brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သိထားရမည့် မတည့်သောအစားအသောက်များ

အစားအစာအလက်ဂျီသည် တစ်ချို့သောအစားအသောက်များကို ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်မှ အန္တရာယ်ရှိသည်ဟုယူဆပြီး ဓါတ်မတည့်မှုဖြစ်ပွားခြင်းကို ခေါ်ပါသည်။ အလက်ဂျီဖြစ်စေသော အစားအစာများကို အလက်ဂျင်ဟု ခေါ်သည်။

သိထားရမည့် မတည့်သောအစားအသောက်များ

တချို့သော သုတေသနများတွင် ကလေးများ၏ ၄-၆% နှင့် လူကြီး ၆% တို့တွင် အစားအစာအလက်ဂျီရှိကြောင်း တွေ့ရ၏။ ကလေးများနှင့် ပေါက်စအရွယ်များတွင် ပိုအဖြစ်များသည်။

အစားအစာအလက်ဂျီအမျိုးအစားများ

အစားအစာအလက်ဂျီနှစ်မျိုးရှိပါသည်။

IgE နှင့်ဆိုင်သော – အလက်ဂျီလက္ခဏာများသည် IgE ဆိုသည့် ပဋိပစ္စည်းများ ကိုယ်ခံအားစနစ်မှ ထုတ်လွှတ်ပေးခြင်းနှင့် ဆက်စပ်ပြီး ဖြစ်ပွား၏။ ထိပဋိပစ္စည်းများသည် တစ်ချို့သော အစားအစာများနှင့်သာ ဓါတ်ပြုမှုရှိပါသည်။

IgE နှင့်မဆိုင်သော – ဒီအခြေအနေတွင်တော့ ခန္ဓါကိုယ်ခုခံအားစနစ်မှ တခြားအစိတ်အပိုင်းများနှင့် အစားအစာ ဓါတ်ပြုခြင်းဖြစ်သည်။ ဒီလို အစားအစာအလက်ဂျီမျိုးတွင် IgE ပဋိပစ္စည်းများကို မထွက်စေပါ။

တစ်ချို့သောသူများတွင် အမျိုးအစားနှစ်မျိုးလုံး ရှိနေတတ်ပါသည်။

အစားအစာအလက်ဂျီ၏လက္ခဏာများ

အစားအစာအလက်ဂျီရှိသည့်အခါတွင် လက္ခဏာများကို အရေပြား၊ သွေးလှည့်ပတ်မှုအဖွဲ့အစည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းစနစ်နှင့် အသက်ရှုလမ်းကြောင်းတို့၌ တွေ့ရပါသည်။ အဖြစ်များဆုံး လက္ခဏာများမှာ-

  • အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်းနှင့် နာခြင်း
  • ညှင်းခူ သို့မဟုတ် အင်ပျဉ်များထခြင်း
  • လျှာ၊ နှုတ်ခမ်း၊ လည်ချောင်းများ ဖူးယောင်ခြင်း သို့မစုတ် ပါးစပ်ထဲတွဲယားနေပြီး စကားပြောရာ အသက်ရှုရာတွင် ခက်ခဲစေနိုင်သည်
  • လည်ချောင်းထဲကြပ်နေပြီး အသက်ရှုရခက်ခြင်း
  • တရွှီရွှီမြည်ခြင်း
  • သွေးခုန်နှုန်းအားနည်းရာမှ သွေးပေါင်ထိုးကျသွားခြင်း
  • မူးဝေခြင်း
  • အရေပြားအရောင်ဖျော့သွားခြင်း သို့မဟုတ် ပြာနှမ်းလာခြင်း
  • ပြင်းထန်သောဓါတ်မတည့်မှု (Anaphylaxis) – ဓါတ်ပြုမှုသည် ခန္ဓါကိုယ်တစ်နေရာမကတွင် ဖြစ်ပွားနေပြီး အဆိုးဝါးဆုံး အခြေအနေများကို ရောက်သွားခြင်းဖြစ်သည်။ ဖြစ်ပွားလာပါက လူနာကို ချက်ချင်းကုရပါမှ အသက်မဆုံးရှုံးမည်ဖြစ်သည်။

အလက်ဂျင်ဟုသတ်မှတ်ကြသည့် အစားအစာများ

ကလေးများတွင် အလက်ဂျီမကြာခဏဖြစ်စေသော အစားအစာတစ်ချို့ရှိပါသည်။ ၎င်းတို့မှာ နွားနို့၊ မြေပဲနှင့် ဥများဖြစ်သည်။ နွားနို့၊ ဥများနှင့် ဓါတ်ပြုမှုသည် ကလေးကြီးလာသည်နှင့် ပျောက်သွားတတ်ပါသည်။ သို့သော် မြေပဲအလက်ဂျီကတော့ မပျောက်ပါ။

အရွယ်ရောက်ပြီးသူများတွင် အဖြစ်များသော အလက်ဂျင်များမှာ မြေပဲနှင့် ခွံမာသီးများ၊ ငါးနှင့် ကရုကမာ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဝတ်မှုန်များတို့ဖြစ်ကြသည်။

အစားအစာအလက်ဂျီအတွက်ကုသခြင်း

အစားအစာအလက်ဂျီအတွက် အဓိကကုသမှုသည် ဓါတ်ပြုမှုကိုဖြစ်စေသည့် အစားအစာများကို ရှောင်ခြင်းဖြစ်သည်။ ဘယ်စားသောက်ကုန်မဆို အညွှန်ကိုသေချာဖတ်ပြီး ပါဝင်ပစ္စည်းများကိ သေချာကြည့်ပါ။ ထို့မှနေ၍ အလက်ဂျင်စားမိနိုင်ချေကို လျော့ချပေးနိုင်ပါလိမ့်မည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။