backup og meta

နဖူးပေါ်မှာ အရေးအကြောင်းတွေမထွက်အောင် ကာကွယ်ကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နဖူးပေါ်မှာ အရေးအကြောင်းတွေမထွက်အောင် ကာကွယ်ကြမယ်

    လူသားတိုင်း ဇရာကို လွန်ဆန်လို့ မရတာတော့ သဘာဝပါပဲ။ အသက်ကြီးလာတာနဲ့အမျှ နဖူး၊ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်လာမယ်။ ခြေထောက်ကြွက်သား၊ လက်မောင်းသားတွေ လျော့တွဲလာမယ်။ ဒါဟာ ဖြစ်နေကျဖြစ်စဉ်မို့ ရှောင်လွယ်လို့ မရတာမှန်ပေမယ့် ဘယ်သူမှတော့ အသက်ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ထင်ပြီး အိုမင်းရင့်ရော်ေနသလို ပုံစံကြီးဖြစ်နေဖို့ လိုလားမှာ မဟုတ်ပါဘူး။

    အသက်အရွယ်ကြောင့် မဟုတ်ပဲ ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ပေါ်လာတာဟာ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ စိတ်ကျန်းမာရေးအခြေအနေ၊ နေရောင်နဲ့ မကြာခဏ ထိတွေ့မှု၊ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှု အများကြီးရှိပါတယ်။ ဒါကြောင့် ဒီလို နဖူးပေါ်က အရေးအကြောင်းလေးတွေ ပြေလျော့သွားစေဖို့နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးမယ့် နေထိုင်မှုပုံစံလေးတွေကို ဝေမျှပေးချင်ပါတယ်။

    ၁။ နေရောင်ထဲ မထွက်ခင် မျက်နှာကို တစ်ခုခုလိမ်းထားပါ။

    ခရမ်းလွန်ရောင်ခြည်မှာ ပါတဲ့ UVA နဲ့ UVB ကြောင့် အသားအရောင် မဲခြောက်ပျက်စီးစေတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် မျက်နှာ၊ လည်ပင်းကို နေရောင်ကာခရင်မ် တစ်ခုခု လိမ်းပြီးမှ ထွက်ပါ။ SPF 15 အနည်းဆုံး ပါဝင်ပြီး ကိုယ့်အသားအရေနဲ့ လိုက်ဖက်ညီမယ့် နေရောင်ကာခရင်မ်ကို ရွေးချယ်ဝယ်ယူပါ။

    မနက် ၁၀ ကနေ နေ့လည် ၃နာရီအတွင်း နေအလွန်ပူတဲ့ အချိန်တွေမှာ အပြင်ထွက်တာကို တတ်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ရင်လည်း ဦးထုပ်၊ နေကာမျက်မှန် တပ်သွားပါ။ လေဝင်လေထွက်ကောင်းမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်ပါ။

    ၂။ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

    အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ စိတ်ဖိစီးမှုဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက်အရွယ်မရွေး ဘဝအခက်အခဲတွေ ကြုံလာတဲ့အခါ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်တာတွေ ဖြစ်လာမှာ သဘာဝပါပဲ။ စိတ်ဖိစီးမှုတွေ များလာရင် ရုပ်ကရင့်လာမယ်။ နဖူးမှာ အရေးအကြောင်းတွေ ဖြစ်လာမယ်။ လူက အိုမင်းရင့်ရော်လာမယ်။ စိတ်နဲ့ ခန္ဓါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမယ်။

    ဒါကြောင့် ကိုယ့်မှာ အဆင်မပြေတဲ့ ကိစ္စတွေ ကြုံလာတိုင်း နောက်ဆက်တွဲ စိတ်ဖိစီးမှုတွေကို တရားထိုင်ခြင်း၊ ယောဂကျင့်စဉ်ကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း၊ ပြည့်ဝစွာ အိပ်စက်ခြင်း၊ အစာအာဟာရမျှတမှု၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် ဖြေလျှော့ပေးနိုင်ပါတယ်။ ဒီလိုနည်းလမ်းနဲ့မှ မပြေလည်သွားဘူးဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

    ၃။ ရေဓါတ်မခမ်းခြောက်စေဖို့ ဂရုစိုက်ပါ။

    ခြောက်သွေ့နေတဲ့ အရေပြားပေါ်မှာ အရေးအကြောင်းတွေ ဖြစ်ဖို့ ပိုမိုလွယ်ကူပါတယ်။ တစ်နေ့ကို ရေ ၃လီတာ အနည်းဆုံး ပုံမှန် သောက်ပေးခြင်းဖြင့် ခန္ဓါကိုယ် ရေဓါတ်ခမ်းခြောက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အပြင် အရေးအကြောင်းတွေကိုပါ ပြေလျော့စေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူ၊ နေပူထဲ အမြဲသွားလာလှုပ်ရှားနေရတဲ့သူတွေဆိုရင် ပိုပြီးတောင် ရေသောက်ပေးဖို့ လိုအပ်ပါတယ်။

    ၄။ အစာအာဟာရမျှတစွာ စားသုံးပါ။

    ကျန်းမာရေးနဲ့ အလှအပဆိုတာ နေပုံထိုင်ပုံအပြင် နေ့စဉ်စားသောက်နေတဲ့ အစားအစာ အာဟာရပြည့်ဝမှုနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ အထူးသဖြင့် အရေးအကြောင်းတွေ ဖြစ်မလာစေဖို့ ဗီတာမင် C နဲ့ Omega – 3 ငါးကြီးဆီ အဆီအနှစ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ အချဉ်ဓါတ်များတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သဘာဝအဆီအနှစ်တွေ ပါဝင်တဲ့ ငါးနဲ့ ပင်လယ်စာတွေကို ပိုပြီး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    ၅။ ဆေးလိပ်ဖြတ်လိုက်ပါ။

    နဖူးမှာ အရေးအကြောင်းတွေ ထင်ပြီး ကြည့်ရဆိုးနေတာမျိုး မဖြစ်ချင်ဘူးဆိုရင် ဆေးလိပ်သောက်တဲ့ အကျင့်ကို မလုပ်တာ အကောင်းဆုံးပါပဲ။ ဆေးလိပ်ဟာ အရေပြားအလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတစ်ခုမှ မရရှိပါဘူး။ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ခံတွင်းကင်ဆာတွေအပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ နဖူးရေတွန့်တာ၊ အသားအရေမွဲခြောက်ပြီး အရောင်မညီတာ၊ ကြွက်သားလျော့တွဲတာတွေကို ဖြစ်စေပြီး လူကိုတော်တော်လေး ကြည့်ရဆိုးစေနိုင်ပါတယ်။

    နဖူးပေါ်မှာ အရေးအကြောင်းလေးတွေ ဖြစ်မလာစေချင်ဘူးဆိုရင် အပေါ်မှာ ပြထားတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက် ၅ ချက်ကို သေချာလိုက်လုပ်ဖို့တော့ လိုမယ်နော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement