ကျွန်တော့်နာမည် Riceပါ။ မြန်မာနာမည်ကတော့ ထမင်းပေါ့။ အခုကျွန်တော်နဲ့အတူ သူငယ်ချင်း (၃)ယောက်ပါတယ်။ Chicky လို့ခေါ်တဲ့ ခန္ဓာကိုယ်ခပ်တောင့်တောင့် ကြက်သားတုံးလေးရယ် … Veggie လို့ခေါ်တဲ့ ဟင်းရွက်စိမ်းစိမ်းလေးရယ်။ ကျွန်တော်တို့တွေ လူ့ခန္ဓာကိုယ်ဆိုတာကြီးထဲကို အခုပဲခရီးထွက်ကြတော့မှာလေ။
Fruity လို့ခေါ်တဲ့ သူငယ်ချင်း လုံးလုံးလေးကတော့ နောက်ဆုံးမှလိုက်ခဲ့မယ် … မင်းတို့သွားနှင့်တဲ့။ သူကတော့ အဲ့လိုပါပဲ။ သူက ပန်းသီးဆိုတော့ နည်းနည်းဘဝင်မြင့်တတ်တယ်။
လူတွေကလည်း ‘သူ့ကိုတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးနေလို့ရတယ်’ လို့ သူ့စူပါပါဝါတွေကို တင်စားပြီးပြောထားမိတာကိုး။
ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်ပိုင်‘အာဟာရဓာတ်’စူပါပါဝါကိုယ်စီရှိကြပါတယ်။
ကျွန်တော်တို့လာကြတော့မယ်ဆိုတာ ‘ဦးနှောက်’ဆိုတဲ့ တစ်ယောက်က တစ်ကိုယ်လုံးကို သတင်းပို့လိုက်ပြီတဲ့။ ကျွန်တော်တို့ကို ဧည့်ခံကြိုဆိုနေရာချထားပေးမယ့် သူတွေဆီကိုပေါ့။ သူတို့ကို ကိုယ်တွင်းအင်္ဂါတွေ ကိုယ်တွင်းကလီစာတွေ လို့လည်းခေါ်တာပေါ့။ လူ့ခန္ဓာကိုယ်ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ ကိုယ်တွင်းအင်္ဂါဌာနက ဝန်ထမ်းတွေလို့ပဲပြောရမလား။
ကျွန်တော်တို့နဲ့ တိုက်ရိုက်အလုပ်လုပ်ရမှာကတော့ ပါးစပ်၊ လျှာ ၊ သွား ၊ Salivary တံတွေးဂလင်း၊ အစာရေမြိုပြွန်၊ အစာအိမ်၊ အသည်း၊ ပန်ကရိယ၊ သည်းခြေ နဲ့ အူတွေလို့တော့ သိထားတယ်။
………………
ကဲ သွားကြည့်ရအောင်။
ပါးစပ်ထဲရောက်တော့ ‘သွား’တွေက တက်တက်ကြွကြွ ကြိတ်ချေကြတယ်။ ‘လျှာ’ကတော့ စပ်စပ်စုစုနဲ့ ကျွန်တော်တို့အားလုံးကို လိုက်တို့ပြီး အရသာခံနေတာပေါ့။
တံတွေးဂလင်းတွေကထုတ်ပေးလိုက်တဲ့ Salivary Amylase ဆိုတဲ့ အင်ဇိုင်းတွေက ကျွန်တော်သယ်လာတဲ့ ကစီဓာတ်တွေကို အထုပ်ဖြည်ကြည့်ပြီး ‘ဟေး’ လို့ ဝမ်းသာအားရအော်ကြတယ်။
ပျော်သင့်တာပေါ့။ ဒါတွေက Human Body Organization ကြီးအတွက် ‘စွမ်းအင်’ နဲ့ ‘ခွန်အား’ဖြစ်နေတာကိုး။ ကျွန်တော့်သူငယ်ချင်းတွေလည်း သူတို့သယ်လာတာတွေ ထုတ်ပြဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေကြပြီ။
ဟေ့ တို့တွေ ခဏနေရင် Esophagus လို့ခေါ်တဲ့ အစာရေမြိုပြွန်စခန်းကို ရောက်တော့မယ်လို့ ကျွန်တော်ပြောနေတုန်းမှာပဲ အားလုံး ဒလိမ့်ကောက်ကွေး ပြွန်ကြီးတစ်ခုထဲကို တွန်းချခံလိုက်ရတယ်။ နည်းနည်းလန့်သွားပေမဲ့ လေပြွန်ထဲကျပြီး သီးသွားတာထက်စာရင်တော့ တော်သေးတာပေါ့လို့တွေးရတယ်။
အစာရေမြိုပြွန်မှာ ဘယ်လောက်မှတောင်မကြာလိုက်ဘူး။ Peristalsis လို့ခေါ်တဲ့ အစာရေမြိုပြွန်ကြွက်သားတွေ လှုပ်နေတဲ့လှိုင်းလေးတွေနဲ့ အလိုက်သင့် လှိမ့်ဆင်းလာလိုက်တာ အစာအိမ်ထဲရောက်ခဲ့ပြီ။
ဒီမှာတော့ ကျွန်တော်တို့ နည်းနည်းပိုကြာကြာနေရမယ်တဲ့။ ကျွန်တော်တို့အားလုံး ဒီမှာ အထုပ်ဖြည် … အဝတ်အစားလဲ … ပုံစံပြောင်း … ပါလာတဲ့ စူပါပါဝါတွေ ထုတ်ပေးရတော့မယ်လေ။
အပေါ်ကိုမော့ကြည့်လိုက်တော့ Lower Esophageal Sphincter လို့ခေါ်တဲ့ အစာအိမ်အဝင် တံခါးပေါက်လေး အခြေအနေကောင်းနေသေးတာတွေ့လို့ စိတ်အေးရတယ်။
သူမကောင်းတော့ရင် အစာအိမ်ထဲက အက်ဆစ်ရည်တွေအကုန်အပေါ်လျှံတက်ပြီး လောင်ကုန်မှာ။ အဲ့ဒါက ကြာရင် ကင်ဆာတောင် ဖြစ်နိုင်တယ်တဲ့။
ဟော…ဟိုးအပေါ်မှာ ပန်းသီးလေး Fruity တောင် တစ်ယောက်တည်းဆင်းလာနေပြီ။
ခုဆိုရင်တော့ တအိအိလှုပ်ရှားနေတဲ့အစာအိမ်ထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေရယ် .. အစာအိမ်က ထုတ်ပေးတဲ့ ချဉ်စူးစူး အစာခြေရည် အက်ဆစ်တွေ ၊အင်ဇိုင်းတွေရယ် စုံကြပြီလေ။
အရမ်းစပ်တာ ပူတာတွေမပါလာတာတော့ စိတ်ချမ်းသာရတယ်။ ဒါနဲ့ ခရီးစဉ်အစမှာတုန်းက ‘လျှာ’ဆိုတဲ့ တစ်ယောက်ကို တွေ့ခဲ့တယ်မလား။ သိပ်လည်း စပ်စုတတ်သလို ဟိုဟာလေးမှ ..ဒီဟာလေးမှ .. အစပ်ကလေးပါမှ.. အချဉ်လေးပါမှနဲ့ အရမ်းဇီဇာကြောင်တာ။ သူလုပ်လို့ အစာအိမ်မှာ ရောင်ရ၊ နာရ ဒုက္ခရောက်ရပေါင်းလည်း မနည်းကြတော့ဘူး။
အစာအိမ်ဆိုတာ နံရံက ကြွက်သားတွေနဲ့လုပ်ထားတာလေ။ သံမှမဟုတ်တာ။ ဝင်လာသမျှအစာတွေအားလုံးကို ငြင်းဆန်ခွင့်မရှိ လက်ခံပြီး ကြိတ်ခြေပေးရတာ တွေးကြည့်ရင်သနားစရာ။
၂ နာရီ ကျော်ကျော်လောက်ကြာတော့ ကျွန်တော်တို့အားလုံး အူသိမ်ထဲရောက်ကြပြီ။ ဒီမှာတော့ ကျွန်တော်တို့ကိုစောင့်နေတာ အသည်း၊ ပန်ကရိယ နဲ့ သည်းခြေအိတ်က ပို့ပေးလိုက်တဲ့ အင်ဇိုင်းတွေပေါ့။
အသည်းကလည်း တော်တော်အလုပ်ကြိုးစားနေတယ်တဲ့။ ကျွန်တော်တို့အတွက် အင်ဇိုင်းတွေထုတ်ပေးရုံတင်မက ကျွန်တော်တို့ သယ်လာတာတွေထဲက အဆိပ်အတောက်ဖြစ်နိုင်တာတွေလည်း သူက ရှင်းပေးရတာကိုး။ တစ်ခါတလေ ကျွန်တော်တို့နဲ့အတူ ဆေးတွေဘာတွေ ပါလာရင်လည်း ဆေးအာနိသင်ရဖို့ဘာညာ သူပဲတာဝန်ယူဆက်လုပ်ပေးတာ။
သည်းခြေအိတ်ထဲသိမ်းထားပြီး ဒီကိုပို့ပေးတဲ့ သည်းခြေရည်တွေကိုလည်း သူ့ဆီကပဲထုတ်တာလေ။
ပန်ကရိယလေးလည်း ကျန်းမာတယ်ပြောတာပဲ။ သူမကျန်းမာလို့လည်း မဖြစ်ဘူးလေ။ သူထုတ်ပေးတဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းရှိမှ ..ရှိရင်လည်း ကောင်းကောင်းအလုပ်လုပ်ပေးမှ ကျွန်တော်သယ်လာတဲ့ အချိုဓာတ်တွေအကုန် တစ်ကိုယ်လုံးဆက်သွားလို့ရမှာ။ မဟုတ်ရင် သွေးထဲတဝဲလည်လည်ဖြစ်နေမှာ။ ဟုတ်တယ်။ ဆီးချိုရောဂါဆိုတာ အဲ့ဒါပေါ့။
အဲ့ဒီ့ ပန်ကရိယလေးက အကောင်သေးပေမဲ့ ‘အိုး..အမေးဇင်း’ လို့အော်ပြီး ကျေးဇူးတင်ပေးရမယ့် ကလီစာထဲမှာပါတယ်။ Exocrine စနစ်နဲ့ အစာခြေအင်ဇိုင်းတွေထုတ်ပေးသလို Endocrine စနစ်နဲ့လည်းအင်ဆူလင်နဲ့ ဂလူကာဂွန်လို သွေးတွင်းသကြားဓာတ်ကို မျှခြေမှာထိန်းပေးတဲ့ ဟော်မုန်းတွေလည်း ထုတ်ပေးသေးတာကိုး။ အလုပ်သိပ်ကြိုးစားတဲ့ ပန်ကရိယလေး။
အူသိမ်အဆုံးမှာတော့ ကျွန်တော်တို့အချင်းချင်းတောင် သိပ်မမှတ်မိနိုင်လောက်အောင် တော်တော်လေးတော့ ပုံစံပြောင်းနေကြပြီ။ အူတွေကလည်း လှုပ်လိုက်တာ။ ရထားစီးနေရသလိုပဲ။ ပျော်ဖို့တော့ ကောင်းသား။
ရှေ့မှာတွေ့ရမှာတွေက နည်းနည်းတော့ ဆိုးမယ်နော်တဲ့။ အူထဲက Micrflora အကျိုးပြုပိုးကောင်လေးတွေက တိုးတိုးလေး လှမ်းပြောပြသေးတယ်။
သူတို့ကိုလည်း ပိစိညှောင့်တောက် အမှုန်အမွှားလေးတွေဆိုပြီး သွားအထင်မသေးနဲ့။ တကယ့်ဆရာကြီးတွေ။
အူအတွင်းနံရံတွေပိုတောင့်တင်းဖို့၊ အစာခြေစနစ်ကို ကူညီဖို့၊ ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့၊ ကိုယ်ခံအားတက်စေဖို့ ..သူတို့လုပ်ပေးတာတွေလည်းအများကြီး။
ကျွန်တော်တို့ခရီးမှာ အကောင်းဆုံးအကူအညီပေးခဲ့တဲ့ ကျေးဇူးတင်ထိုက်သူ စာရင်းမှာ သူတို့လည်းပါတာပေါ့။
ဒီလိုနဲ့ပဲ ကျွန်တော်တို့ခရီးစဉ်ဆုံးသွားခဲ့ပါတယ်။ ကျွန်တော်တို့ ပေးတဲ့ စူပါပါဝါတွေသုံးပြီး Human Body Organization ဆိုတဲ့ လူ့ခန္ဓာကိုယ်ကြီးကတော့ ဘဝလမ်းခရီးပေါ် ဆက်သွားနေတုန်းပါပဲ။
[embed-health-tool-bmr]