
စားမယ် သောက်မယ် အစားတလိုင်းတို့တွေ စုမိကြပြီ ဆိုရင် ဒီပြဿနာတော့ အမြဲ ကြုံရမှာပဲ။ ဒါ့ကြောင့် တချို့ဆို အစာကြေဆေးတောင် အိတ်ထဲ ဆောင်ထားကြတယ်။ အစားများပြီး ဗိုက်ကားနေမယ်၊ အရသာ ပြင်းတာတွေ စားမိလို့ သွေးတိုးမယ်၊ အဆီများတာတွေ စားမိလို့ အဆီတက်မယ်၊ အီလည်လည်နဲ့ရယ်။ ဒါ့ကြောင့် အစား များသွားတဲ့အခါ ဘာလေးတွေနဲ့ ဖြေလို့ရလဲ ဆိုတာ အစားတလိုင်းလေးတွေကို အကြံပေးလိုက်မယ်နော်။ ကဲ …… အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ အကြောင်းကို ကြည့်လိုက်ရအောင်နော်။
အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ ကတော့
ဒိန်ချဉ်ရဲ့ အကျိုးပြုဘက်တီးရီးယား အစွမ်းကြောင့် အစားအစာကြောင့် ဒါမှမဟုတ် အစားများလို့ ဖြစ်လာတဲ့ ဗိုက်ပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ lactobacillus လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကြောင့် အူတွင်းဘက်တီးရီးယားတွေကို ထိန်းညှိပေးနိုင်ပြီး ဝမ်းပြဿနာနဲ့ လေပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
အစားများခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေတဲ့အတွက် အခွံမာသီး နဲ့ အစေ့အဆန်လေး နည်းနည်းတော့ စားပေးသင့်ပါတယ်။ ဗာဒံစေ့၊ သစ်ကြားသီး၊ မြေပဲနဲ့ တခြား အစေ့အဆန်တွေက အကျိုးပြုအဆီဓါတ် (omega-3 fatty acids)၊ မပြည့်ဝဆီတွေ နဲ့ ဗီတာမင် E တို့ကြွယ်ဝတဲ့အတွက် သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးကြောတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အစား များများ စားပြီးတဲ့အခါ ခန္ဓါကိုယ်မှာ လုပ်ဆောင်စရာတွေ များပါတယ်။ ဟင်းနုနွယ်မှာ အဆီတွေ ချေဖျက်တဲ့ ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်စေနိုင်တဲ့ ဗီတာမင်B2 ကြွယ်ဝပါတယ်။ ဗီတာမင် B တွေက ရောဂါတွေကို တိုက်ဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒီအရွက်ကို အပူပေးရုံ ပေးပြီး စားပေးတာ အကောင်းဆုံးပါ။ ကြာကြာပြုတ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါသွားနိုင်ပါတယ်။ ဥပမာ ဟော့ပေါ့ စားတယ် ဆိုရင် နောက်ဆုံး ပြီးခါနီးကျ အရွက်ကို ဖျောပြီး စားလိုက်ပါ။
ဗီတာမင် C ကြွယ်ဝပြီး အရသာ ရှိတယ်၊ အအီပြေစေတဲ့ လိမ္မော်သီးလေးက ကိုယ်တွင်း ဇီဝဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီတွေကို ပိုပြီးချေဖျက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားလည်း ကောင်းစေတယ်။ လိမ္မော်သီး နဲ့ အချိုတည်း ဒါမှမဟုတ် လိမ္မော်ရည်လေး သောက်ပါ။ (အချိုများတဲ့ ပုလင်း အချိုရည်တွေထက် အသီး ဖျော်ရည်က ပိုကောင်းပါတယ်)