backup og meta

အစားအသောက်ထဲက အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်ထဲက အန္တရာယ်

    ကမ္ဘာတလွှားမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူအရေအတွက်က တော်တော်လေးကို များလာနေပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာတွေက ကင်ဆာဖြစ်ပေါ်ခံစားရတဲ့ အဓိကအကြောင်းရင်းခံပဲ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေမှုက ကင်ဆာခံစားရသူဦးရေ တိုးလာရတဲ့ကိစ္စနဲ့ ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ များပြားလာရခြင်းနဲ့ ဆက်စပ်နေပါတယ်။

    လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်မှုရှိတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့အခြေခံကျတဲ့ ကာစီနိုဂျင် အမျိုးအစား ၄ မျိုးရှိပါတယ်။

    • ပထမဆုံးတစ်ခုက အစားအသောက်တွေထဲမှာ သဘာဝအတိုင်းပါနေတဲ့ ကာစီနိုဂျင်ဖြစ်ပြီး အဆိုပါ ကာစီနိုဂျင်ဓာတ်က ရှောင်လွှဲလို့မရပါဘူး။ ဥပမာပေးရရင် ငါးခြောက်တွေမှာ ပါနေတဲ့ ကာစီနိုဂျင်ဓာတ်ကိုရှောင်လွဲ စားသုံးလို့မရပါဘူး။
    • ဒုတိယတစ်ခုကတော့ ဆန်တို့၊ ဂျုံတို့မှာ ကပ်ညှိနေတဲ့ မှိုသတ်ဆေးတွေကနေဖြစ်တဲ့ ကာစီနိုဂျင်ပါ။ ဆန်စေ့နဲ့ ဂျုံစေ့ သိုလှောင်မှုပုံစံကို ကောင်းကောင်းလုပ်ဆောင်မယ်ဆိုရင်တော့ အဆိုပါ ကာစီနိုဂျင်ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
    • တတိယမြောက်တစ်ခုကတော့ အရန်သင့်အစားအသောက်တွေကို တာရှည်ခံအောင်လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကာစီနိုဂျင်ဓာတ်ပါ။
    • နောက်ဆုံးတစ်မျိုးကတော့ အစားအသောက်တွေကို အရောင်လှစေဖို့အတွက် အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ ကာစီနိုဂျင်ဓာတ်ပဲဖြစ်ပါတယ်။

    အစားအသောက်တွေထဲက acrylamide

    Acrylamide ဆိုတာက polyacrylamide နဲ့ acrylamide copolymers တို့နဲ့ ဖွဲ့စည်းထားတဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Acrylamide copolymers နဲ့ polyacrylamide တို့ကို စက္ကူထုတ်လုပ်တာ၊ ဆိုးဆေး၊ ပလပ်စတစ်တွေထုတ်လုပ်တာလိုမျိုး စက်မှုလုပ်ငန်းတွေမှာ အသုံးပြုသလိုသောက်ရေနဲ့ ရေဆိုးသန့်စင်မှုတွေ လုပ်ဆောင်ရာမှာလည်း အသုံးပြုကြပါတယ်။ အစားအသောက်တွေကို ထုတ်ပိုးရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။ အစားအသောက်ထုတ်ပိုးမှုအတွက် အသုံးပြုထားတဲ့ polyacrylamide နဲ့ acrylamide copolymers တို့က အဆိုပါ အစားအသောက်တွေထဲမှာ ကပ်ညှိနေနိုင်ပါတယ်။

    အချို့အစားအသောက်တွေကို အပူချိန် ၁၂၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်အထက် အပူပေးလိုက်တဲ့အခါ acrylamide ဓာတ်ထွက်ပေါ်လာပါတယ်လို့ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုက သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အပူချိန် ၁၂၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်အောက်အပူပေးတဲ့အခါမှာတော့ acrylamide ထွက်ပေါ်တာမျိုးမရှိဘူးလို့လည်း ဆိုပါတယ်။

    လေ့လာစမ်းသပ်မှုအတွင်း acrylamide နဲ့ထိတွေ့မှုက ကင်ဆာရောဂါတော်တော်များများကို ဖြစ်ပေါ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ လူသားတွေမှာ စမ်းသပ်မှုကတော့ အခုထိအလုံးစုံမပြီးသေးပါဘူး။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ acrylamide ပါဝင်နေမှုက ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အသံအိုးကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်၊ ရင်သားနဲ့ သားအိမ်ကင်ဆာတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    အစားအသောက်တွေမှာပါတဲ့ အရောင်အသွေးတွေ

    အစားအသောက်တွေအရောင်လှအောင်အသုံးပြုတဲ့ အရောင်တွေဖြစ်ကြတဲ့ အပြာ၊ အစိမ်း၊ အနီ နဲ့ အဝါရောင်တွေက သိုင်းရွိုက်ကင်ဆာ၊ အက်ဒရီနယ်လ် ဂလင်းကင်ဆာ၊ ဆီးအိမ်၊ ကျောက်ကပ်နဲ့ ဦးနှောက်ကင်ဆာတွေ ခံစားရစေနိုင်ပါတယ်။ ကလေးတွေအတွက် အစားအသောက်တွေ ဝယ်ယူတဲ့အခါမျိုးမှာ တတ်နိုင်သမျှ အရောင်ဆိုးဆေးတွေ ကင်းစင်တဲ့ အစားအသောက်ကို ရွေးချယ်ဝယ်ယူပေးသင့်ပါတယ်။

    အစားအသောက်တွေထဲက အဆီ

    အစားအသောက်တွေထဲမှာပါတဲ့ ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီ (သို့) စားအုန်းဆီလိုမျိုး ဆီတွေက ဟိုက်ဒရိုဂျင်နဲ့ ထိတွေ့တဲ့အခါ ခဲသွားပြီး အသွင်ပြောင်းအဆီဖြစ်သွားပါတယ်။ တာရှည်ခံအောင်လုပ်ထားတဲ့ အသင့်စားအစားအသောက်တွေထဲမှာ အများဆုံးတွေ့ရှိရပါတယ်။ အဆာပြေစားလို့ရတဲ့ အလွယ်စားအစားအစာတွေက ခန္ဓာကိုယ်တွင်းမှာ အကျိုးမပြု ကိုလက်စထရော LDL ကိုလက်စထရောကို တိုးစေပြီး အကျိုးပြု ကိုလက်စထရော HDl ကိုလက်စထရောပမာဏကိုကျဆင်းစေပါတယ်။ အဆိုပါအဆီတွေက သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအဆီဓာတ်တွေကို ဘီစကစ်တွေ၊ ပါစတာနဲ့ အသင့်စားအစားအသောက်တွေထဲမှာ အများဆုံးတွေ့ရှိရနိုင်ပါတယ်။

    သစ်သီးတွေမှည့်စေဖို့နဲ့ ဟင်းသီးဟင်းရွက်တွေကြီးထွားအောင်သုံးတဲ့ ဓာတုပစ္စည်းတွေ

    သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာပါ။ နေ့စဉ်အဓိကထားစားသုံးနေတဲ့ ဒီအစားအသောက်တွေထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာမျိုး ရှိနိုင်ပါတယ်။

    သစ်သီးဝလံတွေစိုက်ပျိုးတဲ့ စိုက်ခင်းတွေမှာ သစ်သီးတွေရင့်မှည့်ပြီး ကြီးထွားလာစေဖို့အတွက် calcium carbide ၊ Ethephon နဲ့ oxytocin တို့လိုမျိုး ဓာတုဗေဒပစ္စည်းတွေကို အသုံးပြုကြပါတယ်။ Calcium carbide ကို တော်တော်များများက ကာစီနိုဂျင်လို့ပဲသိထားကြတာဖြစ်ပြီး အစားအသောက်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ Ethephon ကလည်းပိုးသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် အသီးတွေမှည့်အောင် အသုံးမပြုဖို့ တားမြစ်ထားပါတယ်။Oxytocin ကတော့ mammalian ဟော်မုန်းတစ်မျိုးဖြစ်ပြီး သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အသုံးမပြုဖို့ အကြံပြုထားပါတယ်။

    Calcium carbide မှာ အာဆင်းနစ်ဓာတ်ပါဝင်နေတာကြောင့် အော့အန်တာ၊ မူးဝေတာ၊ ဝမ်းလျှောတာ၊ သွေးအားနည်းတာနဲ့ သွေးပေါင်ချိန်ကျဆင်းစေတဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    Urea မြေသြဇာရဲ့ သက်ရောက်မှု

    ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ငါးပိတွေမှာ ထည့်သွင်းပြုလုပ်လေ့ရှိတဲ့ မြေသြဇာတစ်မျိုးဖြစ်တဲ့ urea ကလည်း အစားအသောက်တွေရဲ့ အာဟာရဓာတ်ကိုပြင်းပြင်းထန်ထန်ပျက်စီးစေနိုင်ပါတယ်။ ပမာဏများစွာ ထိတွေ့မိတာက ကလေးငယ်တွေကို သေစေတဲ့အထိ ဖြစ်နိုင်သလို လူတော်တော်များများမှာလည်း ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်၊ အသည်းနဲ့ ဓာတ်မတည့်မှုတွေ ခံစားနေရတဲ့သူတွေအနေနဲ့  ureaမြေသြဇာနဲ့ ထိတွေ့တာတွေကို ရှောင်ရှားသင့်ပါတယ်။ Urea ထည့်သွင်းလုပ်ဆောင်ထားတဲ့ အစားအသောက်တွေစားသုံးတာမျိုးကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။

    ပြန်ကြော်ဆီ အန္တရာယ်

    တစ်နေ့တာ အစားအစာတွေထဲမှာ ပြန်ကြော်ဆီတွေကို တစ်ကြိမ်လောက်တော့ စားသုံးမိနိုင်ပါတယ်။ ဥပမာပေးရရင် ပလာတာ၊ အီကြာကွေး၊ စမူဆာကနေစလို့ နေ့လယ်နေ့ခင်း အပျင်းပြေစားတဲ့ အကြော်တွေကတောင် ပြန်ကြော်ဆီတွေနဲ့ ကြော်ထားတာပါ။ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ ဆိုင်မှာစားတဲ့အစားအသောက်တွေထဲမှာလည်း ပြန်ကြော်ဆီတွေ ပါဝင်နေနိုင်ပါတယ်။

    စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ၃ ကြိမ် ၄ကြိမ်ထက်မနည်း ပြန်ကြော်ထားတဲ့ဆီတွေ၊ ဆိုင်တွေမှာသုံးနေတဲ့ အကြိမ်ကြိမ်ကြော်ထားတဲ့ ဆီတွေ၊ ခဏခဏအပူပေးပြီး ကြော်ထားတဲ့ဆီတွေက ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောပမာဏကို တိုးစေပြီး peroxides acidတွေ ဖြစ်ပေါ်စေကာ ကင်ဆာရောဂါခံစားရစေနိုင်သလို ကိုယ်တွင်းအင်္ဂါဆဲလ်တွေ တိုက်ခိုက်ဖျက်ဆီးခံရစေပြီး သွေးဖြူဥတွေထဲမှာလည်း ရောဂါပိုးကူးစက်မှုတွေ ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    ဖော်မလင် အန္တရာယ်

    မပုပ်မသိုးအောင် အသုံးပြုတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ လူသေအလောင်းတွေကို မပုတ်မသိုးစေအောင်လည်း အသုံးပြုကြပါတယ်။ ဖော်မလင်က သွေးကင်ဆာရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေကိုလည်း များစေပါတယ်။

    ပဲပြားတွေ၊ မုန့်ဖတ်တွေကို တာရှည်အထားခံအောင် ဖော်မလင်ထည့်ပြီး ပြုလုပ်တာမျိုးတွေရှိနေပါတယ်။ ဖော်မလင်ကို မကြာခဏထိတွေ့မှုက သွေးကင်ဆာဖြစ်စေနိုင်ပါတယ်။ ပင်လယ်စာတော်တော်များများမှာလည်း လူသားတွေရဲ့ အမျိုးမျိုးသော လုပ်ဆောင်မှုတွေနဲ့ သန့်ရှင်းမှုပိုင်း အားနည်းတာတွေကြောင့်ရောဂါပိုးတွေ ပေါက်ပွားနေနိုင်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေကို စားသုံးမိတဲ့အခါ အစားအသောက်ကနေတဆင့် ကူးစက်တဲ့ နာမကျန်းဖြစ်မှုတွေကိုခံစားရနိုင်ပါတယ်။ ဒါ့အပြင် ပင်လယ်ရေနေသတ္တဝါတွေဟာ တိုးတက်လာတဲ့ စက်မှုလုပ်ငန်းတွေကစွန့်ထုတ်တဲ့ ဓါတုစွန့်ပစ်ပစ္စည်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကြောင့်ဖြစ်ပေါ်လာတဲ့ မာကျူရီ ပမာဏမြင့်မားလွန်းနေတာမျိုးတွေဖြစ်ပေါ်နေတတ်ပါတယ်။

    ငါးတွေကို တင်ပို့ရောင်းချသူတွေက ငါးတွေ၊ ပုဇွန်တွေကို တာရှည်ခံစေဖို့နဲ့ ဝယ်ယူသူတွေရဲ့အမြင်မှာလတ်ဆတ်တယ်လို့ ယူဆစေဖို့ ကာဗွန်မိုနောက်ဆိုဒ်တွေကို အသုံးပြုပြီးလုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။ ဖော်မလင်ဖျော်ထားတဲ့အရည်ကို ငါးတွေ၊ ပုဇွန်တွေအပေါ်ကို ဖျန်းလိုက်မယ်ဆိုရင် ငါးတွေ၊ပုဖွန်တွေက တာရှည်ခံတဲ့အပြင် အနံ့လည်း မထွက်ဘဲလတ်ဆတ်နေသလိုဖြစ်နေမှာဖြစ်ပါတယ်။ အစားအစာတွေနဲ့ အသားငါးတွေ တာရှည်ခံအောင် ဈေးကွက်တွေထဲမှာ ဖော်မလင်ကို အသုံးပြုတာက အဆိပ်ဖြစ်စေနိုင်သလို ကင်ဆာရောဂါတွေကိုလည်းခံစားရစေနိုင်ပါတယ်။

    အထည်ဆိုးဆေးတွေ

    အထည်ဆိုးဆေးဆိုတာက အဝတ်အထည်တွေကို အရောင်ဆိုးဖို့အတွက် သီးသန့်ထုတ်ထားတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အထည်ဆိုးဆေးတွေကို အများအပြားစားသုံးမိမယ်ဆိုရင် အဆိပ်သင့်တာမျိုး ခံစားရနိုင်ပါတယ်။ နေ့စဉ်စားသုံးဖို့ ရောင်းချနေတဲ့ ကုန်စည်တွေထဲမှာလည်း အရောင်လှအောင် အထည်ဆိုးဆေးတွေကို အသုံးပြုထားတာမျိုးတွေ ရှိပါတယ်။ မြင်သာအောင်ပြောပြရရင် မျှစ်တွေမှာ အထည်ဆိုးဆေး အနီရောင်ကို အသုံးပြုထားတာဖြစ်ပါတယ်။

    အထည်ဆိုးဆေးတွေထဲမှာ Alkylphenol Ethoxylates (APEOS)၊ Aniline၊ Dioxin တို့လိုမျိုး ဓာတုပစ္စည်းတွေကို အသုံးပြုထုတ်လုပ်ထားတာဖြစ်ပါတယ်။

    Alkylphenol Ethoxylates (APEOS) – ဒီဓာတုပစ္စည်းက အမျိုးသားတွေမှာ သုက်ကောင်ရည် လျော့ကျစေနိုင်သလို အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျတာမျိုးဖြစ်စေနိုင်သလို ကလေးငယ်တွေမှာလည်း မွေးရာပါချို့ယွင်းမှုတွေ ဖြစ်စေနိုင်ပါတယ်။

    Aniline -ဒီဆိုးဆေးကို Azo dyes လို့ သိကြပြီး အဆိပ်ပြင်းပါတယ်။ ကမ္ဘာတလွှားမှာ အသုံးပြုနေတဲ့ ဆိုးဆေး ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်အထိပါဝင်နေပြီး အနီရောင်ဆိုးဆေးတွေမှာ အများဆုံးပါဝင်တတ်ပါတယ်။

    Dioxin – အသည်းကင်ဆာနဲ့ အဆုတ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ကူးစက်ရောဂါတွေကို ခံစားရစေပါတယ်။ သန္ဓေသားကိုလည်း ပုံမှန်မဟုတ်တဲ့ ကြီးထွားမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။

    ဆိုးဆေးတွေမှာပါတတ်တဲ့ chrome၊ copper နဲ့ ဇင့်တို့ကလည်း ကာစီနိုဂျင်တွေ ဖြစ်ကြပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

    အေးခဲ အသားတွေထဲက Sodium tripolyphosphate (STPP)

    Sodium tripolyphosphate (STPP) ဆိုတာက သန့်ရှင်းရေးသုံး ပစ္စည်းတွေကနေစလို့ အစားအစာတွေ တာရှည်ခံအောင် လုပ်ဆောင်တာအထိ အသုံးပြုတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ သူ့ကို pentasodium salt (သို့) triphosphoric acid လို့လည်း  သိကြပါတယ်။ သူ့ကို အိမ်သုတ်ဆေးတွေနဲ့ အခြားသော အစားအစာတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

    STPP ကို ဆပ်ပြာခဲတွေ၊ ဆပ်ပြာမှုန့်တွေထဲမှာ ထည့်ပြီး အသုံးပြုတာများပါတယ်။ ပန်းကန်ဆေးတာ၊ လျှော်ဖွတ်တာတွေအတွက် အသုံးပြုတဲ့ ဂျယ်လ်တွေ၊ အရည်တွေ၊ အခဲတွေ၊ အမှုန့်တွေမှာ အသုံးပြုကြပါတယ်။ STPP ကအဓိအားဖြင့် ညစ်ပေတာတွေကို သန့်စင်အောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

    Sodium tripolyphosphate (STPP) အနီရောင်အသားတွေ၊ ကြက်သား၊ ဘဲသားတွေ၊ ငါးတွေနဲ့ ပင်လယ်စာတွေကို သယ်ပို့သိုလှောင်နေစဉ်အတွင်း အစိုဓာတ်ထိန်းပေးဖို့နဲ့ ပျက်စီးပုတ်သိုးတာမျိုးမရှိစေဖို့အတွက် အသုံးပြုကြပါတယ်။ STPP က နို့နဲ့ သစ်သီးဖျော်ရည်လိုမျိုး သောက်စရာတွေရဲ့ အရည်အသွေးကို ထိန်းသိမ်းဖို့အတွက်လည်း အသုံးပြုကြပါတယ်။

    Sodium tripolyphosphate (STPP) က ပုဇွန်နဲ့ ခုံးလိုမျိုး ပင်လယ်စာတွေကို အရွယ်အစားကြီးစေဖို့ ဈေးကွက်တွေထဲမှာ အသုံးပြုနေမှုတွေလည်း ရှိနေပါသေးတယ်။ STPP နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မိမယ်ဆိုရင် အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ အဆုတ်ကို အဆိပ်သင့်စေနိုင်သလို ကိုယ်အင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းတာတွေကို ဖြစ်ပေးစေနိုင်ပါတယ်။ နာကျင်မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement