backup og meta

နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ဘာကြောင့်ထားသင့်တာလဲ

နေအိမ်တိုင်းမှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်ပါတယ်။ မတော်တဆမှုဆိုတာမျိုးက ကြိုမှန်းထားလို့မှမရတာလေနော်။ ချက်ရင်းပြုတ်ရင်းဓါးရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့အနေအထားမျိုးမှာ အရေးပေါ်ထိခိုက်မိရင် သက်သာအောင်လုပ်ဖို့အတွက်ဆေးသေတ္တာရှိထားတာကမမှားတဲ့အရာတစ်ခုလို့ပဲအကြံပေးပါရစေ။ အရေးပေါ်ဆေးသေတ္တာက ကိုယ်တိုင်အတွက်ရော မိသားစုတွေ မိတ်ဆွေတွေကျန်းမာရေးအတွက်ပါ အသုံးဝင်လာပါလိမ့်မယ်။ ကဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအချက်လေးတွေကိုပါထည့်ပေးထားလို့ ဆက်ကြည့်လိုက်ပါဦးနော်။

နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ဘာကြောင့်ထားသင့်တာလဲ

နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်တဲ့အကြောင်းအရင်းများ

(၁) ထိခိုက်မိတဲ့အခါ အလွယ်တကူအသုံးပြုလို့ရတယ်

ထိခိုက်ဒဏ်ရာရတဲ့အခါ ချက်ချင်းအနာသန့်စင်တာ၊ဆေးလိမ်းတာ၊ ပလာစတာကပ်တာမျိုးကို အလွယ်တကူလုပ်လို့ရပါတယ်။ အနာထဲပိုးဝင်တာမျိုး မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမဖြစ်အောင်လည်းကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ဓါးရှတာ၊အပူလောင်တာနဲ့ အခြားမတော်တဆမှုတွေအတွက်လည်းအသုံးတည့်မှာသေချာပါတယ်။

(၂) အသေးစားဖျားနာမှုတွေအတွက်အသုံးပြုပေးလို့ရပါတယ်

ဆေးသေတ္တာထဲမှာ ပါရာစီတမောလိုမျိုး အဖျားပျောက်စေနိုင်တဲ့ဆေးတွေပါထည့်ထားမယ်ဆိုရင်ရေချိုးမှားတဲ့အခါမျိုးပဲဖြစ်ဖြစ် မိုးမိလာတဲ့အခါမျိုးပဲဖြစ်ဖြစ် အအေးမိတဲ့အခါမျိုးမှာသောက်ထားလို့ရပါတယ်။ အနည်းဆုံးတော့ ဖျားနာတာရှည်တာမျိုးမဖြစ်တော့ဘူးပေါ့။

(၃) အပူလောင်ဒဏ်ရာအတွက်သုံးလို့ရတယ်

အိမ်အလုပ်လုပ်ရင်း အပူလောင်တဲ့အခါမျိုးမှာ အနာကိုဆေးထည့်ဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ အသေးစားအပူလောင်ဒဏ်ရာလောက်က အိမ်မှာဂရုတစိုက်စောင့်ရှောက်ရုံနဲ့သက်သာနိုင်ပါတယ်။

(၄) မူးမော်တဲ့အခါမျိုးမှာအသုံးပြုလို့ရပါတယ်

ခေါင်းမူးတဲ့အခါမျိုးမှာခေါင်းမူးသက်သာစေတဲ့ဆေး အလွယ်ကူသောက်လို့ရနိုင်သလို ရှုဆေးလည်း ရှုလို့ရပါတယ်။သွေးတိုးလို့ ဒါမှမဟုတသွေးပေါင်ကျလို့မဟုတ်ဘဲ သာမန်ခေါင်းမူးခေါင်းကိုက်တာတွေအတွက်အသုံးပြုပေးလို့ရပါတယ်။

(၅) ညောင်းညာကိုက်ခဲတာမျိုးအတွက် သုံးလို့ရပါတယ်

အရေးပေါ်ဆေးသေတ္တာထဲမှာ ဒဏ်ကြေလိမ်းဆေး၊ ပရုတ်ဆီ၊ ရာပန်းဆီတွေထည့်ထားမယ်ဆိုရင် တစ်နေကုန်လမ်းလျှောက်ရတာ၊ အညောင်းထိုင်တာတွေကြောင့်ဖြစ်တဲ့ညောင်းညာကိုက်ခဲမှုဝေဒနာတွေကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

(၆) ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရတာမရှိတော့ဘူး

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာက ဘယ်လောက်ပဲသေးသေးသေသေချာချာဂရုမစိုက်မိရင် ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်သေသေချာချာဂရုစိုက်ပေးဖို့လိုပါတယ်။ အိမ်မှာဆေးသေတ္တာလေးတစ်ခုလောက်ဆောင်ထားမယ်ဆိုရင် အနာတရဖြစ်တဲ့အခါ ချက်ချင်းထိန်းသိမ်းမှုလုပ်နိုင်မှာဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာကနေတဆင့် ပိုးဝင်ကူးစက်တာမျိုးကို ကာကွယ်နိုင်ပါလိမ့်မယ်။

(၇) အနာကို အချိန်မီ antibiotic အသုံးပြုနိုင်မယ်

ထိခိုက်ရှနာဖြစ်တဲ့အခါမြန်နိုင်သမျှမြန်မြန်antibiotics လူးပေးနိုင်မှ အနာထဲကို ဘက်တီးရီးယားတွေမဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ အရးပေါ်ဆေးသေတ္တာထဲမှာantibiotics လူးဆေးလေးထားထားမယ်ဆိုရင် အနာဖြစ်တဲ့အခါ ချက်ချင်းလူးနိုင်မှာဖြစ်ပါတယ်။

(၈) သွေးတိတ်အောင်လုပ်နိုင်မယ်

တစ်ခါတလေမှာထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအရမ်းထွက်တာမျိုးကြုံဖူးမှာပါ။ ပူလွန်းတဲ့အခါမျိုးမှာလည်းသွေးအရမ်းထွက်တတ်ပါတယ်။သွေးအရမ်းထွက်နေတဲ့အခါ ပိတ်သား ပတ်တီးလေးကို အနာပေါ်မှာဖိထားပေးပြီးgauze bandage ကိုအပေါ်ကနေစည်းပေးလိုက်ရင်သွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။သွေးဆုံးရှုံးတာများရင် အရမ်းအန္တရာယ်များပါတယ်။ ဒီလိုမျိုးဆေးသေတ္တာလေးဆောင်ထားမယ်ဆိုရင် အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

(၉) အရေပြားဓါတ်မတည့်တာနဲ့ ပိုးကောင်ကိုက်တာကိုသက်သာစေနိုင်ခြင်း

ဆေးသေတ္တာထဲမှာ ဘာမီတွန်လိုမျိုးသောက်ဆေးထားထားမယ်ဆိုရင် အစားမှားတဲ့အခါ ၊ဓါတ်မတည့်တဲ့အငွေ့ ဒါမှမဟုတ် အရာတစ်ခုခုနဲ့ထိတွေ့မိတာကြောင့် အရေပြားဓါတ်မတည့်တာမျိုးဖြစ်တာကို သက်သာစေနိုင်မှာပါ။ ပိုးကောင်တွေဘာတွေကိုက်ခံရလို့ အရေပြားမှာ အဖုအပိမ့်ထွက်တာတွေကိုလည်း သက်သာအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အရေပြားမှာ အမာရွတ်မဖြစ်အောင်လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၁၀) အိမ်နီးချင်းတွေ မိတ်ဆွေတွေကိုလည်း ကူညီနိုင်မှာပါ

ကိုယ့်နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာလေးတစ်ခုလောက်ထားထားမယ်ဆိုရင် အိမ်သားတွေအတွက်တင်မကဘဲ အိမ်နီးချင်းတွေနဲ့ ကိုယ့်အိမ်လာလည်တဲ့မိတ်ဆွေတွေ မတော်တဆထိခိုက်ဒဏ်ရာရသွားတဲ့အခါ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာထဲမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေအစုံအလင်ရှိဖို့တော့လိုပါတယ်။

အရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားဖို့လိုမလဲ

  • လက်သန့်ဆေးရည်
  • လက်အိတ်
  • အနာလူးဆေး (antibiotics) တစ်မျိုးမျိုး
  • အဖျားသက်သာအောင်သောက်ဆေး
  • အကိုက်အခဲပျောက်ဆေး
  • ချောင်းဆိုးပျောက်ဆေး
  • အပူလောင်ဒဏ်ရာလူးဆေး
  • ဂွမ်း
  • တစ်ရှုး
  • အရက်ပြန်
  • ပတ်တီး အမျိုးမျိုး
  • ပလာစတာအမျိုးမျိုး
  • ဇာဂနာ
  • ကတ်ကြေး
  • အဖျားတိုင်းတံ
  • ရေခဲအိတ်
  • ရေနွေးအိတ်
  • ဒဏ်ကြေလိမ်းဆေး
  • ရှုဆေး
  • ဓါတ်မတည့်မှုသက်သာစေနိုင်တဲ့ဆေး (ဘာမီတွန်လိုမျိုး)
  • လေဆေး
  • အစာကြေဆေး
  • စက္ကူတိတ်
  • တွယ်ချိတ်
  • ငုံဆေးပြား

ဒါတွေအပြင် ကိုယ့်အတွက်အဆင်ပြေတဲ့အခြားဆေးဝါးတွေဆေးပစ္စည်းတွေလည်းထည့်ထားလို့ရပါသေးတယ်။

အရေးပေါ်ဆေးသေတ္တာကို အသုံးပြုနိုင်မယ့်ရောဂါတွေက

  • အပူလောင်နာ
  • ပြတ်ရှဒဏ်ရာ
  • ကုတ်ခြစ်ဒဏ်ရာ
  • ပိုးကောင်ကိုက်တဲ့ဒဏ်ရာ
  • အရေပြားပေါက်ပြဲဒဏ်ရာ
  • ကြွက်သားတွေတောင့်တင်းနာကျင်တာ
  • အသေးစားဖျားနာမှု
  • နှာခေါင်းပိတ်တာ
  • ချောင်းဆိုးတာ
  • လည်ချောင်းနာတာ
  • ညောင်းညာကိုက်ခဲတာ
  • အစာမကြေတာ
  • အရေပြားဓါတ်မတည့်တာ နဲ့
  • အခြားအရေပြားပြဿနာတွေ အတွက်အသုံးပြုလို့ရပါတယ်။

အရေးပေါ်ဆေးသေတ္တာကို ဝယ်ထားဆောင်ထားရုံနဲ့လည်း မပြီးသေးပါဘူး။ ကိုယ်တိုင်အသုံးပြုတတ်အောင်လည်းလေ့လာသင်ယူ တာတွေလုပ်ရပါမယ်။

မတော်တဆထိခိုက်မိတာမျိုးက အချိန်မရွေးနေရာမရွေးဖြစ်နိုင်တာကြောင့် အရေးပေါ်ဆေးသေတ္တာတစ်ခုလောက်ကတော့ အိမ်တိုင်းမှာထားထားသင့်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ အလွယ်တကူလုပ်ဆောင်နိုင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်တားဆီးနိုင်မှာပါ။ ဒဏ်ရာတွေကိုအချိန်မီ ကုသစောင့်ရှောက်နိုင်တာကြောင့် အနာပိုးဝင်တာ၊ရောင်ရမ်းတာမျိုးတွေကနေလည်းရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အခုလောက်ဆိုရင်နေအိမ်မှာဆေးသေတ္တာထားသင့်တယ်လို့ ဘာကြောင့်ပြောတာလဲဆိုတာကို သိလောက်မယ်ထင်ပါတယ်။ မိသားစုတိုင်း ကျန်းမာကြပါစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ten Reasons to Keep a First-Aid Kit in Your Home and Office https://www.pickeringsafety.com/blog/10-reasons-to-keep-a-first-aid-kit-in-your-home-and-office/ Accessed Date Dec 8, 2017

Why You Need A First Aid Kit http://youremergencyplan.com/need-first-aid-kit/ Accessed Date Dec 8, 2017

Importance of Maintaining your First Aid Kit http://firstaid.kiwi/blog/importance-of-maintaining-your-first-aid-kit Accessed Date Dec 8, 2017

How to Treat Common Household Injuries https://familydoctor.org/treat-common-household-injuries/ Accessed Date Dec 8, 2017

What should I keep in my first aid kit? https://www.nhs.uk/common-health-questions/accidents-first-aid-and-treatments/what-should-i-keep-in-my-first-aid-kit/#:~:text=Your%20basic%20first%20aid%20kit&text=plasters%20in%20a%20variety%20of,cr%C3%AApe%20rolled%20bandages Accessed Date Dec 8, 2017

ယခုပုံစံ

13/05/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကျက်မြန်စေမယ့် အစားအစာ (၁၁)မျိုး

အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/05/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ