backup og meta

ဝမ်း က ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်းကို သင်နားလည်ရဲ့လား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်း က ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်းကို သင်နားလည်ရဲ့လား ။  ။

    ဝမ်း သွားတယ်ဆိုတာ ပုံမှန် ကိုယ်လုပ်နေကျအရာတွေထဲက တစ်ခုဖြစ်ပေမယ့် သူက ကိုယ့်ရဲ့ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ ဖော်ပြနေတဲ့ အရာတစ်ခုပါ။ ငယ်စဉ်တည်းက လုပ်နေတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် လူတွေက သူနဲ့ ပက်သက်ပြီး ထွေထွေထူးထူး တွေးလေ့မရှိပါဘူး။

    အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကောင်းတဲ့ ဘက်တီးရီးယားရော၊ မကောင်းတဲ့ ဘက်တီးရီးယားရော ပေါင်းစုံရှိတဲ့နေရာတစ်ခုပါ။ ဝမ်းတစ်လုံးကောင်းမှ ကျန်းမာရေးကောင်းမှာ ဖြစ်တာကြောင့် ကိုယ့်ဝမ်းက ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်းကို နားလည်ဖို့တော့ လိုပါတယ်။ ။

    ဝမ်း အရောင် ။ ။

    ဝမ်း အရောင်ဆိုတာ သင့်စားလိုက်တဲ့ အစားအသောက်တွေပေါ် မူတည်ပြီး ပြောင်းလဲတတ်တဲ့ အရာတစ်ခုပါ။

  • ပုံမှန်ဝမ်းအရောင်က ဝါညိုရောင်လေးဖြစ်နေရပါမယ်။
  • ဝမ်းအမည်းရောင်– မည်းနေပြီး စေးကပ်တဲ့ အနံ့ပြင်းတဲ့ဝမ်းသွားနေပြီဆိုရင်တော့ သင့် အစာအိမ်မှာ သွေးတွေ ထွက်နေတယ်ဆိုတဲ့ သဘောပါ။ ထွက်လာတဲ့ သွေးနဲ့ အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းအရောင်မည်းရတာဖြစ်ပါတယ်။ ဘဲသွေး၊ ကြက်သွေးတွေစားမိတာ၊ အနက်ရောင် ဘယ်ရီသီးတွေ စားမိတာ သံဓာတ်အားဖြည့်ဆေးသောက်နေတာ တို့ကလည်း သင့်ဝမ်းအရောင်ကို မည်းစေတဲ့ အကြောင်းအရင်းတွေပါ။ ။
  • အနီရောင် ဝမ်း – ဝမ်းအရောင်က ချင်းချင်းနီနေတဲ့ အရောင်ဖြစ်မယ်ဆိုရင် ဒါဟာ အူအောက်ပိုင်း ပြဿနာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ အူမကြီးတို့၊ အစာဟောင်းအိမ်တို့ စအို တို့မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် ဝမ်းမှာ သွေးပါပြီး ဝမ်းအရောင် အနီရောင်ဖြစ်သွားတတ်ပါတယ်။
  • ဝမ်း အဖြူရောင် – အဖြူရောင်ဝမ်းတွေ သွားနေပြီဆို သင့်သည်းခြေမှာ ပြဿနာရှိနေပြီ ဆိုတာ ပြတာပါ။။ သည်းခြေရည်တွေ လုံလောက်စွာ မထွက်တာကြောင့် ဝမ်းအရောင် အဖြူရောင်ဘက်ကိုလိုက်သွားတာ ဖြစ်ပါတယ်။ တစ်ခြား ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကတော့ ဝမ်းကိုက်ပိုးဝင်ပြီး ဝမ်းအရောင် ရွံ့စေးရောင် ပြောင်းသွားတာနဲ့ နဂါးမောက်သီး အဖြူရောင် တွေကြောင့်လည်း သင့်ဝမ်းအရောင် ဖြူဖျော့သွားတတ်ပါသေးတယ်။
  • ဝမ်းအစိမ်းရောင် – သင်စားတဲ့အစားတွေထဲမှာ အစိမ်းရင့်ရောင် အစားအစာတွေ မပါဘဲနဲ့ ဝမ်းအရောင် အစိမ်းရင့်ရောင်သွားပြီဆို ဒါ သင့်သည်းခြေ လမ်းကြောင်းမှာ ပြဿနာရှိနေပြီဆိုတာကို ပြောချင်တာပါ။
  • ဝမ်း ပုံစံ ။ ။

    • ပုံမှန် ဝမ်းတစ်ခုဟာ အရမ်းကြီးလည်း ပျော့မနေသင့်သလို ကျောက်စရစ်ခဲလိုလည်း မာမနေသင့်ပါဘူး။
    • အူမကြီးကင်ဆာတွေ၊ စအိုကင်ဆာ တို့မှာ ဝမ်းအတုံးက ရှည်မျောမျော ပိန်သွယ်သွယ်ဖြစ်နေတတ်ပါတယ်။
    • ဝမ်းမှာ အဆီတွေ များနေတာ – ဝမ်းသွားတဲ့အခါမှာ ပုံမှန်ဆို အဆီတွေ ဝေ့မနေသင့်ပါဘူး။ ဒီလိုဝမ်းမှာ အဆီတွေဝေ့နေတယ်ဆိုတာ စားလိုက်တဲ့ အဆီတွေကို ကိုယ်ခန္ဓာကနေ ကောင်းကောင်းမစုပ်တော့တဲ့ အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။ မုန့်ချိုအိတ်ရောင်နေတဲ့ ပြဿနာနဲ့ အဆီကျဆေးသောက်ထားတာတွေက ဝမ်းမှာ အဆီဝေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းတရားတွေပါ။
    • ဝမ်းက ရေပေါ်ပေါ်နေတတ်တာမျိုးတွေ ကြုံဖူးမှာပါ။ ဒါဟာ ဝမ်းထဲမှာ gas တွေ များနေလို့ဖြစ်ရတာပါ။ ဝမ်းရေပေါ်မှာပဲ ပေါ်ပေါ်၊ ရေထဲမှာပဲ မြုပ်မြုပ် ပြဿနာတော့ မရှိပါဘူး။

    ဝမ်းအနံ့ ။ ။

    • ဝမ်း အနံ့က မွှေးတယ်လို့ ပြောတာ တစ်ခါမှ မကြားဖူးပါဘူး။ ဒါဟာ ဝမ်းထဲမှာပါတဲ့ ဘက်တီးရီးယားတွေ ကြောင့် ဖြစ်ရတာပါ။
    • အစာမကြေဘဲ သွားတဲ့ ဝမ်းဟာ စိမ်းရွှင်ရွှင် အနံ့ကြီးဖြစ်နေတတ်သလို
    • ဝမ်းထဲ သွေးပါပြီး သွားတဲ့ ဝမ်းမည်းမည်းတွေရဲ့ အနံ့ကလည်း တစ်ခါရဖူးရင် တစ်သက် မမေ့လောက်စရာပါပဲ။
    • ဝမ်းအနံ့က ပုပ်အဲ့အဲ့ဖြစ်နေပြီဆိုရင်တော့ ဒါ အူလမ်းကြောင်းထဲမှာ ပိုးဝင်နေတယ်ဆိုတာကို ပြောချင်တာပါ။

    ဝမ်းအကြောင်းပြောရင် ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာကို ချန်ခဲ့လို့မရပါဘူး။

    ဝမ်း ချုပ်ခြင်း ။ ။

    ဝမ်းချုပ်တယ်ဆိုတာကလည်း တကယ်ကို ခေါင်းခဲရတဲ့ ကိစ္စတစ်ခုပါ။ ဝမ်းချုပ်တယ်လို့ ပြောဖို့ဆို တစ်ပတ်ကို ၃ ကြိမ်အောက်ပဲ ဝမ်းသွားရမယ့်အပြင် မာကျစ်ပြီး ညှစ်တိုင်းလည်း မထွက်တဲ့ ဝမ်းကြောင့် ဝမ်းသွားဖို့ကို ကြောက်နေတတ်ကြပါတယ်။ အမျှင်ဓာတ်လုံလောက်စွာ မစားလို့၊ ရေများများ မသောက်လို့၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်လို့ဖြစ်လာရတဲ့ ဝမ်းချုပ်ခြင်းဟာ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အပြင် သူ့ကြောင့် လိပ်ခေါင်းရောဂါကင်ဆာရောဂါစတဲ့ ဆိုးဆိုးဝါးဝါး ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

    ဝမ်းလျှောခြင်း ။ ။

    ဝမ်းဆိုတာ မာလွန်းရင်လည်း မကောင်းသလို ဝမ်းပျော့ပျော့တွေ သွားပြန်ရင်လည်း ပုံမှန် မဟုတ်တဲ့အရာပါ။ ဝမ်းချုပ်လွန်းရင်လည်း စိတ်ညစ်ရသလို ဝမ်းလျှောပြန်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ မသန့်တာတွေ စားမိတာ၊ အူလမ်းကြောင်းပိုးဝင်တာတွေက ဝမ်းလျှောကို အများဆုံးဖြစ်စေတဲ့ အကြောင်းတွေပါ။ ပေ့ါ့ပေါ့ဆဆ နေမိရင် ရေဓာတ်ခမ်းခြောက်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဟာ သေချာ ဂရုစိုက်သင့်တဲ့အရာတစ်ခုပါ။

    ဒါကြောင့် ဆီးတို့၊ ဝမ်း တို့ဆိုတာ ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့်လည်း သင့်ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲဆိုတာကို ပြောပြနေတာကြောင့် သူတို့ ပြနေတဲ့ အချက်တွေ ကို ကိုယ့်ဘက်က နားလည်ထားဖို့ လိုပါလိမ့်မယ် ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement