backup og meta

ဆေးလိပ်ဖြတ်ရန် ကူညီပေးမည့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်ရန် ကူညီပေးမည့် နည်းလမ်းများ

    အကယ်၍ သင်သည် ဆေးလိပ်သောက်သူဆိုလျှင် သင့်မှာ ဆေးလိပ်သောက်ဖို့အတွက် အကြောင်းပြချက်ကောင်းများစွာ ရှိနေမှာဖြစ်ပြီး ဆေးလိပ်ဖြတ်ဖို့အတွက်တော့ အကြောင်းရင်းတစ်ချက်တောင်ရှာတွေ့မှာ မဟုတ်ပါဘူး။ သို့သော် ဆေးလိပ်သောက်ခြင်းသည် သင်ကိုယ်တိုင်ရော သင့်မိသားစုကိုပါ အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုတော့ သင်နားလည်ထားသင့်ပါတယ်။ သင်ဆေးရွက်ကြီး စွဲခြင်းမှ လွတ်မြောက်ဖို့အတွက် နည်းလမ်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါတယ်။

    ၁။ အဆင်သင့်ဖြစ်နေပါစေ။

    · ဆေးလိပ်ဖြတ်မည့် ရက်ကို သတ်မှတ်ပါ။

    · သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။

    · သင့်အိမ်၊ ကား၊ ရုံးထဲကနေ စီးကရက်၊ ဆေးလိပ်ပြာခွက်အားလုံးကို ရှင်းထုတ်လိုက်ပါ။

    · သင့်အိမ်တွင် မည်သူ့ကိုမှ ဆေးလိပ်ပေးမသောက်ပါနဲ့။

    · သင်ယခင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ချိန်များကို ပြန်စဉ်းစားပါ။ အလုပ်ဖြစ်ခဲ့သော နည်းလမ်းများ၊ အလုပ်မဖြစ်ခဲ့သော နည်းလမ်းများကို ပြန်တွေးကြည့်ပါ။

    · သင်ဆေးလိပ်ဖြတ်လိုက်ပြီဆိုသည်နှင့် နောက်တစ်ကြိမ် ပြန်မသောက်ပါနဲ့တော့။

    ၂။ အားပေးကူညီမှုများ ခံယူပါ။

    သင့်မိသားစုဝင်များ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်များထံမှ နည်းမျိုးစုံနဲ့ အားပေးကူညီနေမှုများကို ခံယူပါ။

    · သင့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များကို သင်ဆေးလိပ်ဖြတ်တော့မည် ဆိုသည့်အကြောင်း နှင့် ထိုရက်ပိုင်းအတွင်း သူတို့ဆီက အားပေးထောက်ပံ့မှုများ လိုအပ်ကြောင်းကို ပြောပါ။ သူတို့သည် သင်ခက်ခဲနေသော အချိန်ကို ကျော်ဖြတ်ဖို့ ကူညီကြပါလိမ့်မည်။ သို့သော် သူတို့သင့်ကို ဘယ်ပုံဘယ်နည်းနှင့် ကူညီနိုင်သည်ဆိုတာကို သူတို့ကို သေချာ ပြောပြပါ။ သူတို့သည် တစ်ပါးသူ၏ စိတ်ထဲကို ဝင်ရောက်မြင်နိုင်စွမ်းရှိသူတွေ မဟုတ်သောကြောင့် သေချာတိကျစွာပြောပြပါ။ ဥပမာ သင့်အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်မသောက်ရန် (သို့) သင်မြင်နိုင်သောနေရာတွင် စီးကရက်များမထားရန် စသည်ဖြင့် ပြောပြထားပါ။

    · သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်များတောင်းခံပါ။

    · ဆေးလိပ်ဖြတ်သူအချင်းချင်း အုပ်စုဖွဲ့ ပြောဆိုဆွေးနွေးခြင်း (သို့) တယ်လီဖုန်းနဲ့တစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခြင်း တို့ကိုပြုလုပ်ပါ။ ပြောဆိုဆွေးနွေးခြင်းသည် ဆေးလိပ်ဖြတ်တာ အောင်မြင်ဖို့ အခွင့်အရေးကို နှစ်ဆ တိုးစေသည်။

    ၃။ အပြုအမှုသစ်များ၊ နည်းလမ်းသစ်များ လေ့လာသင်ယူပါ။

    · ဆေးလိပ်သောက်ချင်စိတ်မဖြစ်အောင် စိတ်ကိုလွှဲပြောင်းကြည့်ပါ။ ဥပမာ။ ။ တစ်စုံတစ်ယောက်နဲ့ စကားပြောခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ အလုပ်တစ်ခုခုလုပ်နေခြင်း။

    · ဆေးလိပ်စဖြတ်ခါစတွင် သင့်ပုံမှန်နေ့စဉ် အမူအကျင့်များကို ပြောင်းလဲပါ။ အလုပ်သွားရာတွင် ပုံမှန်သွားနေကျမဟုတ်သော လမ်းကိုရွေးသွားပါ။ ကော်ဖီအစား လက်ဖက်ရည်ပြောင်းသောက်ကြည့်ပါ။ မနက်စာကို ဆိုင်အသစ်တွင် ပြောင်းစားကြည့်ပါ။

    · အမြဲအလုပ်များနေပါစေ။ ဥပမာ။ ။ အိမ်ကနေအပြင်ထွက်ကြည့်ပါ၊ ညနေစာကို ဆေးလိပ်သောက်ခွင့်မရှိသော သင့်အကြိုက် စားသောက်ဆိုင်တစ်ခုတွင် သွားစားပါ။ ရုပ်ရှင်သွားကြည့်ပါ။

    · နေ့စဉ် သင်စိတ်ပျော်စေသော အရာတစ်ခုခုကို လုပ်ကြည့်ပါ။

    · ရေများများသောက်ပါ။

    ၄။ ဆေးဝါး မှန်ကန်စွာ သောက်သုံးပါ။

    ဆေးဝါးသောက်သုံးခြင်းသည် ဆေးလိပ်သောက်ချင်စိတ်ကို လျော့နည်းစေပြီး ဆေးလိပ်ဖြတ်ရန် ကူညီပေးသည်။

    · အမေရိကန် ဆေးဝါး နှင့် အစားအသောက် ကြီးကြပ်ကွပ်ကဲရေးကနေ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးသည့် ဆေးဝါး (၇)မျိုးကို အတည်ပြုထားသည်။ ၎င်းတို့သည် နီကိုတင်း အစားထိုးကုသမှုများဖြစ်ပါသည်။

    · Bupropion SR – ဆရာဝန်ဆေးစာ လိုအပ်သည်။

    · နီကိုတင်း ပီကေ – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။

    · နီကိုတင်း ရှုဆေးဘူး – ဆရာဝန်ဆေးစာ လိုအပ်သည်။

    · နီကိုတင်း နှာခေါင်းဖြန်ဆေး – ဆရာဝန်ဆေးစာ လိုအပ်သည်။

    · နီကိုတင်း ကပ်ခွာ – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။

    · နီကိုတင်း ငုံဆေးပြား – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။

    · Varenicline tartrate – ဆရာဝန်ဆေးစာ လိုအပ်သည်။

    · သင့်ဆရာဝန်အကြံဉာဏ်ကို တောင်းခံပါ။ ဆေးညွှန်းကို သေချာ ဖတ်ရှုပါ။

    · အထက်ပါဆေးဝါးအားလုံးသည် သင်ဆေးလိပ်ပြတ်ဖို့ အခွင့်အရေးကို နှစ်ဆတိုးစေသည်။

    · ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူအားလုံးနီးပါး ထိုဆေးဝါးများ၏ အကူအညီကို ရယူနိုင်သည်။ သို့သော် အကယ်၍သင်သည် ကိုယ်ဝန်သည် (သို့) ကလေးရဖို့ ကြိုးစားနေသူဖြစ်လျှင်၊ ကလေးနို့တိုက်နေလျှင်၊ အသက်၁၈ နှစ်အောက်ဖြစ်လျှင်၊ တစ်နေ့ကို ဆေးလိပ် ၁၀ လိပ်အောက်ပဲ သောက်သူဖြစ်လျှင်၊ ရောဂါအခံရှိလျှင် အထက်ပါ ဆေးဝါးများ မသောက်သုံးခင် သင့်ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။

    ၅။ ဆေးလိပ်ပြန်သောက်ခြင်း (သို့) ခက်ခဲသော အခြေအနေများအတွက် အသင့်ပြင်ဆင်ထားပါ။

    ဆေးလိပ်ဖြတ်ပြီး ပထမ သုံးလအတွင်းတွင် ဆေးလိပ်ပြန်စွဲတတ်သည်။ သင်ထိုသို့ ဆေးလိပ်ပြန်သောက်မိသည့်အတွက် စိတ်ဓါတ်မကျပါနဲ့။ လူအများစုသည် သူတို့ တကယ် ဆေးလိပ်မပြတ်ခင်အထိ အကြိမ်ပေါင်းများစွာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ကြဖူးတယ်ဆိုတာကို သင်သတိရပါ။ အောက်ဖော်ပြပါ ခက်ခဲသော အခြေအနေများသည် သင်ကြုံတွေ့ရနိုင်သော အရာများဖြစ်ပါသည်။

    · အရက်။ ။ အရက်ကို ရှောင်ပါ။ အရက်သောက်ခြင်းသည် ဆေးလိပ်ပြတ်ဖို့ ခက်ခဲစေသည်။

    · အခြား ဆေးလိပ်သမားများ။ ။ ဆေးလိပ်သောက်သူများ ပတ်ဝန်းကျင်တွင် ရှိနေခြင်းသည် သင့်ကို ဆေးလိပ်ပြန်သောက်စေလိုစိတ်ကို ဖြစ်စေသည်။

    · ကိုယ်အလေးချိန်တက်လာခြင်း။ ။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်ဖြတ်လိုက်ချိန်တွင် သုံးကီလိုဂရမ်လောက် အနည်းငယ် ဝလာတတ်သည်။ ကျန်းမာစေသော အစားအသောက်များ စားသုံးပြီး တက်တက်ကြွကြွနေပါ။ ကိုယ်အလေးချိန်တက်လာခြင်းကြောင့် သင့်အဓိက ရည်ရွယ်ချက်ပန်းတိုင်ကနေ မသွေဖီပါစေနဲ့။ အချို့ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးသော ဆေးဝါးများသည် ကိုယ်အလေးချိန်တက်ခြင်းကို နှောင့်နှေးစေပါသည်။

    · စိတ်ဓါတ်ကျခြင်း။ ။ ဆေးလိပ်သောက်ခြင်းအပြင် သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေသော အခြားနည်းလမ်းပေါင်းများစွာ ရှိပါသည်။ အချို့ ဆေးလိပ်ပြတ်စေသော ဆေးဝါးများသည် စိတ်ဓါတ်ကျဝေဒနာကို လျော့နည်းသက်သာစေသည်။

    အကယ်၍သင်သည် အထက်ပါ အခြေအနေများထဲမှ တစ်စုံတစ်ခုနဲ့ ရင်ဆိုင်ခက်ခဲနေလျှင် ဆရာဝန်နဲ့ ပြသတိုင်ပင်နိုင်ပါသည်။

    ဆေးလိပ်ဆေးရွက်ကြီး ကုမ္ပဏီများသည် ပို၍ ပို၍ အင်အားကြီးများလာကာ နည်းလမ်းပေါင်းများစွာနှင့် လူများကို နီကိုတင်းစွဲလန်းအောင် ကြိုးပမ်းလျက်ရှိသည်။ အကယ်၍ သင်ဆေးလိပ်ဖြတ်တာ အောင်မြင်သွားလျှင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။ ထို့ပြင် သင်သည်ဆက်လက်ပြီး ဆေးလိပ်မသောက်သူအဖြစ် နေထိုင်လိုပါက ဆေးလိပ် တစ်ဖွာမျှပင် မရှိုက်ပါနဲ့တော့လို့ အကြံပေးလိုပါတယ်။

    Translated by K Zin Thwe

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement