backup og meta

သင်ဆေးလိပ်ဖြတ်သင့်သော အဓိက အကြောင်းရင်း လေးချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဆေးလိပ်ဖြတ်သင့်သော အဓိက အကြောင်းရင်း လေးချက်

    ဆေးလိပ်က ကောင်းကျိုးများစွာသယ်ဆောင်လာတယ်လို့ လူတော်တော်များများပြောတတ်ကြတယ်။ ဆေးလိပ်က သင့်ကိုတွေးခေါ်နိုင်ဖို့ကူညီတယ်။ စိတ်ခံစားချက်ကိုပိုကောင်းစေတယ်၊ ခေါင်းရှင်းစေတယ်၊ စိတ်ဓါတ်ကျဝမ်းနည်းနေတာတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးတယ် စသဖြင့်ပေါ့။ အဲဒီလိုကောင်းနေပုံပေါ်အောင် ဆေးလိပ်မှာပါတဲ့ နီကိုတင်းက သင့်စိတ်ကို လှည့်စားနေတာပဲဖြစ်တယ်။

    ဆေးလိပ်က ကောင်းကျိုးထက် ဆိုးကျိုးပဲပေးတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ သင် မကောင်းဆိုးဝါးဆေးလိပ်ကို လက်ကလွှတ်ချလိုက်သင့်တဲ့ အဓိက အကြောင်းရင်းလေးချက်ကို အောက်တွင်ဖော်ပြလိုက်ပါတယ်။

    သင်အသက်ရှည်ရှည်နေနိုင်မယ်

    အထွေထွေခွဲစိတ်ဆရာဝန်များ၏ စကားအရ ဆေးလိပ်သောက်ခြင်းသည် အဆုတ်၊ အသည်း၊ အူမကြီး အပါအဝင် ခန္ဓါကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံးနီးပါးကို ထိခိုက်ပျက်စီးစေပါတယ်။ ကမ္ဘာပေါ်မှာ သေဆုံးရတဲ့အကြောင်းရင်းထဲမှာ ထိပ်ဆုံးက တစ်ခုအပါအဝင်ဖြစ်တဲ့ ကင်ဆာ ပုံစံ ၁၅မျိုးနဲ့လည်း ဆေးလိပ်သေြာက်ခင်းက ဆက်နွယ်နေပါတယ်။

    သင်ဆေးလိပ်ဖြတ်လိုက်ရင် သင့်ခန္ဓါကိုယ်က ဆေးလိပ်ကြောင့်ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို စတင်ပြုပြင်ပေးပါလိမ့်မယ်။ အသက်သုံးဆယ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ်တဲ့ လူတွေဟာ ဆေးလိပ်မဖြတ်တဲ့လူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွယ်နေတဲ့ရောဂါတွေကြောင့် သေဆုံးနှုန်း ၉၀ ရာခိုင်နှုန်းကျော်လောက်လျော့နည်းသွားတာကို သက်သေအထောက်အထားနှင့်တကွ တွေ့ရှိရပါတယ်။

    သင်ပိုက်ဆံများများစုဆောင်းနိုင်မယ်

    ယခုဆိုလျှင် သင်သောက်နေတဲ့ဆေးလိပ်က သင့်ပိုက်ဆံတွေကို မီးရှို့ပစ်နေတယ်ဆိုတာကို သင်သတိထားမိနေလောက်ပါပြီ။ တချို့ နေရာတွေမှာဆိုလျှင် ဆေးလိပ်တစ်ဘူးကို သောင်းချီပြီးပေးရတာမျိုးတောင်ရှိပါတယ်။ တစ်ဘူးကို ၅၀၀၀ ကုန်တယ်ပဲ ထားပါတော့ တစ်ရက်တစ်ဘူးသောက်ခြင်းက သင့်ကိုနှစ်စဉ်ငွေ ၁၈၂၅၀၀ ကျပ်လောက် ကုန်ကျစေမည်။

    ဒီသတင်းက သင့်ငွေရေးကြေးရေးအခြေအနေကို တော်တော်ပင် အထိနာစေသည်။ ဒီသတင်းဆိုးကို သေချာပေါက် သင့်အိမ်ထောင်ဖက်ကို သိစေလိုမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်ဆေးလိပ်တစ်ဘူးကို ကောက်မယူခင် ထိုဆေးလိပ်ကိုဝယ်မယ့်ပိုက်ဆံကို စုဆောင်းလိုက်ခြင်းအားဖြင့် အခြားဘာတွေအများကြီးလုပ်လို့ရနိုင်လဲဆိုတာလေးကို တစ်ခေါက်လောက်တွေးကြည့်ပေးပါ။

    ဆေးလိပ်မသောက်တဲ့လူတွေရဲ့ကျန်းမာရေးကို ကာကွယ်ပေးနိုင်မယ်

    သင်ဆေးလိပ်သောက်လိုက်လို့ ထိခိုက်သွားနိုင်တဲ့ အပြစ်မရှိတဲ့ သင်သင့် ဇနီး/ယောက်ျား၊ သားသမီးနှင့် သင်ချစ်မြတ်နိုးရသူတွေအကြောင်းကိုတွေးကြည့်ပါ။ လေ့လာမှုများအရ ဆေးလိပ်သောက်သူနဲ့နေရတဲ့ ကလေးတွေမှာ အဆုတ်အအေးမိခြင်း၊ နားပိုးဝင်ခြင်းများပိုမိုဖြစ်ပွားနိုင်ကြောင်း သိရသည်။

    ထို့ပြင် ဆေးလိပ်သောက်သောမိခင်မှ မွေးဖွားလာသော ရင်သွေးငယ်လေးများသည် ပေါင်မပြည့်၊ လမစေ့မွေးဖွားနိုင်ချေနှုန်း ပိုမိုမြင့်မားပြီး မွေးပြီး တစ်နှစ်အောက်မှာ ရုတ်တရက်သေဆုံးနိုင်ချေလည်း များလေသည်။

    အကယ်၍ သင်သာ ဆေးလိပ်ဖြတ်လိုက်ရုံနှင့် သင် ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်ရှိလူများပါ လတ်ဆတ်သန့်ရှင်းသောလေကို ရှူရှိုက်ခွင့် ရသွားမှာ ဖြစ်ပါတယ်။ ဆေးလိပ်ကင်းစင်သော သာယာလှပသည့်ဘဝကို သင့်လက်နှင့် တည်ဆောက်လိုက်ပါ။

    သင်ပိုပြီး နုနယ်ပျိုမြစ်လာမယ်

    သင်ဆေးလိပ်ဖြတ်လိုက်လျှင် သင့်အသားအရေနှင့် သွားများသည် ပိုပြီးကြည့်ကောင်းလာကာ သင်ပိုပြီးငယ်ရွယ်နုပျိုသောအသွင်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဇူးရစ်ရှ် တက္ကသိုလ်က လေ့လာမှုတစ်ခုတွင် ဆေးလိပ်သောက်သူနှင့် မီးခိုးရောင်ဆံပင်ကြားဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ကြသည်။

    ဆေးလိပ်မှာပါတဲ့ ဓါတုပစ္စည်းများက အမွေးအိတ်လေးတွေမှာ ရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေပြီး ခန္ဓါကိုယ်သာမက မျက်နှာမှာပါရှိတဲ့ သွေးကြောလေးတွေကို ကျဉ်းစေကာ အသားအရေ ဝါဝါဖျော့ဖျော့အရောင်ပြောင်းစေသည်။ ထို့ပြင် အသားအရေတင်းရင်းကျုံ့နိုင်ဆန့်နိုင်စွမ်းကိုလည်း ပျက်စီးစေသည်။

    အသက်သုံးဆယ်ဝန်းကျင်လူများကို ဖြစ်စေသောနည်းတူ အသက်နှစ်ဆယ်ဝန်းကျင်တွေမှာလည်း ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ နှစ်ပတ်အတွင်းမှာတင် အိုမင်းရင့်ရော်နေတဲ့ မျက်နှာကိုပြောင်းပြန် ပြန်လှန်ပစ်လိုက်နိုင်ပါတယ်။

    ဆေးလိပ်ဖြတ်ခြင်းက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ကောင်းတစ်ခုပါပဲ။ ဆေးလိပ်ဖြတ်သင့်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက သင်ကိုယ်တိုင်ပါပဲ။ ယခုပဲစတင်ပြောင်းလဲလိုက်ပါ။ အကယ်၍ ကြိုးစားရခက်ခဲနေရင် ဆရာဝန်ဆီကနေ အကူအညီတောင်းနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 28/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement