brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

ဖျားနေချိန်မှာ စားတာ သောက်တာက တော်တော်လေး သတိထားရပါတယ်။ ကိုယ်စားသောက်တဲ့ အစားအစာ၊ သောက်စရာတွေဆီကနေ အာဟာရတွေ ရနေသလို အခန့်မသင့်ရင် ကိုယ့်ရဲ့ ဖျားနာမှုတွေကို ပိုဆိုးစေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ ၊ ဘာတွေ ရှောင်သင့်လဲဆိုတာ သိထားသင့်ပါတယ်။ 

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

ဖျားနာနေချိန်နဲ့ ရေဓာတ်

ဖျားတဲ့အခါ ခန္ဓာကိုယ်က နည်းအမျိုးမျိုးနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်ပါတယ်။ ဥပမာ

  • ဖျားတဲ့အခါ အပူချိန်တက်တာကြောင့် အရေပြားနဲ့ အသက်ရှူလမ်းကြောင်းကနေ ရေငွေ့ပျံ ဆုံးရှုံးတာ
  • ‌ချွေးထွက်တာ
  • အန်တာ၊ ဝမ်းလျှောတာ
  • အစားအသောက်ပျက်ပြီး အစာနဲ့ ရေ ဝင်တာနည်းသွားတာ စတဲ့ အကြောင်းအရာတွေကြောင့် ခန္ဓာကိုယ်က ရေဓာတ်ကို ပိုပြီး ဆုံးရှုံးရပါတယ်။
  • တကယ်က ဖျားနာနေချိန်ဆို အပေါ်က အကြောင်းရင်းတွေနဲ့ ရေဓာတ်ပိုဆုံးရှုံးနေတာကြောင့် နေကောင်းချိန်ထက်တောင်မှ ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။

    ရေဓာတ်ပြည့်ဝမှ ခန္ဓာကိုယ်က သွေးလည်ပတ်မှုကောင်းသလို ခုခံအားစနစ်အပါအဝင် ကိုယ်တွင်းက အင်္ဂါရပ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်တာကြောင့် ဖျားနာတာ မြန်မြန်သက်သာပါလိမ့်မယ်။ 

    ဒါကြောင့် ဖျားတဲ့အချိန်ဆို ရေပိုသောက်ဖို့ လိုပါတယ်။ တစ်နေ့ကို ရေ၈ဖန်ခွက်အပြင် ခန္ဓာကိုယ်က လိုရင် လိုသလို ပိုသောက်ဖို့ လိုပါတယ်။ ရေဓာတ်ချို့တဲ့အခါ 

    • ဆီးသွားနည်းတာ
    • ဆီးအရောင်ရင့်တာ
    • အာခြောက်တာ
    • ကိုယ်အပူရှိန်တက်တာ
    • ရေဆာတာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

    ဒီလက္ခဏာတွေ ရှိနေပြီဆိုရင် ကိုယ်ရေသောက်တာ မလုံလောက်သေးဘူး။ ထပ်သောက်ဖို့ လိုတယ်ဆိုတဲ့ သဘောပါပဲ။ ဖျားနာနေချိန်မှာ ရေဓာတ်ပြည့်ဝဖို့ ရေပဲ သောက်ရမှာတော့ မဟုတ်ပါဘူး။ ရေအပြင် တခြားသောက်လို့ရတာတွေလည်း ရှိပါသေးတယ်။

    ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

    • ရိုးရိုးရေ

    ဘာသောက်ရမှန်း မသိရင် ရိုးရိုးရေသာ သောက်ပါ။ အလုပ်ရှုပ်သက်သာသလို ကုန်ကျစရိတ်လည်း နည်းပါတယ်။ သတိထားရမှာက ရေက ရေကောင်းရေသန့်ဖြစ်ရပါမယ်။ မဟုတ်ရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါလိမ့်မယ်။ ဒီတော့ ရေကို ကျိုချက်ပြီးသောက်ပါ။ ဒါမှမဟုတ် ရေသန့်သောက်ပါ။

    • ဓာတ်ဆားအားဖြည့်အချိုရည်

    ဓာတ်ဆားအားဖြည့်အချိုရည်ကလည်း ရေသောက်ရတာ ရိုးနေလို့ မသောက်ချင်သူတွေအတွက် နောက်ထပ်ရွေးစရာတစ်ခုပါ။ ခံတွင်းလည်း ပျက်နေလို့ အစားလည်း သိပ်မဝင်ဘူးဆိုရင် ဂလူးကို့စ်နဲ့ electrolytesတွေ ပါဝင်တဲ့ ဓာတ်ဆားအားဖြည့်အချိုရည် သောက်နိုင်ပါတယ်။

    • အုန်းရည်

    ဒါကလည်း ပိုတက်ဆီယမ် ကြွယ်ဝတဲ့သောက်စရာတစ်ခုပါ။ အထူးသဖြင့်တော့ ဖျားပြီး ဝမ်းလျှောနေချိန်ဆို သင့်တော်ပါတယ်။

    • Infused water

    ရေပဲ သောက်ဆိုရင် အရသာ မရှိတဲ့အတွက် များများသောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေထဲကို သံပုရာသီးစိတ်လေးတွေ၊ ပူဒီနံလေးတွေ ထည့်ပြီး သောက်ချင်စဖွယ်ဖြစ်အောင် ဖန်တီးလို့ ရပါတယ်။ ဒါကိုပဲ infused waterလို့ ခေါ်တာပါ။

    • စွပ်ပြုတ်

    ဖျားတဲ့အချိန် လူတိုင်းသောက်ကြတဲ့ သောက်စရာတစ်မျိုးပါ။ စွပ်ပြုတ်က ရေဓာတ်ရတယ်ဆိုပေမယ့် ဒီနေရာမှာ အကြံပေးချင်တာက အသားကိုပါ စားပါ။ ဥပမာ ကြက်စွပ်ပြုတ်ဆို စွပ်ပြုတ်အရည်ရော ကြက်သားရောစားပါ။ ဒါမှ အာဟာရလည်းပြည့်၊ ရေဓာတ်လည်း ပြည့်မှာပါ။

    • နွားနို့

    နေမကောင်းရင် နွားနို့ မသောက်ရဘူးဆိုတာ မဟုတ်ပါဘူး။ နွားနို့က ချွဲထတယ်ဆိုတာလည်း မဟုတ်ပါဘူး။ နွားနို့က အာဟာရပြည့်ဝတဲ့ အရည်ဖြစ်တာကြောင့် ဖျားနာနေချိန်နဲ့ အင်မတန်မှ သင့်တော်ပါတယ်။ သွေးတွင်းအဆီဓာတ်များသူ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ရှိသူတွေကတော့ အဆီထုတ်ထားတဲ့ နို့ကို သောက်နိုင်ပါတယ်။ နို့သောက်တဲ့အခါ သန့်ရှင်းမှုနဲ့ ပွက်ပွက်ဆူအောင် ကျိုဖို့ လိုပါတယ်။ မဟုတ်ရင် ဝမ်းလျှောတတ်ပါတယ်။

    ဖျားနာနေချိန် ဘာတွေ မသောက်သင့်ဘူးလဲ

    အဓိကကတော့ ကိုယ်သောက်တဲ့ ဆေးနဲ့ ဓာတ်ပြုနိုင်တာတွေ၊ အာဟာရမရှိတာတွေ၊ ခုခံအားစနစ်ကို ဝန်ပိစေတဲ့ အရည်တွေကို ရှောင်သင့်ပါတယ်။ ဥပမာ

    • အရက်၊ ဘီယာ

    အရက်၊ ဘီယာသောက်လိုက်ရင် ကိုယ်ထဲမှာ နွေးသွားတယ်ဆိုပေမယ့် ဒါက အဖျားကျသွားတာတော့ မဟုတ်ပါဘူး။ အရက်သောက်လိုက်တာကြောင့် အသည်းက အလုပ်ပိုလုပ်ရတဲ့အပြင် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။ ဖျားလို့ သောက်ရတဲ့ ဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။

    • ကော်ဖီ၊ လက်ဖက်ရည်

    ကဖင်းပါဝင်တဲ့ ဒီလို‌သောက်စရာက လူကို လန်းစေတာကြောင့် အိပ်စက်အနားယူမှုကို အ‌နှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ရင်တုန်စေပါတယ်။ အလွန်အကျွံ သောက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဆေးတွေရဲ့ စုပ်ယူမှုကိုလည်း တားဆီးနိုင်ပါတယ်။

    • ရေနွေးကြမ်း

    ပုံမှန်ဆိုရင် ရေနွေးကြမ်းက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် နေမကောင်းနေချိန်တော့ ခဏနားထားပါ။ ဆေးတွေ (အထူးသဖြင့် အားဆေး)ရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်တာကြောင့်ပါ။

    • အားဖြည့်အချိုရည်

    အားဖြည့်အချိုရည်ဆိုပေမယ့် ဖျားနေချိန်မှာ ထူးထွေပြီး အားရှိစေမှာတော့ မဟုတ်ပါဘူး။ ဗီတာမင်တွေ ပါတယ်ဆိုပေမယ့် ကဖင်းက ပြဿနာပါ။ လူကို လန်းစေတာကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာတွေ ဖြစ်နိုင်သလို အာဟာရဓာတ်လည်း မယ်မယ်ရရ မပါဝင်ပါ။ ပါတဲ့ ဗီတာမင်တွေ ဆိုတာကလည်း နေ့စဉ်စားတဲ့ အစားအစာတွေကနေ ရနိုင်တာကြောင့် ဗီတာမင်လိုချင်ရုံသက်သက်နဲ့တော့ သောက်စရာမလိုပါ။

    • အချိုရည်

    ဂတ်စ်ပါတဲ့ အချိုရည်၊ အအေးတွေက သကြားဓာတ်တွေများပြီး အာဟာရဓာတ်မယ်မယ်ရရ မပါဝင်တာကြောင့် ဖျားနေတဲ့သူအတွက် ကောင်းကျိုးမရှိပါ။ ဒါကြောင့် ရှောင်ထားတာ ကောင်းပါတယ်။

    ဖျားနေချိန်မှာ ရေဓာတ်ဖြည့်ဖို့ လိုအပ်တယ်ဆိုပေပမယ့် ကိုယ်သောက်တာက ကျန်းမာရေးကိုမထိခိုက်စေတာမျိုး ဖြစ်ဖို့တော့ လိုပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ သောက်စရာကို‌ ရွေးချယ်မှသာ အဖျားဝေဒနာကနေ မြန်မြန်သက်သာလာမှာ ဖြစ်ပါတယ်။

    Htet Htet Zaw Win
    Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/08/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။