
တစ်ကိုယ်လုံးက အဆီတွေထဲ အဆိုးဆုံးက ဗိုက်နားတဝိုက်ကအဆီတွေပါပဲ။မြန်မာဝတ်စုံလှလှလေးဝတ်မယ်ဆိုရင်ပဲကြည့်၊ ခါးတုတ်နေတာ ဒါမှမဟုတ် ဗိုက်အဆီရှိနေတာဆို ကိုယ့်စိတ်ကြိုက်လှနိုင်ပါ့မလား။ အဆီပိုမရှိ ချပ်ရပ်နေတဲ့ခါးဆိုဒ်လေးကို ပျိုမေတွေ အားလုံးဆန္ဒရှိကြမှာပဲလေ။ ဒါဆို ဘာလေးတွေသတိထားရမလဲ ဆိုတာ ဒီဆောင်းပါးမှာ အကြံပေးချင်ပါတယ်။
အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓါတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။
ဗိုက်အဆီတွေကိုလောင်ကျွမ်းစေပြီး ဖတ်ခနဲဗိုက်ချပ်သွားစေမယ့် စူပါအစားအစာဆိုတာ မရှိပါဘူး။ အခုလုပ် အခုချက်ချင်းဗိုက်ချပ်စေမယ့်လေ့ကျင့်ခန်းလည်းမရှိပါဘူး။ စားသောက်ပုံအမူအကျင့်နဲ့ လှုပ်ရှားမှုတွေအတွက် အချိန်နည်းနည်းပေးရပါမယ်။ဖြတ်လမ်းနည်းနဲ့လုပ်တဲ့ဆေးတွေ၊နည်းတွေက ဆိုးကျိုးများပါတယ်။ တစ်ပတ်စာချင်း တွက်ချက်ပြီး စားသောက်၊လှုပ်ရှားပါ။
အဆီပါသမျှကို လုံးဝရှောင်စရာမလိုပါဘူး။ ဒါပေမယ့် တိရစ္တာန်အဆီတွေလိုပြည့်ဝဆီတွေ၊ အဆီပြည့်နို့ထွက်ပစ္စည်းတွေကို ကန့်သတ်စားပါ။ ပုံမှန်စားလေ့ရှိတာထက်လျှော့စားလိုက်ပါ။ ကိုယ်စားမယ့်အစားအစာမှာ ကယ်လိုရီဘယ်လောက်၊ အဆီဘယ်လောက်ပါလဲ label မှာအရင်ကြည့်ပါ။ ဆယ်လမွန်၊တူနာ တို့လို အကျိုးပြုအဆီomega-3 ပါတဲ့ငါးနဲ့ အပင်ထွက်အစားအစာတွေကိုရွေးချယ်ပါ။
ဝိတ်တက်မတက် ဆိုတာနဲ့ပတ်သက်ရင် အိပ်စက်ခြင်းက အသွားနှစ်ဖက်ရှိပါတယ်။ အိပ်ချိန်နည်းလွန်းရင်(၅ နာရီအောက်) ဗိုက်အဆီပိုတက်တယ်။ ဒါပေမယ့် များသွားရင် (၈ နာရီထက်ကျော်)လည်း ဗိုက်အဆီတက်တာပါပဲတဲ့။ ဒီအန္တရာယ်ကလွတ်နိုင်တာက အိပ်ချိန် ၆ နာရီနဲ့ ၈ နာရီကြားမှာ ရှိတာအကောင်းဆုံးပါပဲ။ ပျိုမေ အခု အိပ်ချိန်မမှန်ဘူးဆိုရင် အခုပဲပြောင်းလဲလိုက်ပါတော့။စောစောအိပ်ပါ၊ အိပ်ချိန်မတိုင်ခင် အရင်အနားယူဖြေလျှော့ပါ၊ အိပ်ချိန်မှာ ဖုန်းပွတ်မနေနဲ့တော့ပေါ့။
အဆီကျချပ်ရပ်ပြီး လှပချင်တဲ့ ပျိုမေတို့အတွက် အကျိုးရှိစေမယ့် သတိပေးအကြံပြုချက်လေးတွေဖြစ်ပါစေလို့မျှော်လင့်ပါတယ်နော်။