ခန္ဓါကိုယ်မှာတစ်ခုခုထိခိုက်အနာတရဖြစ်တဲ့အခါတိုင်း ဒါမှမဟုတ် ခွဲစိတ်မှုရဲ့ချုပ်ရိုးအနာကြောင့်ဖြစ်ဖြစ် သင့်ခန္ဓါကိုယ်က ဒဏ်ရာပြန်ကျက်စေဖို့ သူ့အလိုလိုလုပ်ဆောင်ပါတယ်။ အရေပြားမှာ အနာကျက်သွားရင်တောင်မှ အမာရွတ်ကျန်ရင် ကျန်ခဲ့နိင်ပါတယ်။
အမာရွတ်ဖြစ်မဖြစ်ဆိုတာက အနာကျက်ခဲ့တဲ့ပုံစံမှန်မှန်ဆိုတာမှာ မူတည်နေပါတယ်။ နည်းလမ်းမမှန်သေချာဂရုမစိုက်ခဲ့တဲ့ ဒဏ်ရာကတော့ အမာရွတ်ကျန်ခဲ့မှာသေချာပါတယ်။ ဒါပေမယ့် ဒူးခေါင်းနဲ့ တံတောင်ဆစ်တို့လို အရိုးအဆစ်နေရာတွေမှာဖြစ်တဲ့ဒဏ်ရာနဲ့ ခွဲစိတ်ချုပ်ရိုးတို့ကတော့ အမာရွတ်ဖြစ်ကျန်ဖို့ရှောင်လွှဲရခက်ပါတယ်။တော်တန်ရုံ အသေးစားထိခိုက်ဒဏ်ရာလေးတွေနဲ့ခြစ်ရာ၊ပွန်းပဲ့ရာတွေကို နည်းလမ်းတကျ ဂရုစိုက်ပေးမယ်ဆိုရင် အမာရွတ်မဖြစ်ဘဲ နဂိုအတိုင်းပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။
ဒဏ်ရာတွေအမျိုးမျိုးရှိတဲ့အထဲက မတော်တဆဖြစ်တဲ့ အသေးစားထိခိုက်အနာတရလေးတွေကို အိမ်မှာပဲ ဂရုစိုက်စောင့်ရှောက်ပေးလို့ရပေမယ့် ဒဏ်ရာကြီးရင်တော့ဆေးခန်း၊ဆေးရုံအမြန်ဆုံးသွားပြီး ကျွမ်းကျင်ဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါတယ်။ ထိခိုက်ရှနာ အသေးစားလေးဆိုပြီးလည်း မပေါ့ဆပါနဲ့။ အထင်မသေးပါနဲ့။ ဓါးရှရာလို၊ သံစူးတာလို အနာသေးသေးလေးကနေ အနာရင်းတာ၊ ပိုးဝင်တာတွေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။
အနာကိုသေချာဂရုမစိုက်ရင်ဘာတွေဖြစ်လာနိုင်သလဲ
- ပိုးဝင်ခြင်း – အနာကို ပိုးဝင်ပြီဆိုရင် အနာရင်းပြီး ပြည်တည်လာမယ်၊ အနံ့ဆိုးလာမယ်၊အဖျားတက်လာမယ်၊အနာက အရမ်းနာလာမယ်၊ရောင်ရမ်းလာမယ်၊ အနာနေရာက ပူလောင်သလို ခံစားရမယ်။
- ရောင်ရမ်းခြင်း –ရောင်နေတဲ့ အနာက ပူစပ်စပ်ဝေဒနာ၊ နာကျင်မှုဝေဒနာခံစားရပြီး အနာရှိနေတဲ့ လက် သို့မဟုတ်ခြေထောက်က လှုပ်ရှားရခက်ပါလိမ့်မယ်။
- အမာရွတ်ဖြစ်ခြင်း – ဆဲလ်အသစ်ဖြစ်ပေါ်မှုနဲ့fibrous တစ်ရှူးတွေကြောင့် အနာကိုကျက်စေတယ်ဆိုပေမယ့် အမာရွတ်ကိုလည်းဖြစ်စေနိုင်ပါတယ်။Gangrene လို့ခေါ်တဲ့ တစ်ရှူးသေဆုံးခြင်းကြောင့် ခြေလက်ဖြတ်တောက်ကုသရတဲ့အထိ ဖြစ်စေတာလည်းရှိပါတယ်။
- sepsis – အနာကိုပိုးဝင်ပြီး သွေးထဲကို ဘက်တီးရီးယားပိုးရဲ့အဆိပ်တွေပြန့်သွားတဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။
- မေးခိုင်ရောဂါ –အသက်ပါဆုံးရှုံးရနိုင်တဲ့ရောဂါပါ။
- Cellulitis -staph ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပါတယ်။ အောက်ခံအရေပြားအလွှာတွေမှာရောဂါပိုးဝင်ခြင်းဖြစ်ပြီး ဒီလိုရောဂါပိုးဝင်ခဲ့ရင်ရောဂါပျံ့နှံ့ပြီး သွေးမလျှောက်တော့ဘဲ ခန္ဓါကိုယ်တစ်ရှူးတွေ ပုပ်ပွပျက်စီးလာတဲ့အခါခြေထောက်ဖြတ်ပစ်ရတာမျိုး၊ တခြားအစိတ်အပိုင်းတွေပါပျံ့နှံ့ပြီး ပုပ်လာတာမျိုး၊ အသက်ဆုံးရှုံးရတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။
ဒါတွေမဖြစ်ရအောင် ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုဂရုစိုက်ကုသမလဲ
- အရင်ဆုံး လက်ကို စင်ကြယ်အောင်ဆေးပါ။ ဒါမှရောဂါပိုးမဝင်နိုင်မှာပါ။
- သွေးတိတ်အောင်လုပ်ပါ။ ပွန်းပဲ့ရှနာတွေလောက်ကတော့ အလိုလိုသွေးတိတ်သွားလေ့ရှိပါတယ်။ လိုအပ်ရင်တော့ ပတ်တီးစ၊ ဂွမ်းစသန့်သန့်လေးနဲ့ အသာလေးဖိထားပြီးသွေးတိတ်တဲ့အထိ အနာဖြစ်တဲ့နေရာကိုမြှင့်ထားပေးပါ။
- အနာကို သန့်စင်ပါ။ အနာကိုရေနဲ့ဆေးကြောရပါမယ်။ အနာပေါ်ကနေရေနဲ့လောင်းပြီးဆေးချတာကရောဂါပိုးဝင်နိုင်တဲ့ အန္တရာယ်လျော့နည်းစေပါတယ်။ အနာပတ်ဝန်းကျင်ကို ဆပ်ပြာနဲ့ဆေးကြောသန့်စင်ပါ။ ဒါပေမယ့် အနာပေါ်ကို ဆပ်ပြာမထိပါစေနဲ့။hydrogen peroxide သို့မဟုတ် iodineဆေးရည်တွေမသုံးပါနဲ့။ အရမ်းစပ်ပါလိမ့်မယ်။ အနာထဲမှာ အစအနတွေ၊ အညစ်အကြေးတွေကို ဖယ်ထုတ်ရင်တော့ အရက်ပြန်နဲ့သန့်စင်ထားတဲ့ ဇာဂနာလေးနဲ့အသာအယာဖယ်ထုတ်နိုင်ပါတယ်။
- အနာပိုးသတ်ဆေးတစ်ခုခုလိမ်းပါ။ အနာကို အစိုဓါတ်ကျန်စေဖို့၊အနာကျက်စေဖို့၊ အမာရွတ်မကျန်စေဖို့အတွက် ပိုးသတ်ဆေး(ဥပမာ- Septidine, Betadine)အရည် သို့မဟုတ် အဆီတစ်ခုခုကို ခပ်ပါးပါးလိမ်းပေးပါ။
- အနာကို ဖုံးအုပ်ထားပါ။ ဆေးထည့်ပြီးနောက် အနာကပ် ပလာစတာကပ်ပေးတာ၊ ပတ်တီးစည်းတာ၊ဒါမှမဟုတ် ဂွမ်းစခံပြီးအနာကပ်စက္ကူတိပ်နဲ့ကပ်ပေးတာကောင်းပါတယ်။ ပွန်းရာ၊ခြစ်ရာသေးသေးလေးဆိုရင်တော့ ဖုံးအုပ်စရာမလိုပါဘူး။
- ပလာစတာ သို့မဟုတ် ပတ်တီးကို လဲပေးရပါမယ်။ ပလာစတာ၊ပတ်တီးမှာရေစိုလာရင်၊ ညစ်ပေလာရင်လဲပေးရမှာဖြစ်သလို ပုံမှန်အားဖြင့် အနည်းဆုံးတစ်နေ့တစ်ကြိမ်လဲပေးဖို့လိုပါတယ်။
- မေးခိုင်ကာကွယ်ဆေးထိုးပါ။ ဒဏ်ရာက နက်ရင်၊ ဒါမှမဟုတ် မသန့်ရှင်းတဲ့အရာဝတ္ထုကြောင့်ရခဲ့တဲ့ ဒဏ်ရာဖြစ်ရင်(ဥပမာ-သံချေးတက်နေတဲ့သံစူးတာ၊ရှတာ) မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။
- ရောဂါပိုးဝင်တဲ့လက္ခဏာရှိမရှိစောင့်ကြည့်ပါ။ အနာတဝိုက်မှာ သို့မဟုတ် အရေပြားမှာ နီရဲလာတာ၊ နာကျင်လာတာ၊ ပြည်တည်လာတာ၊ ပူနွေးမှုဖြစ်လာတာ၊ ရောင်ရမ်းလာတာလိုမျိုး ပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသမှုခံယူပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]