မိုးရာသီ ရောက်လာပြီဆိုရင် ခေါင်းကိုက်ရတဲ့ အရာတစ်ခုကတော့ အဝတ်တွေ တော်တော်နဲ့ မခြောက်တာပါ။ အထူးသဖြင့် အောက်ခံဘောင်းဘီ တွေ မခြောက်တာ၊ မခြောက်တခြောက်ဖြစ်တာက အထူးဂရုပြုရမယ့် အခက်အခဲ တစ်ခုပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အောက်ခံဘောင်းဘီဆိုတာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ အနီးကပ်ဆုံးထိတွေ့နေရတဲ့ အဝတ်အစားတွေဖြစ်ပြီး ပြင်ပလေထု၊ အပူချိန်တို့နဲ့ မထိတွေ့နိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် အတွင်းခံဘောင်းဘီလေးတွေ တာဝန်ယူထုပ်ပိုးထားရတဲ့ နေရာဟာ တခြားနေရာတွေထက် နူးညံ့တဲ့ အစိတ်အပိုင်းလေးတွေဖြစ်နေလို့ ပါ။
အောက်ခံဘောင်းဘီ တွေ သေချာလျှော်ဖွတ်အခြောက်မခံဘဲ ဝတ်မိပြီဆိုရင်တော့ ယားယံတာ၊ အရေပြား မှိုရောဂါတွေဖြစ်ပွားတာနဲ့ နောက်ဆုံး လိင်မှုကိစ္စကိုပါ ထိခိုက်စေနိုင်တာမို့ ဒါဟာပေါ့သေးသေး ကိစ္စတော့မဟုတ်ပါဘူး။
ဒါကြောင့် မိုးရာသီလို စိုစွတ်ပြီး အဝတ်တွေ အခြောက်ခံဖို့ခက်ခဲတဲ့ အချိန်မျိုးမှာအသုံးတည့်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
မိုးရာသီမှာ စိုထိုင်းထိုင်း အောက်ခံဘောင်းဘီ တွေကြောင့် ရောဂါမဖြစ်စေဖို့
(၁) ပါးလွှာပြီး ချည်ထည်စစ်စစ် အတွင်းခံကိုရွေးပါ။
ဒါဟာ အရေးကြီးပါတယ်။ ချည်ထည်ဟာ အခြောက်မြန်ပါတယ်။ ပါးလွှာတဲ့ ချည်သားနဲ့ ချုပ်လုပ်ထားတဲ့ အောက်ခံဘောင်းဘီ တွေကို ရွေးချယ်တာက ကောင်းကျိုးများပါတယ်။ ချည်ထည်ရဲ့ သဘာဝအရ အစိုဓာတ်ကို ထိန်းညှိပေးပြီး အမြန်ခြောက်သွေ့လွယ်စေပါတယ်။
ချည်ထည်တွေက အေးမြတဲ့အတွက် စိုထိုင်းထိုင်းဖြစ်တာတွေ၊ ခြောက်သွေ့ဖို့ခက်ခဲတဲ့ ပြဿနာတွေ မဖြစ်တဲ့အပြင် သက်သောင့်သက်တာလည်း အလွန်ရှိပါတယ်။ ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေကို ဝယ်ဖို့မနှမြောသင့်ဘူးဆိုတာ ခုလောက်ဆို သိလောက်ပါပြီနော်။
(၂) အတွင်းခံတွေကို စနစ်တကျ အခြောက်ခံပါ။
အောက်ခံဘောင်းဘီ တွေကို လှမ်းတဲ့အခါမှာ တစ်ထည်နဲ့ တစ်ထည်ထပ်တာ၊ ပြွတ်သိပ်ပြီး လှန်းတာတွေ ရှောင်သင့်ပါတယ်။ အခြောက်နှေးစေပြီး စိုထိုင်းထိုင်း ဖြစ်နေချိန်ကြာတဲ့အတွက် ဘတ်တီးရီးယားပိုးတွေ ပိုမိုပေါက်ပွားစေပါတယ်။
မိုးတွင်းဆိုတော့ နေရောင်နဲ့ထိတွေ့ဖို့ ခက်ခဲတဲ့အတွက် သေချာခြောက်ပြီဆိုမှ မီးပူတိုက်သင့်ပါတယ်။ ဒါဆိုရင်တော့ အတွင်းခံတွေမှာ ပေါက်ပွားနိုင်တဲ့ ပိုးတွေဟာ အထိုက်အလျောက် လျော့နည်း သွားမှာပါ။
(၃) အတွင်းခံတွေကို အသစ်လဲပါ။
အတွင်းခံတွေကို ဘယ်လောက်တစ်ခါ အသစ်လဲရမယ်ဆိုတာ အတိအကျ မရှိပါဘူး၊၊ ဒါက အခြေအနေပေါ် မူတည်ပါတယ်၊၊ ဝယ်ထားတာ မကြာပေမယ့် မှိုတွေတက်၊ ဖားဥတွေစွဲနေမယ်၊၊ ဆပ်ပြာတွေစားပြီး ပေါက်ပြဲနေမယ်ဆိုရင်တော့ အသစ်လဲရမှာပေါ့၊၊ ဝယ်ထားတာ ကြာပေမယ့် သန့်ရှင်းပြီး ဝတ်လို့အဆင်ပြေသေးတယ်ဆိုရင်လည်း ဆက်ဝတ်နိုင်ပါတယ်၊၊
(၄) မှန်ကန်တဲ့ ဆပ်ပြာကို ရွေးချယ်သုံးစွဲပါ။
အစောက ပြောခဲ့သလိုပါပဲ။ အတွင်းခံတွေမှာ ပိုးမွှားလေးတွေ ကပ်ငြိတွယ်နေနိုင်တာကြောင့် ဆပ်ပြာနဲ့ သေချာလျှော်သင့်ပါတယ်။ ဒါပေမဲ့ ဆပ်ပြာအပြင်းစားတွေ၊ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့ ဆပ်ပြာများကိုတော့ ရှောင်ပြီးသုံးစွဲသင့်ပါတယ်။
မဟုတ်ရင်တော့ အတွင်းခံတွေ ဖုံးအုပ်ထားတဲ့ နုနယ်လှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ မှိုစွဲတာတွေ၊ ပွန်းတာပဲ့တာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။
ဒီလောက်ဆိုရင်တော့ အတွင်းခံနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ၊ ဆိုးကျိုးတွေနဲ့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေကို သိပြီဆိုတော့ မိုးရာသီမှာအောက်ခံဘောင်းဘီ ကြောင့် ဖြစ်တဲ့ ပြဿနာတွေ ကင်းရှင်းနိုင်ကြပါစေနော်။
မိုးရာသီမှာ အောက်ခံဘောင်းဘီတွေ မြန်မြန်ခြောက်စေဖို့
- ချည်သားအတွင်းခံကို ဝတ်ဆင်ပါ။
- နေရောင်ထဲမှာ အခြောက်ခံပါ။
- လေဝင်လေထွက်ကောင်းတဲ့နေရာမှာ လှမ်းပါ။
- လိုအပ်ရင် အခြောက်ခံစက်သုံးပါ။
- သေချာခြောက်အောင် မီးပူတိုက်နိုင်ပါတယ်။
ရေးသားသူ- ဒေါက်တာမှူးခင်
[embed-health-tool-bmi]