
အစိမ်းစားလို့မရတာ အသားနဲ့ငါးပဲရှိတယ်လို့ အရင်ကပြောကြပေမယ့် အခုဆို အသား၊ငါးတွေကို အစိမ်းပြင်ဆင်ထားတဲ့မီနူးတွေ ဟိုတယ်စာတွေမှာပါတွေ့နေရပါပြီ။ ထိုင်းစတိုင် ပုဇွန်အစိမ်းသုပ်တို့၊ ဂျပန်စတိုင်၊ ကိုရီးယားစတိုင် ငါးအသားလွှာတို့ဘာတို့ ကြိုက်ကြတယ်မလား။
အစိမ်းစားတာက အစာအဆိပ်သင့်တာကလွဲရင် ချက်ချင်းတော့ အသက်အန္တရာယ်မရှိနိုင်တော့လည်း စားလို့ရတယ်လို့ပြောကြမှာပေါ့လေ။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်ကနေဆိုရင်တော့ အစိမ်းမစားသင့်တဲ့အရာတွေရှိနေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဘယ်အစားအစာတွေကိုရှောင်သင့်လဲ၊ ဘာကြောင့်ရှောင်သင့်လဲ ဆက်ပြီးဖတ်ကြည့်နော်။
သိပ်ကိုလူကြိုက်များတဲ့ ဆူရှီတွေကို ထိခိုက်စေလိုတာတော့မဟုတ်ပါဘူး။ ထမင်းရယ်၊ရေညှိရယ်၊ အသီးအရွက်၊ အသားငါးပင်လယ်စာ၊ ကြက်ဥနဲ့လုပ်တဲ့ မာရိုးနစ်တို့ပါဝင်လို့ အာဟာရပြည့်တဲ့အစားအစာတစ်ခုပါ။ ဒါပေမယ့် အသား၊ပင်လယ်စာတွေကို အစိမ်းထည့်ထားတာတော့ မစားသင့်ပါဘူး။ ပျို့အန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်ဗိုက်နာတွေဖြစ်စေနိုင်တဲ့anisakiasis လို ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားတွေပါလာနိုင်ပါတယ်။
ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေဆို ပိုပြီးသတိထားသင့်ပါတယ်။ သူ့ဒေသရေမြေအနေအထား အပူချိန်၊လတ်ဆတ်မှု၊ တာရှည်ခံမှုတို့က ဒီမှာဆိုရင် ကွဲပြားနိုင်တာမို့ ဂျပန်စတိုင်အတိုင်း အစိမ်းမစားသင့်ပါဘူး။
ဝက်သားကို အစိမ်းစားလေ့မရှိကြပေမယ့် မကျက်တကျက်တော့ စားမိနိုင်ပါတယ်။ လတ်ဆတ်မှုအားနည်းတဲ့အသားတွေကို အကင်အဖြစ်စားမိရင်salmonella၊E. coli, နဲ့ listeria တို့လို ဘက်တီးရီးယားတွေရသွားနိုင်ပါတယ်။ ဝက်သားဆိုတာ အပူပြင်းပြင်းနဲ့ ကျက်အောက်ချက်ပြုတ်ပြီး ကျက်ရင်တောင် အနည်းဆုံး ၃ မိနစ်လောက် ထားပြီးမှ စားသင့်တဲ့အသားပါ။
အပေါ်မှာပြောခဲ့သလိုပဲ ယဉ်ကျေးမှုတွေ၊ အစားအသောက်တွေ နိုင်ငံအချင်းချင်းဖလှယ်လာကြတဲ့အခါ ကိုရီးယားရုပ်ရှင်တွေထဲကလိုရေဘဝဲအစိမ်းတို့၊ ကမာအစိမ်းတို့ စားချင်လာကြမှာပဲ။ရေဘဝဲကိုတော့ ဂျပန်ဆိုင်မှာ အစိမ်းသုပ်စားမိနိုင်တယ်၊ ကမာဆိုလည်းဈေးကြီးပေးပြီး မှာယူစားသုံးလာကြပါတယ်။ ကမာကောင်အစိမ်းကနေ အသည်းရောင်အေပိုးကို ကူးစက်ပြန့်ပွားနိုင်ပါတယ်။