backup og meta

လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းတွေအတွက် ဘယ်လိုအစားအသောက်ပုံစံ နဲ့ ဗီတာမင်တွေကို စားပေးရမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းတွေအတွက် ဘယ်လိုအစားအသောက်ပုံစံ နဲ့ ဗီတာမင်တွေကို စားပေးရမလဲ

    သင့်လက်မောင်းနဲ့ တံတောင်ဆစ်တို့မှာ နာကျင်ခြင်းကို ခံစားနေရတယ်ဆိုရင် ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကုသပေးဖို့ အထူးအရေးကြီးပါတယ်။

    ဆေးဝါးနဲ့ လေ့ကျင့်ခန်းတွေသာမက အစားအသောက်ပုံစံနဲ့ ဗီတာမင်တွေဟာလည်း အရေးပါလာပါတယ်။

    တကယ်လို့ သင့်အနေနဲ့ ဘယ်လိုအစားအသောက်ပုံစံတွေကို စားသုံးရမယ်မှန်း မသိဖူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်း

    လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ အရမ်းအရေးကြီးတဲ့ ပြဿနာတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ လက်မောင်းကို အသုံးပြုပြီး လှုပ်ရှားလုပ်ဆောင်မှုအတော်များများကို ပြုလုပ်ရတာမို့ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။

    အဆစ်အမြစ်ရောင်ခြင်း၊အရွတ်ရောင်ခြင်း ဒါမှမဟုတ် ခေါက်ခြင်း၊ဒါဏ်ဖြစ်ခြင်းတို့ကြောင့် နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ အရိုးနဲ့အဆစ်အမြစ်ရောင်ရောဂါ ဒါမှမဟုတ် rheumatoid အဆစ်အမြစ်ရောင်ရောဂါတွေဟာ ရောင်ရမ်းနာကျင်မှုကိုဖြစ်စေတဲ့အပြင် တောင့်တင်းပူနွေးနေစေပြီး လက်မောင်းလှုပ်ရှားမှုတွေကိုလည်း အဆင်မပြေ ဖြစ်စေပါတယ်။

    အရွတ်ရောင်ရမ်းရင်လည်း နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး တင်းနစ်ကစားသမား၊ဂေါက်သီးရိုက်ကစားသမားတွေမှာ တွေ့ရတတ်တဲ့ ပြဿနာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သင့်အနေနဲ့ ရောင်ရမ်းနာကျင်မှုတွေကို ခံစားရမှာဖြစ်ပြီး အရိုးအဆစ်နဲ့ ကြွက်သားတွေ တောင့်တင်းနေမှာ ဖြစ်ပါတယ်။ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ အရွတ်ကြောတွေ စုတ်ပြဲတဲ့အခါ၊အရွတ် ဒါမှမဟုတ် ကြွက်သားတွေ စုတ်ပြဲတဲ့အခါ ဒါဏ်ဖြစ်လာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။

    အဆိုပါ ပြဿနာတွေရဲ့ ရောဂါလက္ခဏာတွေက အတူတူပဲ ဖြစ်ပြီး နာကျင်ရောင်ရမ်းမှုတွေ ဒါမှမဟုတ် ပုံမှန်အတိုင်းကောင်းစွာ မလှုပ်ရှားနိုင်တာတွေ စတဲ့လက္ခဏာတွေကို ခံစားရမှာပါ။

    ငါး စားပေးပါ။

    ငါးမှာ omega-3 fatty acids ပါဝင်ပြီး ဒီလိုအဆီမျိုးဟာ ကျန်းမာရေးအတွက် ကောင်းမွန်ကာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တမျိုး ဖြစ်ပါတယ်။ လိုအပ်သော်ငြား omega-3 fatty acids ကို သင့်ခန္ဓါကိုယ်က မထုတ်လုပ်နိုင်ပါဘူး။

    ဒါကြောင့် သင့်အနေနဲ့ omega-3 fatty acids ပါဝင်တဲ့ အစားအသောက်တွေ ဒါမှမဟုတ် ဖြည့်စွက်အားဆေးတွေကို သုံးစွဲပေးရပါမယ်။omega-3 fatty acids ဟာ အဆစ်အမြစ်တွေမှာ ရောင်ရမ်းနာကျင်တောင့်တင်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အရွတ်နဲ့ အဆစ်အမြစ်ရောင်ရမ်းနေသူတွေအတွက်လည်း အထူးကောင်းမွန် အကျိုးရှိပါတယ်။ အရောင်ကျဆေးတွေရဲ့ အာနိသင်ကိုလည်း ပိုမိုထက်မြက်စေပါတယ်။

    ငါး အားလုံးမှာ omega-3 fatty acids ပါဝင်ပေမယ့် အချို့သော ငါးအမျိုးအစားတွေမှာ ပါဝင်တဲ့ ပမာဏက ပိုများပါတယ်။ အပြာရောင်ငါးတမျိုး၊mackerel ငါး၊ဆယ်လ်မွန်ငါးနဲ့ တူနာငါးတို့ကနေ omega-3 fatty acids ကို အဓိက ရရှိပါတယ်။ ဒါပေမယ့် mackerel သို့မဟုတ် ငါးမန်းကဲ့သို့သော ငါးတွေမှာ မာကျူရီနဲ့ အခြားသော အဆိပ်အတောက်တွေ ပါဝင်နေပါတယ်။

    flaxseed စားပါ။

    flaxseed မှာလည်း omega-3 fatty acids ပမာဏ မြင့်မားစွာ ပါဝင်နေပါတယ်။rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ လက်မောင်းနဲ့တံတောင်ဆစ်နာကျင်ခြင်း ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေဖို့အတွက် flaxseed ကို အသုံးပြုနိုင်ပါတယ်။

    flaxseed ကို အခြားသော အစားအစာ ဒါမှမဟုတ် အရည်တွေနဲ့ ရောနှောနိုင်ပါတယ်။ ဘီစကစ်၊ဝေဖာ ဒါမှမဟုတ် ကွေကာအုတ်တို့မှာ flaxseed ပါဝင်ပါတယ်။flaxseed အဆီတွေကို ပိုမိုကောင်းမွန်လွယ်ကူစွာ စုပ်ယူနိုင်စေဖို့အတွက် မစားခင်မှာ အစေ့ကို ကျေညက်အောင် ထောင်းပေးရပါမယ်။

    ဒါပေမယ့် သင့်မှာ ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်တဲ့ရောဂါတွေ (ဥပမာ ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ စသည်)ရှိနေရင် flaxseed ကို မသုံးစွဲသင့်ပါဘူး။

    ဂျင်း စားပါ။

    ဂျင်းကို အစပ်အရသာနဲ့ ရနံ့အတွက် အာရှ၊အာဖရိက အစားအစာတွေမှာ အများဆုံး အသုံးပြုလျက် ရှိပါတယ်။ အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း ဒါမှမဟုတ် rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်း ခံစားနေရရင် ဂျင်းက အဆိုပါ ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။

    ဂျင်းကို အစားအစာအဖြစ် စားသုံးနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့လည်း သုံးစွဲနိုင်ပါသေးတယ်။ ရှာရှားပါးပါးဆိုသလို ဂျင်းကြောင့် လေပွခြင်း၊အာခံတွင်း အတွင်း ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် အရေပြားပေါ်မှာ အစက်များ ထွက်ခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

    နနွင်းကရော ဘယ်လိုကူညီပေးနိုင်သလဲ။

    နနွင်းမှုန့်ဟာ နနွင်းပင်ကရရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တမျိုးဖြစ်ပြီး အာရှဟင်းလျာတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ နနွင်းဟာ ပူနွေးခါးသက်တဲ့အရသာကိုပေးပြီး ဟင်းခတ်အနှစ်တွေမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

    နနွင်းမှာ curcumin လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေတဲ့ ဓါတ်တမျိုး ပါဝင်ပါတယ်။ နနွင်းဟာ နာကျင်မှုဝေဒနာကို လျော့ပါးသက်သာစေသလို အရိုးနဲအဆစ်အမြစ်ရောင်ဝေဒနာခံစားနေရသူတွေမှာ မူလအတိုင်းလှုပ်ရှားသွားလာမှုတွေ ပြန်လည်ပြုလုပ်နိုင်ဖို့ ကူညီပေးပါတယ်။

    ဒါပေမယ့် သင့်မှာ သွေးယိုစီးခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိနေရင် (နနွင်းဟာ သွေးယိုစီးခြင်း၊သွေးခြေဥခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်)၊ဆီးချိုရောဂါရှိရင် ဒါမှမဟုတ် ရင်သားကင်ဆာ၊သားအိမ်ကင်ဆာတို့လို ဟော်မုန်းဓါတ်မညီမျှမှုကြောင့် ဖြစ်ရတဲ့ ရောဂါတွေရှိနေရင် နနွင်းကို မသုံးစွဲသင့်ပါဘူး။

    glucosamine ဓါတ်ပါအောင် စားသုံးပါ။

    glucosamine ဓါတ်ဟာ အရိုးနုတွေအတွက် ကောင်းမွန်အကျိုးရှိပါတယ်။glucosamine ဟာ အရိုးနဲ့အဆစ်အမြစ်တွေ နာကျင်ခြင်းကို သက်သာစေပြီး လှုပ်ရှားမှုတွေကိုလည်း ပိုမိုအဆင်ပြေစေပါတယ်။ ပုစွန်လေးတွေမှာ glucosamine ဓါတ်ပါဝင်ပေမယ့် ပမာဏ နည်းပါးလွန်းတဲ့အတွက် ဖြည့်စွက်အားဆေးတွေ သုံးစွဲဖို့ လိုအပ်ပါလိမ့်မယ်။

    အဆိုပါ ဖြည့်စွက်အားဆေးတွေကို ပုစွန်ဆိတ်လေးတွေ၊ပုစွန်ထုပ်ကြီး၊ဂဏန်းစတဲ့ ခွံမာကောင်တွေရဲ့ အခွံကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။glucosamine ဓါတ်ကို ဆေးတောင့်၊ဆေးပြား၊ဆေးမှုန့် (ရေနဲ့ရောသောက်နိုင်ပါတယ်) စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

    ဒါပေမယ့် glucosamine ဟာ ပျို့အန်မအီမသာဖြစ်ခြင်း၊ရင်ပူခြင်း၊ဝမ်းလျှောခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပုစွန်ဆိတ်၊ပုစွန်ထုပ်ကြီး၊ဂဏန်း အစရှိတဲ့ ခွံမာရေသတ္တဝါတွေနဲ့ ဓါတ်မတည့်ဖူးဆိုရင်တော့ glucosamine ကို မသုံးစွဲသင့်ပါဘူး။

    လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို ကုသရာမှာ မှန်ကန်တဲ့အစာအသောက်ပုံစံနဲ့ ဗီတာမင်ဓါတ်တို့ဟာ အလွန်ပဲ အရေးကြီးပါတယ်။ သူတို့ဟာ ထိရောက်ပြီး သုံးစွဲရလွယ်ကူသလို ယေဘုယျအားဖြင့် ဘာအန္တရာယ်မှ မရှိပါဘူး။

    ဒါပေမယ့် သင့်ရောဂါအခြေအနေနဲ့ အဆိုပါ အစားအစာ၊ဗီတာမင်ဓါတ်တွေ သင့်တော်မှုရှိမရှိ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်တို့နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement