ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် အနာရင်းတာ၊ အမာရွတ်ထင်ကျန်တာ၊ အနာပိုးဝင်တာနဲ့ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်တာက ဂရုမစိုက်ဘဲထားရင်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးပါ။ ဒီဆောင်းပါးမှာတော့ အနာပိုးမဝင်အောင်ဘယ်လိုထားရမလဲဆိုတာနဲ့ အနာပိုးဝင်ရင်ဘယ်လိုဖြစ်တတ်လဲ ဆိုတာတွေကိုပြောပြပေးမှာဖြစ်ပါတယ်။
အနာပိုးဝင်ခြင်း
အနာပိုးဝင်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အရေပြားကခန္ဓါကိုယ်တွင်းကိုရောဂါပိုးတွေမဝင်အောင်ကာကွယ်ပေးထားတဲ့ ခန္ဓါကိုယ်ရဲ့ အခြေခံအကျဆုံးကာကွယ်ရေးခံတပ်တစ်ခုပါ။ အရေပြားမှာ ထိခိုက်ပွန်းပဲ့တာမျိုးဖြစ်သွားပြီဆိုရင် ကိုယ်တွင်းကိုပြင်ပကရောဂါပိုးတွေဝင်ရောက်လာဖို့ လမ်းပွင့်သွားပါပြီ။မေးခိုင်ပိုးလိုမျိုးရောဂါပိုးတွေကတော့ ဖုန်မှုန့်တွေ၊မြေကြီးတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ရေတွေထဲမှာရှိနေတတ်ပါတယ်။ အနာဖြစ်နေတဲ့အခါ အနာက ဘယ်လောက်ပဲသေးသေး အခန့်မသင့်ရင် ပိုးဝင်နိုင်ပါတယ်။ ညအိပ်တဲ့အခါမျိုးမှာ အနာကို ဖွင့်ထားတာမျိုးက သိပ်ကိစ္စမရှိပေမယ့် အပြင်ကိုသွားတဲ့အခါမျိုးမှာတော့ အနာကဘယ်လောက်သေးသေး ပလာစတာလောက်တော့ ကပ်သွားဖို့လိုပါမယ်။ မတော်တဆပိုးဝင်သွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ခွဲစိတ်ထားတဲ့ ချုပ်ရိုးတွေကနေတောင် အခန့်မသင့်တဲ့အခါ ပိုးဝင်သွားနိုင်ပါတယ်။
အနာပိုးဝင်တဲ့အခါ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်
အနာပိုးဝင်တဲ့အခါ –
- အနာပတ်လည်မှာရောင်ရမ်းမယ်
- နီမြန်းမယ်
- နာကျင်မယ်
- ပြည်တည်မယ်
- အနာမကျက်ဘဲဖြစ်နေမယ်
- အနာကနွေးနေမယ်
- အဖျားတက်မယ်
အနာပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ
အနာပိုးမဝင်အောင်ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုဖော်ပြပေးမှာမို့ ဆက်ကြည့်လိုက်ရအောင်နော်။
- အနာတစ်ခုခုဖြစ်တဲ့အခါ အလောတကြီးလက်နဲ့ထိကိုင်လိုက်တတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ အနာကို မကိုင်ခင်မှာ လက်ကိုအရင်ဆုံးဆေးကြောပေးရပါမယ်။ တစ်ခါသုံးလက်အိတ်သန့်သန့်နဲ့ကိုင်တွယ်ပေးရင်လည်းရပါတယ်။ရေမရှိခဲ့ရင် လက်ကိုရေမလိုလက်သန့်ဆေးနဲ့ဆေးကြောပေးရပါမယ်။
- အနာကိုသွေးတိတ်အောင်လုပ်ရပါမယ်။ အနာဖြစ်ရင်သွေးနည်းနည်းလောက်ထွက်သွားမှပိုးတွေ အညစ်အကြေးတွေပါသွားပြီး ကောင်းတယ်ဆိုပေမယ့်သွေးအရမ်းထွက်ရင်လည်းမကောင်းပါဘူး။ အနာကတော်တော်နဲ့သွေးမတိတ်ဘူးဖြစ်နေရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးပေးရပါမယ်။
- အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးရပါမယ်။ အနာထဲကိုပိုးမဝင်စေတာသေချာအောင် ဆေးကြောချင်တယ်ဆိုရင်တော့ အနာတဝိုက်ကိုရေနဲ့ ဆပ်ပြာသုံးပြီးဆေးကြောပေးနိုင်ပါတယ်။ အနာပေါ်ကို ဆပ်ပြာမထိပါစေနဲ့ တစ်ရှုးတွေထိခိုက်ပျက်စီးပြီး အနာကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။
- ပြီးရင်တော့ အနာကိုခြောက်အောင် ဂွမ်းစ ဒါမှမဟုတ် တစ်ရှုးစသန့်သန့်လေးနဲ့သုတ်ပေးပြီး အနာထဲက အညစ်အကြေးတွေ၊ဖုန်မှုန့်တွေနဲ့ ဖန်ကွဲစလိုမျိုးအရာတွေကို ဖယ်ရှားပေးရပါမယ်။ အနာထဲက အစအနလေးတွေကို ထုတ်ရခက်နေရင်တော့ ဇာဂနာကို အရက်ပြန်စွတ်ပြီးဖြည်းဖြည်းချင်းဖယ်ပေးရပါမယ်။
- နောက်တစ်ဆင့်ကတော့ အနာကျက်စေဖို့အတွက် အထောက်အပံ့ဖြစ်အောင် အနာပေါ်မှာantibiotics တစ်ခုခုလူးပေးရပါမယ်။antibiotics ကအနာထဲကို ပိုးမဝင်အောင်တော်တော်လေးကာကွယ်ပေးပါတယ်။
- အနာကြီးရင် ပတ်တီးစည်းမယ် အနာသေးရင်တော့ ပလာစတာကပ်ရပါမယ်။ အနာပိုးမဝင်အောင်ကာကွယ်ပေးတဲ့သဘောပါ။ တစ်နေ့တစ်ကြိမ်တော့ အနာပေါ်မှာ ကပ်ထားတဲ့ ပလာစတာ ဒါမှမဟုတ် ပတ်တီးကိုသန့်စင်ပေးရပါမယ်။ ပတ်တီး ဒါမှမဟုတ် ပလာစတာရေစိုသွားရင်ဖြစ်ဖြစ်၊ ညစ်ပေသွားရင်ဖြစ်ဖြစ် ချက်ချင်းအသစ်လဲပေးဖို့လိုပါတယ်။
- အနာကိုရေစိုတာမျိုး၊ ညစ်ပေတဲ့အရာမျိုးတွေနဲ့ မထိတွေ့မိစေဖို့လည်း ဂရုစိုက်ရပါမယ်။ရေချိုးတာ၊ရေကိုင်တဲ့အခါမျိုးမှာ အနာကိုရေမစိုအောင် တစ်ခုခုနဲ့ကာကွယ်ထားဖို့မမေ့ပါနဲ့။
- အနာကစိုနေလား၊ပြည်ဖြစ်နေလား၊ အနာရောင်ရမ်းနေလားဆိုတာကိုသိရဖို့ နေ့တိုင်းတစ်နေ့တစ်ကြိမ်လောက်တော့ အနာကိုစစ်ဆေးရ ပါမယ်။
- အနာက အရမ်းပြင်းထန်မယ်၊ အရမ်းနက်မယ်၊ သံချေးတက်နေတဲ့အရာတွေနဲ့ ထိခိုက်မိတာမျိုးဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။ တိရစ္ဆာန်ကိုက်တာ၊ လူကိုက်တာမျိုးဆိုရင်လည်းမေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။
- အနာရှိန်နဲ့ ဖျားနာတာမျိုးဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ကိုသွားပြလိုက်တာအကောင်းဆုံးပါ။
အနာကိုပိုးဝင်ရတဲ့အဓိကအကြောင်းအရင်းက သန့်ရှင်းမှုအားနည်းတာပါ။ အနာတစ်ခုခုရလာခဲ့ရင် ဘာမှမလုပ်နိုင်ရင်တောင် အနာကို သန့်စင်အောင်ဆေးကြောပြီး ပလာစတာလောက်တော့ကပ်ထားပေးလိုက်ပါ။ အနည်းဆုံးတော့ပြင်ပကပိုးမွှားတွေမဝင်တော့ဘူးပေါ့။
အနာပိုးဝင်စေနိုင်တဲ့ အခြေအနေများ
အနာကို ပိုးဝင်စေနိုင်တဲ့ အခြေအနေတွေကိုလည်း သတိထားနိုင်စေဖို့ပြောပြပေးလိုက်ပါတယ်။
- အနာကို ညစ်ပေနေတဲ့ လက်၊ ညစ်ပေတဲ့အရာတွေနဲ့ တိုက်ရိုက်ထိတွေ့မိတာ
- အနာကို ဖုံးအုပ်ကာကွယ်တာမျိုးမလုပ်ဘဲ ဖုန်မှုန့်တွေ၊သဲတွေထဲကို သွားတာ
- ညစ်ပေနေတဲ့ရေတွေထဲဆင်းတာ၊ ဥပမာ – မိုးရွာလို့ရေကြီးတာမျိုး
- အနာကို ကာကွယ်ထားမှုမရှိတာကြောင့် အနီးဝန်းကျင်လေထုထဲကနေ ပိုးကူးတာ
- အနာကိုသေချာဂရုမစိုက်တာကြောင့် မတော်တဆ ပိုးဝင်သွားတာ
အခုလောက်ဆိုရင် အနာပိုးဝင်ရင်ဘာတွေဖြစ်နိုင်လဲဆိုတာနဲ့ ဘယ်လိုအနေအထားတွေက ပိုးဝင်စေနိုင်လဲဆိုတာတွေကို သိလောက်ပြီထင်ပါတယ်။ ဖော်ပြပေးထားတဲ့အချက်လေးတွေအတိုင်း သတိထားလုပ်ဆောင်ကြည့်မယ်ဆိုရင် အနာကျက်လည်းမြန်စေပြီး အနာပိုးဝင်တာနဲ့ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေအားလုံးကို အဝေးမှာထားလိုက်လို့ရပါပြီ။ ကိုယ်တိုင်ရော မိသားစုဝင်တွေကိုပါ ကျန်းမာအောင်စောင့်ရှောက်ပေးနိုင်ကြပါစေ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]