brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ‌တော်တော်များများက လက်နဲ့ ထမင်းစားတဲ့ အကျင့်ရှိပါတယ်။ အနောက်တိုင်းက လူတွေကတော့ ဇွန်းနဲ့ ခရင်းနဲ့ စားကြတာပေါ့။ အာရှနွယ်ဖွားတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေကတော့ တူကို အသုံးပြုကြပါတယ်။ ခုနောက်ပိုင်းမှာတော့ လက်နဲ့ စားတဲ့ အလေ့အထက နည်းလာပါပြီ။ သင်ရော လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ လို့ ထင်ပါသလဲ။

လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ

လက်နဲ့ စားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး

လက်နဲ့ စားတာက ပြောရမယ်ဆိုရင် ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ခုချိန်ထိ တချို့သော ပွဲလမ်းအခမ်းအနားတွေမှာ လက်နဲ့ စားတဲ့ ဓလေ့ထုံးစံတွေ ရှိနေကြပါသေးတယ်။

အာယုဗေဒနဲ့ သိပ္ပံလေ့လာချက်တွေအရ ပြောရမယ်ဆိုရင် လက်နဲ့ စားတာက

  • လက်ချောင်း‌လေးတွေကို လေ့ကျင့်ခန်း လုပ်ဖြစ်စေပါတယ်။

အစားအစာတွေကို လက်နဲ့ နယ်ဖတ်စားသောက်တာ၊ ဖဲ့တာက လက်ချောင်းတွေကို လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်စေပါတယ်။ ကြွက်သားတွေကို သန်အောင် လေ့ကျင့်နေဆဲဖြစ်တဲ့ ကလေးတွေမှာ ပိုသိသာပါတယ်။

  • အလွန်အကျွံ မစားမိအောင် ကူညီပေးတယ်။

လက်နဲ့ စားတာက mindful eating သတိနဲ့ စားခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။ အစားအစာရဲ့ အပူချိန်၊ အပျော့အမာကို ခံစားမိနေတဲ့အတွက် ဖြည်းဖြည်းဝါး၊ ဖြည်းဖြည်းစားဖြစ်ပါတယ်။ ဒါကြောင့် ဗိုက်ပြည့်လွယ်စေပါတယ်။

  • အစာကြေလွယ်စေပါတယ်။

ဒါကလည်း အပေါ်ကလိုပါပဲ။ အစားအစာနဲ့ တိုက်ရိုက်ထိတွေ့ စားသောက်ရတာ ဖြစ်တဲ့အတွက် ပိုပြီး သတိထား စားမိစေပါတယ်။ နောက်ပြီး အစားအစာနဲ့ လက်နဲ့ ထိလိုက်တာနဲ့ ဦးနှောက်ကို သတင်းပို့ပြီး အစာခြေဖို့ အသင့်ဖြစ်စေတာကြောင့် အစာကြေလွယ်စေပါတယ်။

  • အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းစေတယ်။

လက်နဲ့ စားရုံနဲ့ ဆီးချို မဖြစ်တော့တာတော့ မဟုတ်ပါဘူး။ လက်နဲ့ စားတဲ့အခါ စားတဲ့ပမာဏကို ပိုပြီး ထိန်းသိမ်းနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ် ထိုးတက်တာကို တားမြစ်ရာကနေတဆင့် သွယ်ဝိုက်တဲ့ နည်းနဲ့ ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်။

  • အာရုံခံနိုင်စွမ်းကို ပိုကောင်းမွန်စေပါတယ်။

လက်နဲ့ စားတဲ့အခါ အစားအသောက်ရဲ့ အပူချိန်၊ အပျော့အမာကို ပိုပြီး ထိတွေ့ရတဲ့အတွက် အာရုံခံနိုင်စွမ်းကို ကောင်းစေပြီး ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ကလေးတွေမှာဆို ဒီအချက်က ပိုသိသာပါတယ်။

  • အစာခြေစနစ်ကို ကျန်းမာစေတယ်။

လက်နဲ့ စားတဲ့အတွက် လက်က ကောင်းတဲ့ ဘက်တီးရီးယားတချို့ အူလမ်းကြောင်းထဲကို ရောက်ပြီး အစာခြေစနစ်ကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အစာမစားခင် လက်ကို သေချာဆေးဖို့ လိုပါတယ်။ သေချာဆေးပြီးတာတောင် တချို့သော ကောင်းတဲ့ ဘက်တီးရီးယားတွေက လက်မှာကပ်ကျန်နေနိုင်‌ပါသေးတယ်။

လက်နဲ့ စားတာက ကောင်းကျိုးရှိတယ်ဆိုပေမယ့် သတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။

  • လက်ဆိုတာ ပိုးမွှားတွေ အများကြီး ရှိတဲ့နေရာ ဖြစ်တာကြောင့် လက်သေချာ မဆေးဘဲ စားမိရင် ပိုးတွေ အူလမ်းကြောင်းထဲကို ရောက်ပြီး နေမကောင်း ဖြစ်တတ်ပါတယ်။
  • စားပြီးတဲ့အခါ လက်ကို သေချာမဆေးရင် ဟင်းနံ့တွေ စွဲနေတာကြောင့် အများကြားမှာ စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။
  • တချို့က လက်နဲ့ စားရတာ အားရတယ်ဆိုပြီး ပိုစားမိတတ်ပါတယ်။

လက်နဲ့ စားမယ်ဆို ဒီအချက်တွေကို ဆင်ခြင်သင့်ပါတယ်။

ဇွန်းနဲ့ စားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး

ဒီခေတ်မှာတော့ ဇွန်းနဲ့ စားတဲ့သူတွေ ပိုများလာကြပါတယ်။ ဖြစ်နိုင်တာကတော့ ဇွန်းနဲ့ စားတာက သိပ်ပြီး အလုပ်မရှုပ်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဇွန်းနဲ့ စားခြင်းရဲ့ အားသာချက်တွေက

  • စားတဲ့ ပမာဏကို ထိန်းချုပ်နိုင်တယ်။

ဇွန်းသေးသေးနဲ့ စားမယ်ဆိုရင် အစာစားချိန် ပိုကြာသလို နည်းနည်းပဲ စားဖြစ်တာကြောင့် ကိုယ်အလေးချိန်ချနေတဲ့သူတွေအတွက် အထောက်အကူဖြစ်ပါတယ်။

  • ပိုပြီး သပ်ရပ်တယ်။

ဇွန်းနဲ့ စားတာက ပိုပြီး သပ်သပ်ရပ်ရပ် စားဖြစ်သလို လူအများကြားမှာ စားသောက်တဲ့အခါ ပိုပြီး အဆင်ပြေစေပါတယ်။

  • တချို့သော အစားအစာတွေကို ဇွန်းနဲ့ စားတာက ပိုအဆင်ပြေစေပါတယ်။

ဟင်းရည်တွေ၊ ပူလွန်းတဲ့ အစားအစာတွေ၊ လက်နဲ့ ကိုင်ရင် မမြဲတဲ့ အစားအစာတွေကျတော့ ဇွန်းနဲ့ စားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။

သူ့ရဲ့ အားနည်းချက်ကတော့

  • အသုံးပြုမယ့် ဇွန်းတွေကို သန့်သန့်ရှင်းရှင်း ထားဖို့ လိုပါတယ်။

လက်နဲ့ စားရင် လက်ဆေး ရသလိုပဲ ဇွန်းကို သန့်သန့်ရှင်းရှင်း ဆေးကြောထားသင့်ပါတယ်။ လက်မသန့်ရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်သလို ဇွန်းမသန့်ရင်လည်း ရောဂါပိုးတွေ ဝင်နိုင်ပါတယ်။

  • ဇွန်းတွေကို မျှဝေပြီး မသုံးတာ ပိုကောင်းပါတယ်။

ဥပမာ ဟင်းရည်ခွက်ထဲကို ဇွန်းတစ်ချောင်းထဲ စိုက်ပြီး အများသုံးအနေနဲ့ သောက်တာက ကျန်းမာရေးအရ ကြည့်ရင် မကောင်းပါဘူး။ ခံတွင်းထဲက ပိုးမွှားတွေ တစ်ယောက်ကနေ တစ်ယောက်ကို ကူးသွားနိုင်ပါတယ်။ ကိုယ့်ဇွန်းနဲ့ ကိုယ် သီးခြားခွဲသောက်သင့်ပါတယ်။

ဇွန်းနဲ့ စားမယ်ဆိုရင်တော့ ဒီအချက်တွေကို သတိထားသင့်ပါတယ်။

လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ

ဘာနဲ့ပဲစားစား ကောင်းကျိူး ဆိုးကျိူး ကိုယ်စီရှိတာကြောင့် ဘာနဲ့ပဲစားစား ဆိုးကျိုးတွေကို သတိထားပြီး စားသင့်ပါတယ်။ နောက်ပြီး ကာလံဒေသံနဲ့ ကြိုက်ညီအောင်လည်း စားသင့်တာပေါ့။ အများက ဇွန်းနဲ့ စားနေချိန်မှာ ကိုယ်က လက်ကြီးနဲ့ သွားနှိုက်နေလို့လည်း မဖြစ်ပြန်ဘူးလေ။

ဒါကြောင့် မိမိကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ စားပါ။ ဘယ်လိုပဲစားစား ကိုယ်စားတဲ့ ပမာဏနဲ့ သန့်ရှင်းရေးကို သတိထားလိုက်ရင် စားသမျှ အာဟာရဖြစ်မှာပါ။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။