ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်သုံးစရာတခုဖြစ်ပါတယ်။ ကော်ဖီကို လူကြိုက်များရတဲ့ အကြောင်းတခုကတော့ သူ့မှာပါဝင်တဲ့ ကဖိန်းဓာတ်ကြောင်းဖြစ်ပြီး တက်ကြွလန်းဆန်းစေတဲ့ အာနိသင် ရှိပါတယ်။ ဒါပေမယ့် ကဖိန်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်စေတယ်လို့လည်း ဆိုကြပါတယ်။
ဒီဆောင်းပါးမှာတော့ ကဖိန်းဓာတ်ကြောင့် ရေဓာတ်ခန်းခြောက်စေသလား၊ ရေဓာတ်ပြည့်ဝစေသလား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကဖိန်းနှင့် ရေဓာတ်
ကော်ဖီသောက်ရတဲ့ အဓိကအကြောင်းကတော့ ကဖိန်းဓာတ်ကို ခံစားရရှိနိုင်ဖို့ ဖြစ်ပါတယ်။ ကဖဖိန်းဟာ ကမ္ဘာပေါ်မှာ စားသုံးမှုအများဆုံးပစ္စည်းတမျိုးဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးနိုင်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကိုပါ တိုးတက်စေဖို့ အထောက်အကူ ပြုပါတယ်။
ကိုယ်ခန္ဓာထဲကို ရောက်တဲ့အခါ ကဖိန်းဟာ အစာအိမ်အူလမ်းကြောင်းကတဆင့် သွေးထဲကို ရောက်သွားပါတယ်။ နောက်ဆုံးမှာ အသည်းကို ရောက်ပြီး ဒြပ်ပေါင်းများစွာအဖြစ် ဖြိုခွဲပြီး ဦးနှောက်အပါအဝင် တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ရောက်သွားပါတယ်။
ကဖိန်းဓာတ်ဟာ ဦးနှောက်အပေါ် အဓိက အကျိုးသက်ရောက်တယ်လို့ သိထားကြပေမယ့် သုတေသနတွေအရလည်း ကျောက်ကပ်အပေါ် အကျိုးသက်ရောက်မုှရှိပြီး ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကော်ဖီအသောက်များရင် ဖြစ်ပါတယ်။
ကဖိန်းဓာတ်ဟာ ကျောက်ကပ်များဆီ သွေးစီးဆင်းမှုကို များလာစေပါတယ်။ အဲဒီအခါ ဆီးစွန့်ထုတ်မှုလည်း ပိုများလာတတ်ပါတယ်။ ဆီးသွားများစေတာကြောင့် ကဖိန်းဟာ သင့်ကိုယ်ခန္ဓာရဲ့ ရေဓာတ်အပြောင်းအလဲအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။
ကော်ဖီအမျိုးအစားအလိုက် ကဖိန်းပါဝင်မှု
ဖျော်စပ်ပုံမတူတဲ့ ကော်ဖီတွေမှာ ကဖိန်းပါဝင်မှုလည်း ကွာခြားပြီး ရေဓာတ်ရှိသလား၊ လျော့နည်းစေသလား အကျိုးသက်ရောက်မှု ရှိပါတယ်။ ကော်ဖီမှုန့် လတ်လတ်ဆတ်ဆတ်ကနေ နှပ်ဖျော်တဲ့ ကော်ဖီ ၈အောင်စ (၂၄၀ မီလီလီတာ) မှာ ကဖီန်း ၇၀-၁၄၀ မီလီဂရမ် ပါဝင်ပါတယ်။
အသင့်ဖျော်ကော်ဖီတွေမှာတော့ ပုံမှန်ကော်ဖီတွေထက် ကဖိန်းဓာတ်နည်းပြီး ၈ အောင်စ (၂၄၀ မီလီလီတာ) မှာ ၃၀ ကနေ ၉၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။ အိပ်စ်ပရက်ဆိုကော်ဖီ ၃၀-၅၀ မီလီလီတာမှာတော့ ကဖိန်း ၆၃ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဓာတ်လျှော့ထားတဲ့ Decaf ကော်ဖီမှာတော့ ကော်ဖီအရည် ၈အောင်စ (၂၄၀ မီလီလီတာ)မှာ ဝ-၇ မီလီဂရမ် ပါဝင်ပါတယ်။
ကော်ဖီကြောင့် ရေဓာတ်ခန်းခြင်း မဖြစ်စေပါဘူး
ကဖိန်းဟာ ဆီးရွှင်စေတဲ့အာနိသင်ရှိပေမယ့် ကဖိန်းသောက်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းထိတော့ မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးသွားများစေတဲ့ အာနိသင်ကို ရစေဖို့ဆိုရင် ၅၀၀ မီလီဂရမ်အထက် (၅ခွက်ခန့်) သောက်သုံးဖို့ လိုပါတယ်။
တခါက ကော်ဖီသောက်သုံးသူ ဆယ်ဦးအပေါ် ကော်ဖီရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။အဆိုပါ အစီအစဉ်မှာ ရေ ၂၀၀ မီလီလီတာ၊ ကဖိန်းနည်းတဲ့ကော်ဖီ (ကဖိန်း ၂၆၉ မီလီဂရမ်) နဲ့ ကဖိန်းများတဲ့ ကာ်ဖီ (ကဖိန်း ၅၃၇ မီလီဂရမ်) ကို သောက်သုံးခြင်းများ ပါဝင်ပါတယ်။ လေ့လာမှုများအရ ကဖိန်းများတဲ့ ကော်ဖီဟာ ဆီးသွားများစေတဲ့ အာနိသင်ရှိပြီး ကဖိန်းနည်းတဲ့ ကော်ဖီနဲ့ရေ နှစ်မျိုးစလုံးဟာ ရေဓာတ်ပြည့်ဝစေတဲ့ အာနိသင်ရှိကြောင်း တွေ့ရပါတယ်။
ကော်ဖီကို အသင့်အတင့်သောက်သုံးခြင်းဟာ ရိုးရိုးရေသောက်သလိုပဲ ရေဓာတ်ပြည့်၀ စေတယ်လို့ တွေ့ရှိရပါတယ်။
ဒါ့အပြင် ကော်ဖီကို စွဲစွဲမြဲမြဲသောက်သုံးသူ ၅၀ အပေါ် ပြုလုပ်ခဲ့တဲ့ သုတေသနအရ နေ့စဉ် ၂၆.၅ အောင်စ (၈၀၀ မီလီလီတာ) ကို သုံးရက်ဆက်တိုက်သောက်သုံးခြင်းဟာ ပမာဏတူ ရေကို သောက်သုံးခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ တထိုင်တည်းနဲ့ ကော်ဖီသုံးခွက်လောက်ထိ သောက်သုံးသူများကတော့ ဆီးသွားနှုန်း ၃.၇အောင်စ (၁၀၉ မီလီလီတာ) ပိုမိုလာတယ်လို့ဆိုပါတယ်။
ခြုံကြည့်မယ်ဆိုရင် ကဖိန်းဟာ ဆီးရွှင်စေတဲ့ အာနိသင်ရှိပြီး မကြာခဏ ဆီးသွားလာစေပါတယ်။ အများအပြား သောက်မိရင်တော့ ရေဓာတ်လျော့ပါးခြင်းကို ဖြစ်စေနိုင်ပါတယ်။ တနေ့ကို တခွက်နှစ်ခွက်နှုန်းပဲ သင့်တင့်ရုံသောက်သုံးရင်တော့ ရိုးရိုးရေသောက်သလို ရေဓာတ်ပြည့်ဝစေမှာ ဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmr]