထားပေးလို့ရပါတယ်။
နေအိမ်မှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် အရေးပေါ်ဆေးသေတ္တာလေးတွေဆောင်ထားတာက ထိခိုက်ဒဏ်ရာရတဲ့အခါ မြန်မြန်ဆန်ဆန်ကုစားနိုင်ပြီး အနာကိုပိုးမဝင်အောင်ကာကွယ်နိုင်တဲ့အပြင် မလိုလားအပ်တဲ့ နောက်ဆက်တွေဝေဒနာတွေမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်မှာပါ။ အမှန်တကယ်လိုအပ်တဲ့ဆေးသေတ္တာလေးတွေကို နေအိမ်မှာရော ကားပေါ်မှာ မိသားစုများဆောင်ထားသင့်ပါကြောင်း။
[embed-health-tool-bmi]