ကိုယ်အလေးချိန်လျှော့ချသူတွေမှာ လူသိများတဲ့ နည်းတချို့ရှိပါတယ်။ Raw until 4 ၊ Keto until 5 ၊ Vegan until 6 ၊ Dry until Fri စတာတွေပေါ့။ ဒီလိုနည်းတွေအပြင် ညနေ ၆ နာရီမတိုင်ခင် အစားအသောက်တွေမှီဝဲခိုင်းတဲ့ Before 6 ကလည်း လူသိများလှပါတယ်။ ဒါဆို ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား ဆိုတာလေး လေ့လာလိုက်ရအောင်နော်။
လူတော်တော်များများပြောနေကြ စကားတချို့ရှိတယ်မဟုတ်လား။ “ဝိတ်ကျချင်ရင် ညကျရင် ဘာမှမစားနဲ့” “ညနေ ၆ နာရီ ကျော်ရင် အစာမစားရဘူး” ဆိုတာမျိုးလေ။
ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား
တကယ်ရော ညဘက် ဘာမှမစားရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူဖြစ်စေမှာလား။ အာဟာရဗေဒပညာရှင်တွေနဲ့ ကိုယ်အလေးချိန်လျှော့ချရေးလမ်းညွှန်သူတွေကတော့ ဒီနည်းလမ်းဟာ ထင်သလောက် အလုပ်မဖြစ်ဘူးလို့ ဆိုထားကြပါတယ်။
နာမည်ကျော် အာဟာရလမ်းညွှန်စာရေးဆရာ မာ့ခ် ဘစ်တန်ကဆိုရင် ညပိုင်းမှာ အစာလျှော့စားတာက ကောင်းပေမယ့် တစ်နေကုန် ကျန်းမာရေးနဲ့ မညီညွတ်တာတွေချည်းစားနေရင် ဘာမှထူးမှာမဟုတ်ဘူးလို့ သူ့ရဲ့ စာအုပ်တစ်အုပ်မှာ ထည့်ရေးဖူးပါရဲ့။
- ၆ နာရီကျော်ရင် ဘာမှမစားရဘူးလား
တကယ်တော့ ညအိပ်ရာမဝင်ခင်မှာ အစာမစားတာဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာမဝင်ခင် ၂ နာရီလောက်ခြားပြီး အစာအစားထားရင် အဆင်ပြေပါပြီ။
၆ နာရီနောက်ပိုင်းရောက်တာနဲ့ ဘာမှမစားရဘူးလို့တော့ ပုံသေသတ်မှတ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းဟာ နေ့တိုင်း ၆ နာရီမတိုင်ခင်မှာ ဒင်နာစားကြမှာမဟုတ်လို့ပါပဲ။ တချို့များဆို အဲ့ဒီအချိန်မှာ ရုံးအဆင်း အိမ်အပြန် ဘတ်စ်ကားပေါ်မှာပဲရှိကြဦးမှာလေ။
ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကျွမ်းကျင်သူတွေကတော့ ကိုယ်အလေးချိန်လျှော့ချရာမှာ အောက်ပါနည်းတွေ သုံးဖို့ အကြံပေးထားကြပါတယ်။
- တစ်နေ့တာကို နည်းမှန်လမ်းမှန်နဲ့ စတင်
မနက်စာနဲ့ နေ့လယ်စာ မှီဝဲရာမှာ အသားကို လျှော့စားပြီး အသီးအရွက်တွေ ပိုစားတာက ကိုယ်အလေးချိန်ကျဖို့ အကူအညီဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် မနက်စာစားချိန်မှာ သစ်သီးတွေ၊ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ များများမှီဝဲတာက ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။
နေ့လယ်စာအတွက်ဆိုရင်တော့ အသားကို သင့်လျော်တဲ့ ပမာဏမျိုးထည့်စားနိုင်ပါတယ်။ ပြီးတော့ အသုပ်တွေ၊ စွပ်ပြုတ်တွေနဲ့ ပဲတွေကို ပိုပြီးမှီဝဲပေးသင့်ပါတယ်။
- သင့် ပန်းကန်ထဲမှာ လတ်ဆတ်တဲ့ သစ်သီးဝလံတွေများနေပါစေ
အသားကို လျှော့စားကြတဲ့အခါ စားစရာနည်းသွားတယ်လို့ လူတိုင်းက ထင်မြင်တတ်ကြပါတယ်။ တကယ်တော့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေက အသားတွေထက်ပိုပြီး ရွေးချယ်စရာများပါတယ်။ လူတွေရဲ့ အသားအပေါ် စွဲလမ်းနေတဲ့စိတ်ကြောင့်သာ ခုလို ခံစားနေရတာပါ။
နေ့လယ်စာ မှီဝဲချိန်မှာ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို များများပိုမှီဝဲပေးတာက ကိုယ်အလေးချိန်ကျဆင်းစေဖို့ ခြေလှမ်းကောင်းတွေကိ စတင်လိုက်တာပါပဲ။
- အေးခဲစာတွေနဲ့ အသင့်စားဆီကြော်မုန့်တွေနဲ့ လမ်းခွဲလိုက်ပါ
အေးခဲစာတွေဟာ ကိုယ်အလေးချိန်လျှော့ချနေသူတွေနဲ့ တကယ့် ရန်ဘက်တွေပါပဲ။ နောက်ပြီး ဆီကြော်မုန့်တွေ၊ အသင့်စားမုန့်ထုတ်တွေကလည်း ဒီအတိုင်းပါပဲ။ ဒီမုန့်တွေမှာပါဝင်နေတဲ့ သကြား၊ ဆိုဒီယမ်နဲ့ အဆီတွေဟာ သင့်ကို ဝစေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။
သင်အရမ်းကြိုက်နှစ်သက်တဲ့အရာတွေရှိနေတယ်ဆိုရင် အာသာပြေရုံနည်းနည်းပဲစားပါ။ နောက်ပြီး အဲ့ဒီအရာတွေကိုတော့ ညနေ ၆ နာရီမကျော်ခင်မှာစားပါ။
- ဘာစားစား အသီးအရွက်ချည်းစားနေဖို့ မလိုဘူး
အသီးအရွက်တွေကို ပိုမိုမှီဝဲတာက ကျန်းမာစေတယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်မဟုတ်ရင်တော့ အကျိုးထူးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်က သက်သက်လွတ်စားတတ်တဲ့လူမျိုးမဟုတ်ဘူးဆိုရင် အာဟာရမျှတစွာ မှီဝဲဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သားငါးကို မျှတအောင် မှီဝဲစားသုံးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တကယ်ရှောင်ရှားသင့်တာက အသင့်စားမုန့်ထုပ်တွေပါပဲ။
- ၆ နာရီနောက်ပိုင်းဆိုရင် ဘာမှမစားရတော့ဘူးလား
မဟုတ်ပါဘူး။ ၆ နာရီနောက်ပိုင်းမှာ ကိုယ်နေသာထိုင်သာရှိအောင် အစာနည်းနည်းမှီဝဲလို့ရပါတယ်။ တကယ်တမ်း ၆ နာရီနောက်ပိုင်းမှာ လုံးဝရှောင်ကျဉ်ရမှာက Junk Food တွေ၊ ဆီကြော်အစာတွေ၊ အယ်ကိုဟောနဲ့ အသင့်စား မုန့်ထုတ်တွေပါပဲ။ အဲ့ဒီအစားအစာတွေကိုတော့ လုံးမဝစားသင့်ပါဘူး။
- အချိန်ကိုချည်း အာရုံစိုက်မနေပါနဲ့
ညနေ ၅:၅၉ မှာ ချီစ်ဘာဂါအကြီးကြီး တစ်လုံးစားတဲ့သူနဲ့ ၇ နာရီလောက်မှာ ဟင်းသီးဟင်းရွက်တွေနဲ့ ညစာစားတတ်သူ ဘယ်သူက ကျန်းမာရေးနဲ့ ပိုညီညွတ်မယ်ထင်သလဲလေနော့။ အဓိက ကျတာက ဘယ်အချိန်မှာစားတယ်ဆိုတာထက် ဘယ်လိုစားတယ်၊ ဘယ်လောက် စနစ်တကျ စားတယ်ဆိုတာက အဓိကဖြစ်ပါတယ်။
- အသား၊ ငါးကို ကိုယ်တိုင်ချက်ပြုတ်စားပါ
အသားတွေ ငါးတွေစားမယ်ဆိုရင် ဆိုင်မှာစားတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။ ကိုယ်တိုင် ဒါမှမဟုတ် အိမ်မှာ ချက်ပြုတ်စားတဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချိုမှုန့်လို၊ အဆီများတဲ့အစိတ်အပိုင်းတွေကို ရှောင်ရှားနိုင်သလို ဆားတွေ၊ ငံပြာရည်တွေနဲ့ အဆီတွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။
- နည်းနည်းပြောင်း များများ အကျိုးရှိ
ခြေလှမ်းသေးသေးလေးတွေကနေ အကျိုးကျေးဇူးအများကြီးဆီ လျှောက်လှမ်းရပါမယ်။ ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာက ဝုန်းခနဲ ဒိုင်းခနဲ လုပ်တာထက် ဖြေးဖြေးနဲ့မှန်မှန်တာက ပိုပြီး အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ရည်မှန်းချက်ထားပြီး ဖြေးဖြေးမှန်မှန်သွားရပါမယ်နော်။
ခုပြောခဲ့တဲ့ နည်းတွေကို သုံးကြည့်ပါ။ ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားတာထက် သင့်ကိုပိုပြီး အကျိုးရှိစေပါလိမ့်မယ်။ ဘယ်အချိန်မှာ အစာစားတယ် မစားဘူးဆိုတာထက်၊ ဘယ်လို အစားအစာမျိုးကို ဘယ်ပုံစံမှီဝဲတယ်ဆိုတာကိ သင့်ကျန်းမာရေးအတွက် ပိုအရေးကြီးပါတယ်နော်။
[embed-health-tool-bmi]