backup og meta

ကင်ဆာကုထုံးခံယူနေသူတွေ စားသင့်တဲ့အာဟာရ (၇) မျိုး

ကင်ဆာကုထုံးခံယူနေသူတွေ စားသင့်တဲ့အာဟာရ (၇) မျိုး

ကင်ဆာကုထုံးခံယူနေတဲ့ကာလအတွင်းမှာ အရေးကြီးတာက ကုသနေတဲ့ဆေးဝါးတွေကို ခံနိုင်ရည်ရှိဖို့၊ ကျန်းမာအားပြည့်နေဖို့၊ သက်တောင့်သက်သာရှိဖို့၊ တခြားရောဂါတွေကင်းဖို့(ကိုယ်ခံအားကောင်းဖို့)ဖြစ်ပါတယ်။ ဒါမှ ကုထုံးရဲ့ထိရောက်မှုကို အပြည့်အဝရရှိနိုင်မှာပါ။ ကင်ဆာကုထုံးတွေခံယူနေတဲ့အချိန် ဒါလေးတွေ စားလို့ သင့်တော်နိုင်ပါတယ်။

(၁) မုန်လာဥနီ (ကုထုံး ပိုထိရောက်စေဖို့)

ကင်ဆာလူနာတွေအတွက် အကြံပြုကြတဲ့ စားသောက်မှုပုံစံတိုင်းမှာ မုန်လာဥနီပါဝင်လေ့ရှိပါတယ်။ မုန်လာဥနီ၊ တရုတ်နံနံတို့မှာပါတဲ့ဒြပ်ပေါင်းတချို့က ကင်ဆာကုထုံးကိုအနှောင့်အယှက်ပေးနိုင်တဲ့အရာတွေ၊ လုပ်ဆောင်ချက်တွေကို တားဆီးပေးပြီး ဓါတုကုထုံးကို ထိရောက်မှုပိုရှိအောင်ထောက်ပံ့ပေးနိုင်ပါတယ်လို့ နယူးဇီလန်သုတေသနကဖော်ပြထားပါတယ်။ ဒါ့ကြောင့် ဒီဓါတ်စာကို မကြာခဏစားပေးရင် ကုထုံးကို ရလဒ်ပိုကောင်းစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

(၂) ငှက်ပျောသီး (ဝမ်းပျက်ခြင်းကို ကုသဖို့)

ဆန်၊ငှက်ပျောသီး၊ အပူပေးထားတဲ့ပန်းသီး(ပန်းသီးအဆီအနှစ်)နဲ့ပေါင်မုန့်မီးကင် ဆိုတဲ့အတွဲအစပ်က ဝမ်းပျက်ဝမ်းလျှောခြင်းအတွက်ဓါတ်စာပါ။ ကင်ဆာကုထုံးကြောင့် ဝမ်းပျက်ခြင်းကို သက်သာစေနိုင်ပြီး ဝမ်းကိုခဲစေပါတယ်။ အဆီများတဲ့အစားအစာတွေ၊ အသီးအနှံတွေက ဝမ်းပျက်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။

(၃) ဂျုံကြမ်းနဲ့လုပ်တဲ့ စားစရာတွေ (ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့)

ဝမ်းချုပ်နေတယ်ဆိုရင်တော့ရေများများသောက်ပါ။ ဂျုံကြမ်းပေါင်မုန့်၊ကွေကာ၊ သစ်သီးခြောက်၊ ပဲ စတဲ့ပျော်ဝင်အမျှင်ဓါတ်တွေကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ။ ဒီနှစ်ချက်က အစာခြေစနစ်အတွက် တကယ်အထောက်အကူပေးပါတယ်။The National Cancer Institute (NCI) ရဲ့အကြံပြုချက်အရ ကင်ဆာကုထုံးခံယူနေတဲ့သူတွေဟာ တစ်နေ့ကို အရည်ပမာဏ ၈ ခွက်ကနေ ၁၂ ခွက်အထိ ရှိသင့်တယ်လို့ သိရပါတယ်။

(၄) ကြက်ဥပူတင်း (ပါးစပ်အနာဖြစ်ခဲ့ရင်)

ဆေးပြင်းလို့ ပါးစပ်မှာအနာတွေဖြစ်လာခဲ့ရင် အစာပျော့ပျော့စားဖို့လိုလာမှာပေါ့။ ပူတင်း၊ဆန်ပြုတ်၊ စွပ်ပြုတ်တို့လို အာဟာရပြည့်ပြီး စားရလွယ်တာတွေကို စားလို့ရပါတယ်။ ကြက်ဥပူတင်းဆိုရင် နွားနို့၊ ကြက်ဥ၊သကြားလေးပဲပါတာဆိုတော့ အာဟာရအတွက် ပူစရာသိပ်မလိုတဲ့ သရေစာပါ။ အစာမာတာတွေနဲ့ အပူအစပ်တွေကိုရှောင်ပါ။

(၅) ကြက်သွန်ဖြူ/နီ (ကိုယ်ခံအားမြှင့်တင်ဖို့)

ကင်ဆာလူနာတွေရဲ့ ဓါတ်စာတွေထဲမှာ ကြက်သွန်နီနဲ့ကြက်သွန်ဖြူ အမြဲပါဝင်ပါတယ်။မြန်မာ့ဟင်းလျာတွေမှာတော့ ကြက်သွန်ဖြူနီကို အမြဲထည့်လေ့ရှိတာမို့ အနည်းအကျဉ်းတော့ရနိုင်ပါတယ်။ ကြက်သွန်တွေကို အစိမ်းပဲဖြစ်ဖြစ်၊ ချက်ပြုတ်ထားတာဖြစ်ဖြစ် သူတို့မှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ကင်ဆာကိုကူညီတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝလို့ ကိုယ်ခံအားစနစ်ရဲ့သဘာဝအလျောက်ခုခံနိုင်စွမ်းကို နှိုးဆွကူညီပေးပါတယ်။ သုတေသနတွေအရ အနံ့ပြင်းတဲ့ကြက်သွန်နီတွေဟာ တချို့ကင်ဆာဆဲလ်တွေကို ဆက်မပွားနိုင်အောင် ဟန့်တားပေးနိုင်တယ်လို့တွေ့ရှိထားပါတယ်။ အကောင်းဆုံးကတော့ ကင်ဆာကာကွယ်ကုသနိုင်စွမ်းရှိတဲ့တခြားအသီးအရွက်တွေနဲ့ အတူရောပြီးကြော်ချက်တာပါပဲ။

(၆) အသား (ကြွက်သားနဲ့ ခွန်အားဖြည့်တင်းဖို့)

ကုထုံးခံယူရင်း လျော့ပါးသွားတဲ့ခွန်အားတွေကိုပြန်လည်ဖြည့်တင်းပြီး ကြွက်သားကျန်းမာစေဖို့ အဆီကင်းတဲ့ အသားဓါတ်ကိုပိုပြီးလိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ ကြက်ဥ၊ ကြက်သား၊ တို့ဖူး၊ ငါး စတဲ့ အရင်းအမြစ်တွေဆီက အသားဓါတ်ကိုရွေးချယ်ပါ။ ကင်ဆာဝေဒနာရှင်အများစုက အနီရောင်အသားတွေကို သတ္တုအရသာလိုလို ခံစားမိတတ်တာကြောင့် ကြက်သားပဲ ပိုပြီးသင့်တော်ပါတယ်။

(၇) ဆယ်လီနီယမ်ကြွယ်ဝတဲ့ အစားအစာ (ကင်ဆာတိုက်ဖျက်မှု ကူညီဖို့)

Brazil nuts ၊ ပင်လယ်စာ၊ အုတ်ဂျုံနဲ့ ဆန်လုံးညိုတို့က ကင်ဆာတိုက်ဖျက်တဲ့သတ္တုဓါတ် ဆယ်လီနီယမ်ကြွယ်ဝတဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။Journal of Biological Chemistryမှာဖော်ပြခဲ့တဲ့ သုတေသနအရ ဆယ်လီနီယမ်ဒြပ်ပေါင်းတွေက ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီးသွေးကင်ဆာနဲ့ မှဲ့ကင်ဆာတို့လို ကင်ဆာတချို့ကို ကုသရာမှာအထောက်အကူပေးပါတယ်။ ဒါပေမယ့် အခွံမာငါးနဲ့ ငါးအစိမ်းစားတာကိုတော့ရှောင်သင့်ပါတယ်။ အစားအသောက်ကနေရတဲ့ရောဂါတွေက ကုထုံးကို အနှောင့်အယှက်ပေးနိုင်တယ်လို့ သိရပါတယ်။ အမြဲတမ်းကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။

အစာစားချင်စိတ်မရှိခြင်းကို သက်သာစေဖို့

အစာစားချင်စိတ်မရှိတာက ကင်ဆာကုထုံးရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့သုံးနပ် စားဖြစ်ဖို့ ကိုယ့်ကိုယ်ကိုအတင်းတွန်းအားပေးတာထက် တစ်နေ့လုံးစာမှာ အာဟာရပြည့်ပြီးခွန်အားရှိနေစေမယ့် ပမာဏနည်းနည်းနဲ့ ၅ နပ်၊ ၆နပ်လောက်ခွဲစားတာက ပိုကောင်းပါတယ်။ သုံးလုတ်လောက်ပဲ စားဝင်လည်း ရပ်ထားပြီး အချိန်ခြားမှ နည်းနည်းထပ်စားတာမျိုး အကြိမ်ရေခွဲပေးရင် အဆင်ပြေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://stanfordhealthcare.org/medical-clinics/cancer-nutrition-services/during-cancer-treatment/nutrition-during-chemo.html

Accessed July 15.7.2019.

https://www.rd.com/health/healthy-eating/diet-for-cancer-patients/

Accessed July 15.7.2019.

https://www.webmd.com/cancer/features/15-nutrition-tips-chemo

Accessed July 15.7.2019.

ယခုပုံစံ

21/03/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးမယ့် ရွှေမှုန်ကုထုံး

ပျောက်ကင်းနိုင်ခြေအများဆုံး ကင်ဆာများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement