ရေကြည်ဖုတွေကိုဖောက်ပစ်တာက ထိခိုက်ဒဏ်ရာပြဿနာတွေအတွက် အဖြေကောင်းတစ်ရပ် အမြဲတော့မဖြစ်နိုင်ပါဘူး။ရေကြည်ဖုဆိုတာက ထိခိုက်မိတာ အပူလောင်တာတွေကြောင့် အရေပြားအပေါ်ဆုံးလွှာထိခိုက်ပျက်စီးသွားတဲ့အခါတွေ့ရနိုင်တဲ့ လက္ခဏာတစ်ရပ်ပါ။ ကိုယ်တိုင်က သတိမထားမိရင်တောင် အရေပြားမှာထိခိုက်မိထားတယ်ဆိုတာကို ရေကြည်ဖုလေးတွေကဖော်ပြပေးနေပါတယ်။ လမ်းအရမ်းလျှောက်ရတဲ့အခါမျိုး စီးထားတဲ့ ဖိနပ်နဲ့ အဆင်မပြေတဲ့အခါမျိုးမှာလည်းခြေထောက်မှာရေကြည်ဖုလေးတွေဖြစ်နိုင်ပါတယ်။
ရေကြည်ဖုလေးတွေက အနာကျက်မြန်စေနိုင်တယ်
အရေပြားမှာရေကြည်ဖုလေးတွေဖြစ်တာက ခန္ဓါကိုယ်ရဲ့ အနာကျက်ဖြစ်စဉ်တွေထဲကတစ်ခုပါ။ အပူလောင်နာတော်တော်များများကရေကြည်ဖုလေးတွေဖြစ်တတ်ကြပါတယ်။ အရေပြားအပေါ်ယံလွှာက အနာထဲကိုရောဂါပိုးတွေနဲ့ပြင်ပက အခြားအရာတွေမဝင်ရောက်နိုင်အောင်ကာကွယ်ပေးထားတာပါ။ ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပျက်စီးသွားတဲ့အခါမှာတော့ ထိခိုက်မိတာကြောင့်ဖြစ်လာတဲ့ ရေကြည်ဖုလေးထဲက အရည်တွေက ထိခိုက်ထားတဲ့အရေပြားကို အာဟာရပြည့်ဝအောင်လုပ်ဆောင်ပေးပြီး အနာကျက်မြန်အောင်လုပ်ဆောင်ပေးပါတယ်။
ရေကြည်ဖုလေးတွေကို ဘယ်လိုဂရုစိုက်မလဲ
အနာကြောင့်ဖြစ်တဲ့ရေကြည်ဖုကနေ့စဉ်လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်တာမျိုးမရှိဘူးဆိုရင်တော့ မဖောက်ထုတ်သင့်ပါဘူး။ရောကည်ဖုကြောင့် နာကျင်နေတာ လမ်းလျှောက်ရခက်တာ လုပ်ကိုင်ရခက်တာမျိုးမရှိဘူးဆိုရင် မဖောက်ထုတ်ဖို့ပြောပါရစေ။ရေကြည်ဖုတဝိုက်ကို သန့်ရှင်းအောင်ထားပြီး ပတ်တီးစသန့်သန့်လေးနဲ့အုပ်ထားပေးလိုက်ပါ။ တကယ်လို့ ဆီးချိုရောဂါရှိနေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။
အရေပြားပေါ်မှာရေကြည်ဖုလေးတွေဖြစ်နေတယ်ဆိုရင် ကုတ်ဖဲ့တာ၊ဖောက်ထုတ်တာ ဆိတ်ဆွတာမျိုးမလုပ်သင့်ပါဘူး။ အနာကအပေါက်ဖြစ်သွားတဲ့အခါ အနာကျက်နှေးသွားနိုင်သလို အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေလည်းများသွားပါတယ်။ အပေါ်ယံအရေပြားလွှာကရောဂါပိုးတွေကို ကာကွယ်ပေးထားတဲ့ အရံအတားတစ်ခုပါ။
ရေကြည်ဖုက မပေါက်တတ်တဲ့အရာတော့ မဟုတ်ပါဘူး။ရေကြည်ဖုက သူ့အလိုလိုပေါက်ထွက်တတ်ပါတယ်။ရေကြည်ဖုပေါက်သွားတဲ့အခါ အနာထဲကိုရောဂါပိုးတွေ မဝင်ရောက်အောင်မတားဆီးနိုင်တော့ပါဘူး။သေးငယ်တဲ့ အရေပြားပေါက်ပြဲရာကနေတဆင့်ရောဂါပိုးတွေက အလွယ်တကူဝင်ရောက်လာပြီး အနာကျက်နှေးတာနဲ့ မလိုလားအပ်တဲ့ အနာပိုးဝင်မှုပြဿနာတွေဖြစ်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။