backup og meta

စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ


Ye Zon Aung မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ

    စမတ်ဖုန်း လှလှလေးတွေဟာ ဆွဲဆောင်မှုရှိလှပြီးတော့ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ် ကုန်ပစ္စည်းတစ်ခုဖြစ်သလို တန်ဖိုးရှိတဲ့ အဆင်တန်ဆာတစ်ခုလို့လည်းဆိုလို့ရပါတယ်။ လူတိုင်းဟာ စမတ်ဖုန်း လှလှလေးတွေကို ကိုင်ဆောင် အသုံးပြုနေကြပေမယ့် ဒီဖုန်းတွေကနေပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ သတိမူမိကြတာနည်းပါတယ်။ စမတ်ဖုန်းက လူ့အရေပြားကို ဘယ်လို ဒုက္ခပေးသလဲ သိကြလား။

    တကယ်တမ်းအားဖြင့် စမတ်ဖုန်းတွေဟာ လေထုထဲက ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညှိနိုင်ချေက အလွန်မြင့်မားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ စမတ်ဖုန်း တစ်လုံးဟာ ပျမ်းမျှ တစ်လက်မ ပတ်လည်ကို ဘက်တီးရီးယား ၂၅၀၀၀ လောက်ကပ်ညိနေနိုင်ပါတယ်။ မီးဖိုချောင်၊ အိမ်သာ၊ တိရစ္ဆာန်တွေနဲ့ ဆက်စပ်နေရင် ဒီထက်ပိုများနိုင်ပါသေးတယ်။ ဒီပမာဏဟာ အိမ်သာကမုတ်ခွက်ထက် ပိုညစ်ပတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

    စမတ်ဖုန်းတွေဟာ အလှအပကို ချစ်မြတ်နိုးသူတွေအတွက် အန္တရာယ်တွေကို ဖိတ်ခေါ်နေတဲ့ အရာတစ်ခုလို့ဆိုလို့ရပါတယ်။ ဒါကြောင့် အရေပြားအလှအပကို မြတ်နိုးသူတွေအနေနဲ့ စမတ်ဖုန်းလှလှလေးတွေကြောင့် ဖြစ်လာနိုင်တဲ့ အရေပြားဆိုင်ရာ ပြဿနာလေးတွေကို သိထားနိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်။

    စမတ်ဖုန်းက လူ့အရေပြားကို ပေးသော ဒုက္ခများ

    ၁။ အရေပြားရောင်ရမ်းခြင်း

    ဖုန်းကို အချိန်ကြာမြင့်စွာအသုံးပြုတာဟာ အရေပြားကို ရောင်ရမ်းစေနိုင်ပါတယ်။ အထူးသဖြင့် စမတ်ဖုန်းကို အချိန်အတော်ကြာဆုပ်ကိုင်ထားလေ့ရှိတဲ့ လက်တွေဟာ ဖူးယောင်တာ၊ ယားယံတာ၊ နီမြန်းလာတာမျိုးတွေဖြစ်နိုင်ပါတယ်။ စမတ်ဖုန်းတွေဟာ မျက်နှာပြင်အရေပြားကိုလည်းထိခိုက်နိုင်ပြီးတော့ ပါးရိုး၊ နားရွက်၊ မေးရိုးနဲ့ လက်တွေမှာလည်းရောင်ရမ်းမှုဖြစ်နိုင်ပါတယ်။

    ၂။ စောစီးစွာ အရေးကြောင်းထခြင်း

    စမတ်ဖုန်း တွေကနေတစ်ဆင့် စာဖတ်ကြတဲ့အခါမှာ စာလုံးအရွယ်အစားသေးကွေးတဲ့ စာကြောင်းလေးတွေကို အာရုံစူးစိုက်ဖတ်ရလေ့ရှိတာမို့ မျက်လုံးပတ်လည်မှာ ပုံမှန်ထက် ပိုမိုစောလျှင်ပြီး အရေးကြောင်းတွေ ပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေကနေထွက်တဲ့ UV အလင်းဟာ အိုမင်းရင့်ရော်မှုကို အားပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အဆိုပါ UV အလင်းရောင်ဟာ အရေပြားရဲ့ အတွင်းပိုင်းက ကြွက်သားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ၃။ အမည်းစက်များပေါ်ခြင်း

    စမတ်ဖုန်းတွေကြောင့် အမည်းစက်တွေ နေလောင်ကွက်တွေပေါ်လာတာမျိုးက နေရောင်အောက်မှာ ကြာကြာနေတဲ့အခါမျိုးမှာ မျက်နှာမှာဖြစ်တတ်တာမျိုးတွေနဲ့ သဘောသဘာဝခြင်းဆင်တူပါတယ်။ ဖုန်းအသုံးများတာကြောင့် မျက်နှာမှာ အမည်းစက်တွေ ပေါ်လာဖို့ သိသိသာသာတွန်းအားပေးပါတယ်။

    အထူးသဖြင့် Bluetooth လို လှိုင်းအလျားတိုတဲ့ UHF ရေဒီယိုလှိုင်းတွေ ထုတ်လွှင့်ချိန်တွေမှာ ပိုမိုထိခိုက်နိုင်ပါတယ်။ နောက်ပြီး ညပိုင်းအချိန်တွေ မှောင်နေတဲ့အခန်းထဲမှာ စမတ်ဖုန်းသုံးတာက နေပူထဲထွက်ပြီး လမ်းလျှောက်တာနဲ့ အတူတူပါပဲ။ ကိုယ့်ရဲ့ မျက်နှာပြင်အရေပြားကို တစ်ပုံစံတည်း ထိခိုက်စေနိုင်ပါတယ်။

    ၄။ ဝက်ခြံထွက်ခြင်း

    နားထင်၊ နားသယ်စပ်ကနေ မေးရိုးအထိ နေရာတစ်လျှောက်ကို Phone Zone လို့ ခေါ်ပါတယ်။ ဒီနေရာတွေဟာ မျက်နှာပြင်ကနေ အဆီအများဆုံးထွက်တဲ့နေရာတွေဖြစ်သလို ဖုန်းမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေ အများဆုံး တွယ်ညှိနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။

    ဒါကြောင့် မိုဘိုင်းဖုန်း အလွန်အကျွံ အသုံးပြုတဲ့အခါမျိုးတွေမှာ အဲဒီနေရာတွေမှာ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒီနေရာတွေတင်မကပါဘူး မျက်နှာရဲ့ တခြားအစိတ်အပိုင်းတွေ၊ လက်နဲ့ နှုတ်ခမ်းပတ်ချာလည်နေရာတွေမှာလည်း ဝက်ခြံထွက်နိုင်ချေများပါသေးတယ်။

    ၅။ အသားအရောင်ကို ဖျော့တော့စေခြင်း

    မိုဘိုင်းလ်ဖုန်း တွေကို အချိန်ကာလရှည်ကြာစွာ ဆက်တိုက်အသုံးပြုတဲ့အခါမျိုးမှာ ဖုန်းရဲ့ အပူချိန်ဟာ မြင့်တက်လာတတ်ပြီး လူ့အရေပြားရဲ့ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်လေ့ရှိပါတယ်။ အထူးသဖြင့် လူ့အရေပြားရဲ့ မယ်လနင်ဓာတ် ထုတ်လုပ်မှုကို ထိခိုက်စေပြီးတော့ အမည်းစက်တွေ၊ အသားအရောင်မညီညာမှုတွေကို ဖြစ်ပေါ်စေပါတယ်။

    ကဲ စမတ်ဖုန်းက လူ့အရေပြားကို ထိခိုက်စေနိုင်တယ်ဆိုတာကို သိပြီဆိုရင် စမတ်ဖုန်းတွေကို မကြာခဏ သန့်ရှင်းပေးဖို့နဲ့ သုံးစွဲချိန်ကို လျှော့ချနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပါရစေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement