backup og meta

မျက်နှာလှလှလေးပေါ် လုံးဝမတင်သင့်သည့် အရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာလှလှလေးပေါ် လုံးဝမတင်သင့်သည့် အရာများ

    မျက်နှာဆိုတာ လူတစ်ယောက်ရဲ့ ထင်သာမြင်သာ အရှိဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လှပတဲ့ မျက်နှာပြင်လေးဟာ တစ်ဖက်လူရဲ့ နှစ်လိုမှု ခင်မင်မှုကို ရရှိအောင် ဆွဲဆောင်နိုင်တယ်မဟုတ်လား။

    ချစ်စရာမျက်နှာလေးနဲ့ နူးညံ့ဝင်းမွတ်တဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားသူတွေဆိုရင် လူအများကြားမှာ အလွန် မျက်နှာပန်းပွင့်သူတွေပါ။ သူတို့ရဲ့ မျက်နှာလှလှလေးကို တခြားသူတွေက တခုတ်တရချီးမွမ်းကြရင် ချီးမွမ်းကြဦးမှာလေ။

    မျက်နှာဆိုတာ လူတစ်ယောက်အတွက် အရေးအပါအဆုံးအစိတ်အပိုင်းတစ်မျိုးပါပဲ။ ကမ္ဘာပေါ်က အမျိုးသမီးအများစုက ဒီမျက်နှာလေး လှပနေဖို့ နေ့စဉ်နဲ့အမျှ ခြယ်သပြင်ဆင်နေတတ်ကြပါတယ်။ ဒီမျက်နှာလေးသာ တစ်ခုခုချို့ယွင်းသွားခဲ့မယ်ဆိုရင် သူတို့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်လိုက်ကြမလဲနော်။

    ဒါကြောင့် ခုဆောင်းပါးမှာတော့ ကိုယ့်ရဲ့ မျက်နှာလှလှလေးနဲ့ ခပ်ဝေးဝေးမှာ ရှိနေစေသင့်တဲ့အရာတွေအကြောင်းကို ပြောပြပေးသွားမှာပါ။ ခုဖော်ပြပေးမယ့်အရာတွေဟာ မျက်နှာလှလှလေးတွေကို ထိခိုက်မှုတွေ ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့အရာတွေဖြစ်ပါတယ်။

    မျက်နှာလှလှလေးပေါ် လုံးဝမတင်သင့်သည့် အရာများ

    မျက်နှာလှလှလေးပေါ် လုံးဝမတင်သင့်သည့် အရာများ က ဘာတွေ ဖြစ်မလဲ။

    Hydrogen Peroxide

    ဓာတုဗေဒဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ Hydrogen Peroxide ဟာ ဆပ်ပြာမှုန့်၊ ဆပ်ပြာ၊ သန့်စင်ဆေးရည်တွေ၊ အရက်လိုအရာတွေမှာ ပါဝင်နေပါတယ်။ Hydrogen Peroxide ဟာ မျက်နှာပြင်ပေါ်က ဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး အထိအရှမခံတဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားသူတွေအတွက် ပိုအန္တရာယ်များပါတယ်။

    မိခင်နို့ရည်

    မိခင်နို့ဟာ ရင်သွေးလေးတွေအတွက် အထူးအရေးပါတဲ့ အာဟာရ တစ်မျိုးပါ။ ဒါပေမယ့် နူးညံ့တဲ့ မျက်နှာပြင် အရေပြားအတွက်တော့ ဒီလိုမဟုတ်ပါဘူး။ နို့နဲ့ မျက်နှာပြင်ကို မကြာခဏ ထိတွေ့မိနေမယ်ဆိုရင် ဝက်ခြံထွက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

    Hydrocortisone Cream

    Hydrocortisone Cream ဟာ ယားနာတွေကို သက်သာစေဖို့ လိမ်းကျံပေးရတဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Steroid ဆေးဟာ အရေပြားပါးအောင် တွန်းအားပေးပါတယ်။ နုနယ်တဲ့ မျက်နှာပြင်အရေပြားအတွက် အဆင်မပြေလှသလို Steroid Acne (စတီရွိုက်ကြောင့်ဖြစ်တဲ့ ဝက်ခြံ) တွေထွက်လာစေနိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။

    ချိုင်းချွေးနံ့ပျောက်ဆေး

    ချိုင်းချွေးနံ့ပျောက်ဆေးတွေဟာ အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ အရေးပါလှတဲ့ အလှကုန်ဆိုလည်းဟုတ်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ထုတ်ကုန်ဆိုလည်းဟုတ်တဲ့ အရာတွေပါ။ ဒါပေမယ့် ဒီဆေးရည်တွေဟာ မျက်နှာနဲ့ ထိတွေ့လို့မကောင်းတဲ့အရာတွေဖြစ်ပါတယ်။ sensitive skin ရှိသူတွေဟာ Deodorant တွေကြောင့် ချွေးပေါက်ကျယ်တာမျိုး၊ ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။

    ဆံပင်ဆိုးဆေး

    ဆံပင်ဆိုးဆေးတွေဟာ ဦးရေပြားကို ထိခိုက်ပျက်စီးစေတာကို လူတိုင်းနီးပါး သိကြပါတယ်။ ဒါတင်မကပါဘူး၊ ဒီအရာတွေဟာ မျက်နှာပြင်နဲ့ ထိတွေ့မိရင် မျက်နှာအရေပြားကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    ကျင်ငယ်ရေ

    ဘယ်သူမှတော့ ကျင်ငယ်ရေ (ဆီး) ကို မျက်နှာပြင်ပေါ် လိမ်းကျံမယ်မထင်ပါဘူး။ ဒါပေမယ့် သိထားသင့်တာကတော့ ကျင်ငယ်ရေဟာ ယူရီးယား (Urea) ကွန်ပေါင်းဓာတ်တွေပါဝင်နေတဲ့ ရေဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ယူရီးယားဓာတ်ပေါင်းတွေဟာ မျက်နှာသန့်စင်မှုကို အထောက်အကူဖြစ်စေပေမယ့် လူ့ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ကျင်ငယ်ရေကတော့ ဒီလိုအကျိုးကျေးဇူးမျိုးမပေးနိုင်ပါဘူး။

    ဆံပင်ပုံသွင်းဖြန်းဆေး

    Hair Spray တွေဟာ ဆံသားကို လိုသလို ပုံသွင်းနိုင်စေဖို့ ဓာတုဗေဒပစ္စည်း တချို့ ထည့်သွင်း ဖန်တီးထားတာမို့ မျက်နှာပြင် အရေပြားပေါ်မှာ ဓာတ်တည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။

    သံပုရာရည်

    သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင် C ဟာ အသားအရေကို တောက်ပစေနိုင်ပြီး နူးညံ့မှုကိုလည်း ပေးစွမ်းပါတယ်။ ဒါပေမယ့် အရေပြားစပ်တာနဲ့ သက်သောင့်သက်သာ မရှိတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တာကို သတိထားသင့်ပါတယ်။

    အုန်းဆီ

    အုန်းဆီဟာ အသားအရေကို အကျိုးပြုတဲ့ အရာတစ်ခု ဖြစ်တာ မှန်ပါတယ်။ အရေပြား ညီညာစေပြီး အသားအရေကို လှပစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာက အုန်းဆီကို လိုတာထက် ပိုမိုအသုံးပြုမိမယ်ဆိုရင် အရေပြားခြောက်တာနဲ့ eczema ယားနာစွဲကပ်တာမျိုးတွေ ဖြစ်နိုင်တာပါပဲ။

    ရေပူ

    အလွန်ပူလောင်နေတဲ့ ရေကိုတော့ ဘယ်သူမှ မျက်နှာပေါ် တင်ကြမယ် မထင်ပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ ရေပူ၊ ရေနွေးနဲ့တော့ ရေချိုးတတ်ကြတယ်မဟုတ်လား။ အပူချိန် မြင့်မားတဲ့ရေဟာ မျက်နှာအရေပြားရဲ့ စိုပြေမှုကို ဖျက်လိုဖျက်ဆီး လုပ်နိုင်တာကို သတိထားဖို့ လိုအပ်ပြီး အကျိုးဆက်အနေနဲ့ ဂလင်းတွေပျက်ဆီးကာ ဝက်ခြံအများအပြား ထွက်လာတာမျိုး ဖြစ်စေပါလိမ့်မယ်။

    ကိုယ်လိမ်းအလှဆီ

    Body Lotion တွေဟာ အရေပြား စိုပြေစေဖို့ အသားအရေ လှပချောမွတ်စေဖို့ အသုံးပြုရတဲ့ အလှကုန်ပါ။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ မျက်နှာပေါ်မှာ အသုံးပြုဖို့ ထုတ်လုပ်ထားတာ မဟုတ်ဘူးဆိုတာကို သတိထားဖို့ လိုအပ်ပါတယ်။ မျက်နှာပေါ်မှာပါ အသုံးပြုမိမယ်ဆိုရင် ချွေးပေါက်ကျယ်တာတွေ၊ ဓာတ်မတည့်တာတွေ၊ အသားအရေ ပျက်စီးလွယ်တာတွေ ဖြစ်လာစေနိုင်ပါတယ်။

    ကော်

    ကော်ဟာ ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှု တစ်ခုရှိပါတယ်။ ဆားဝက်ခြံရှိတဲ့ နေရာတွေကို ကော်ပါးပါး သုတ်လိမ်းပြီး ပြန်ခွာရင် ဒီဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တယ်ပေါ့။ ဒါပေမယ့် ဆိုးကျိုးကတော့ ဒီလိုလုပ်တာဟာ ချွေးပေါက်တွေကို လုံးဝသန့်စင်သွားအောင် မလုပ်ပေးနိုင်ပါဘူး။ အဲ့လိုပြုလုပ်လိုက်တာကြောင့် ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေဟာ မျက်နှာအရေပြား ပျက်စီးအောင်၊ သွေးကြောတွေ ပိတ်ဆို့အောင် လုပ်တာမို့ အန္တရာယ် အလွန်များလှပါတယ်။

    လက်သည်းဖျက်ဆေး

    အနောက်နိုင်ငံ တချို့မှာဆိုရင် ဟောလိုးဝင်းကာလတွေမှာ လူငယ်တွေဟာ မျက်နှာတွေကို ဆေးချယ်ကြလေ့ရှိပြီး ကြုံရာပစ္စည်းတွေကို အသုံးပြုတတ်ကြပါတယ်။ ဒီလိုပြုလုပ်ပြီးတဲ့နောက်မှာ အဲ့ဒီဆေးပေါင်းစုံကို ပြန်ဖျက်ဖို့ လက်သည်းဖျက်ဆေးကို အသုံးချကြတဲ့ အလေ့အကျင့် ရှိကြပါတယ်။ ဒါပေမယ့် လက်သည်းဖျက်ဆေးတွေဟာ လက်သည်းအတွက်ပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့မှာပါရှိတဲ့ Acetate နဲ့ Formaldehyde တွေဟာ မျက်နှာပြင်အရေပြားကို မအီမသာဖြစ်စေနိုင်ပြီး ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement