backup og meta

မုတ်သုံမှာ မေမေဖေဖေနဲ့ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေအောင် ဂရုစိုက်ရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုတ်သုံမှာ မေမေဖေဖေနဲ့ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေအောင် ဂရုစိုက်ရအောင်

    တစ်နှစ်တာရဲ့ အပူပြင်းဆုံး နွေကာလပြီးဆုံးသွားတဲ့အခါ အေးမြသာယာမှုတွေ၊ စိတ်ကျေနပ်စရာတွေ၊ ပြန်လည် ရှင်သန်လာတဲ့ သဘာဝတရားတွေ တစ်ပွေ့တစ်ပိုက်နဲ့ မုတ်သုံက ရောက်လာပါပြီ။ မုတ်သုံဝင်စ မိုးစက်မိုးပေါက်လေးတွေက အေးမြမှုကို ပေးတော့ စိတ်ထဲမှာ ကြည်နူးစရာ ကောင်းတာပေါ့။

    ဒီလိုနဲ့ မိုးက ရက်ရှည်လများရွာတဲ့အခါ မိုးရေစက်လေးတွေက စွန့်ပစ်ထားတဲ့ အိုးခြမ်းပဲ့တွေ၊ ဘူးခွံလေးတွေထဲမှာ ပြည့်လာပြီး ခြင်တွေပေါက်ဖွားဖို့က အသင့်ဖြစ်လာပါတော့တယ်။ ပတ်ဝန်းကျင်ကလည်း စိုစွတ်အေးမြနေပါတော့တယ်။ ဒီစိုစွတ်အေးမြမှုက သိပ်မကြာခင်မှာရောဂါပိုးတွေ ပေါက်ဖွားဖို့ အားပေးတဲ့အရာဖြစ်လာတော့မှာပါ။

    မုတ်သုံမှာ မေမေဖေဖေနဲ့ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေအောင် ဂရုစိုက်ရအောင်

    မုတ်သုံက မြန်မာနိုင်ငံလို စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံအတွက် အရေးပါသလို စာဖွဲ့လောက်အောင် လှပပေမယ့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့အတွက်တော့ ခက်ခဲပါတယ်။

    မုတ်သုံချိန်မှာ လူကြီးတွေ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ………

    မုတ်သုံကာလမှာ စိုစွတ်မှုနဲ့ အေးမြမှုတွေက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားမှုကို အားဖြည့်ပေးနိုင်ပါတယ်။ မိုးတွင်းမှာ ရေကြီးတာနဲ့ မိုးရွာတာတွေကြောင့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွာဖွားတို့မှာ သာမန် အအေးမိဖျားနာတာကနေစလို့ တုပ်ကွေးဖြစ်တာနဲ့ အစာခြေစနစ် ပြဿနာတွေအဆုံး ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ခံစားရနိုင်ပါတယ်။

    ဝမ်းပျက်ဝမ်းလျှောတာ

    မိုးကြီးတဲ့အခါ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးမိတာ၊ လတ်ဆတ် သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကို စားသောက်မိရာ ကနေတဆင့်ဖြစ်စေနိုင်ပါတယ်။ မုတ်သုံမှာ အစာခြေစနစ် ပိုးဝင်တာက အဖြစ်အများဆုံးပါ။ ဝမ်းပျက်ဝမ်းလျှောတာ အဖြစ်အများဆုံး ရာသီဆိုလည်း ဟုတ်ပါတယ်။

    အအေးမိတာ

    အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကိုယ်ခံအားကလည်း အားနည်းလာပါတယ်။ ဒါကြောင့် မိုးအေးတဲ့အခါ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ကူးစက်ပြီး ဖျားနာတာမျိုး မဖြစ်စေဖို့လည်း သေချာလေး ဂရုစိုက် ရပါမယ်။

    အအေးမိတာက လူတိုင်းလိုလိုဖြစ်ဖူးမှာပါ။ အအေးမိတဲ့အခါ ကိုယ်နွေးတာ၊ နှာချေတာ၊ လည်ပင်းနာတာ၊ ခေါင်းကိုက်တာ၊ ခြေလက်တွေမလှုပ်ချင်တာမျိုး ခံစားရနိုင်ပါတယ်။

    ငှက်ဖျား 

    ငှက်ဖျားဖြစ်စေတဲ့ anopheles ခြင်တွေဟာ ခုလို မိုးရာသီမှာ ပေါက်ဖွားကြတာပါ။ ဒီခြင်တွေက စိုစွတ်အေးမြတဲ့ တောတောင်ထူထပ်တဲ့နေရာမှာ ပေါက်ဖွားကြတာဖြစ်ပြီး ငှက်ဖျားက မိုးရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။

    ငှက်ဖျားပိုး ကိုယ်ထဲကိုရောက်ရှိသွားတဲ့အခါ အဖျားတက်တာ၊ ကိုယ်လက်တွေကိုက်ခဲတာ၊ ချမ်းတုန်တာ၊ ချွေးထွက်တာတွေကို ခံစားရနိုင်ပါတယ်။ ငှက်ဖျားဖြစ်တဲ့အခါ သေချာ ကုသဖို့လိုပါမယ်။ သေချာ ကုသတာမျိုးမရှိတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

    အူရောင်ငန်းဖျားရောဂါ

    တိုက်ဖွိုက်လို့ အများသိကြတဲ့ အူရောင်ငန်းဖျားရောဂါကလည်း မိုးရာသီမှာ အဖြစ်များပါတယ်။ မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးမိတာ၊ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေကို စားသုံးမိတာကြောင့် အဓိကဖြစ်တာပါ။ ရေဆိုးနုတ်စနစ်က မသန့်ရှင်းတဲ့ ရေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အူရောင်ငန်းဖျား ဖြစ်တဲ့အခါ အဖျားတာရှည်တာ၊  ဗိုက်က မခံမရပ်နိုင်အောင် အောင့်တာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။

    အသားဝါ ရောဂါ

    အထူးသဖြင့်တော့ အသည်းရောင် အသားဝါ အေပိုးပါ။ ဒါကလည်း မိုးရာသီမှာ သတိထားသင့်တဲ့ ရောဂါတစ်မျိုးပါ။ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာတွေနဲ့ သောက်ရေတွေကနေတဆင့် ကူးစက်ခံရနိုင်ပါတယ်။

    အသားဝါဖြစ်တဲ့အခါ အဖျားတက်တာ၊ ချမ်းတုန်တာ၊ ဗိုက်အောင့်တာ၊ တုပ်ကွေးလို လက္ခဏာတွေခံစားရတာ၊ အသားအရောင်ဝါလာတာ၊ ဆီးအရောင်နောက်တာ၊ ဝမ်းအရောင် ပြောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    သွေးလွန်တုပ်ကွေး

    ခြင်ကိုက်ခံရတာကြောင့် ဖြစ်နိုင်တဲ့ ရောဂါ တစ်မျိုးပါ။ သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ အဆစ်တွေနဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ နုံးချိတာ၊ အရေပြားမှာ အနီအစက်အပြောက်တွေဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ ပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

    သွေးလွန်တုပ်ကွေးက ကလေးတွေမှာပဲ ဖြစ်တာမဟုတ်ဘဲ လူကြီးတချို့မှာပါ ဖြစ်နိုင်တာကြောင့် သတိထားရပါမယ်၊၊ ကိုယ်ခံအားနည်းနေတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့အနေနဲ့ ဒီရောဂါကနေ ပြန်လည် နလန်ထူလာစေဖို့ဆိုရင် အစာအာဟာရ သေချာလေး ဖြည့်တင်းပေးဖို့ လိုပါမယ်။

    ရာသီတုပ်ကွေး

    အခုလို အေးနေတဲ့ မိုးတွင်းကာလမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွာဖွားတို့အနေနဲ့ ရာသီတုပ်ကွေး ဖြစ်ပွားမှာကို စိုးရိမ်ရပါတယ်။ ရောဂါပိုးရှိသူတွေ နှာချေ၊ချောင်းဆိုးတာကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါ တစ်မျိုးပါ။

    ရာသီတုပ်ကွေးခံစားရတဲ့အခါ အဖျားတက်တာ၊ ချမ်းတုန်တာ၊ ချောင်းဆိုးတာ၊ ကြွက်သားတွေနာတာ၊ ပင်ပန်းနွမ်းနယ်တာမျိုး ခံစားရနိုင်ပါတယ်။

    အဆစ်တွေနာတာ

    မိုးအေးတဲ့အခါ ဖေဖေမေမေတို့အနေနဲ့ အဆစ်နာဝေဒနာကို အခြားရာသီတွေထက် ပိုမိုခံစားရနိုင်ပါတယ်။ မိုးရေကြောင့် ရာသီဥတု အအေးဒဏ်တွေကြောင့် အဆစ်တွေနာကျင်ကိုက်ခဲတာဖြစ်နိုင်​ခြေ များပါတယ်။ ဒါကြောင့် ရေနွေးနဲ့ စိမ်ပြီး နှိပ်နယ်တာမျိုး လုပ်ပေးပါ။

    ချော်လဲတာ

    မိုးတွင်းအခါမှာ စိုစွတ်မှုကြောင့် ရေညှိတွေ ပေါက်ဖွားတာက မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ပုံမှန်ထက် ချော်လဲနိုင်ခြေ ပိုများစေပါတယ်။ အရိုးအဆစ်တွေက အရင်ကလောက် မသန်မာတော့သလို အရိုးသိပ်သည်းဆ နည်းနေတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့အနေနဲ့ ချော်လဲမယ်ဆိုရင် အရိုးကျိုးတာ၊ အရိုးအက်တာ ဖြစ်နိုင်ခြေများသလို အရိုးပြန်ဆက်ဖို့လည်း ခက်ခဲနိုင်ပါတယ်။

    ဆီးချိုနဲ့ ပိုးဝင်လွယ်ခြင်း

    ဆီးချိုကလည်း လူကြီးအများစုမှာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။ မိုးရာသီလို အေးတဲ့ရောသီမျိုးမှာ ပိုဂရုစိုက်သင့်ပါတယ်။ ဆိးချိုရှိသူတွေက ပုံမှန်ထက် ကိုယ်ခံအား နည်းနေတာကြောင့် အမျိုးမျိုးသော ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဒါ​ကြောင့် အာဟာရပြည့်ဝမျှတအောင်စားပြီး  ရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်ပေးပါ။

    စိတ်ဓာတ်ကျခြင်း

    စိတ်ဓာတ်ကျတယ်ဆိုတာက လူကြီးတော်တော်များများ ခံစားရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုပါ။ လေ့လာမှုတွေအရကတော့ ရာသီဥတု အေးတာကလည်း စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်တဲ့။ စိတ်ဓာတ်ကျတာ လူကြီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါ။

    ဒီလိုပြောရတာက စိတ်ဓာတ်ကျတဲ့အခါ ကိုယ်ခံအားက ကျဆင်းသွားပြီး ရောဂါတွေကို ခုခံနိုင်စွမ်းကျဆင်းသွားပါတယ်။ ဒါကြောင့် ချစ်ရတဲ့ မေမေဖေဖေ ဖိုးဖိုးဖွားဖွားတွေကို အချိန်လေးပေးပြီး ဂရုစိုက်ပေးပါ။ မိုးအေးအေးမှာ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောရင်းပေါ့။

    ခံတွင်းကျန်းမာရေး

    အသက်အရွယ်ကြီးရင့်လာချိန်မှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝအောင်ဖြည့်တင်းနိုင်စေဖို့က သွားနဲ့ခံတွင်းကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းကျန်းမာစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝပြီး ခံတွင်းခြောက်မှု ကင်းရပါမယ်။ ခံတွင်းခြောက်တဲ့အခါ ဘက်တီးရီးယားတွ ပေါက်ဖွားမှု ဖြစ်စေပြီး သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ နဂိုက ရေသောက်နည်းတဲ့ ဖိုးဖိုးဖွားဖွားတွေဟာ မိုးတွင်းလို အေးတဲ့ကာလမှာ ရေသောက်တော်တော့်ကို နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဂရုစိုက်ပြီး ရေသောက်ဖြစ်အောင် လုပ်ပေးပါ။ ရေထည့်ပေးပြီး ရေတိုက်ပေးတာမျိုးပေါ့။

    ခြေလက်တွေ ထုံကျဉ်တာ

    အေးတဲ့ကာလတွေမှ ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတွေအနေနဲ့ ခြေလက်တွေ ထုံကျဉ်တာကို ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆေးပူလေးတွေ လိမ်းပေးတာ နှိပ်နယ်ပေးတာ၊ နွေးနွေးထွေးထွေးထားတာမျိုး လုပ်ပေးပါ။

    မုတ်သုံကာလမှာ မေမေဖေဖေနဲ့ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေစေဖို့ ဘယ်လိုဂရုစိုက်မလဲ………

    ဒီတော့ မုတ်သုံကာလမှာ ကိုယ်ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေစေဖို့ဆိုရင်

    လူစုလူဝေးများတဲ့နေရာကို မခေါ်သွားပါနဲ့

    လူစုလူဝေး များတဲ့နေရာတွက ရောဂါပိုး ကူးစက်ခံရနိုင်ခြေ များပါတယ်။ ကိုယ်ခံအား နည်းနေတဲ့အခါမှာ ရောဂါပိုး ကူးစက်ခံရနိုင်ခြေက မြင့်တာကြောင့် မုတ်သုံကို ကျန်းမာစွာ ဖြတ်သန်းနိုင်စေဖို့ ချစ်ခင်ရတဲ့ သက်ကြီးရွယ်အိုတွေကို လူစုလူဝေးဖြစ်မယ့် နေရာတွေကို ခေါ်မသွားပါနဲ့။

    သေချာလေး ဂရုစိုက်ပါ 

    နေ့စဉ် နာကျင်မှုရှိလား၊ ကိုယ်အပူချိန်ရော ပုံမှန်ပဲလား၊ အစားရော ပုံမှန်စားရဲ့ ဆိုတာတွေကို သေချာလေး ဂရုစိုက်ပေးပါ။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်မှု နည်းသွားပြီ ဖြစ်တာကြောင့် ကိုယ်တွေက တစ်လှည့်ပြန်ပြီး ဂရုစိုက်ပေးရမှာပါ။

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ

    နေ့စဉ် မျက်နှာသစ်တာ၊ သွားတိုက်တာကစလို့ ခြေသည်းလက်သည်းညှပ်တာ ခေါင်းလျှော်၊ ရေချိုးတာနဲ့ အစားမစားခင် နဲ့ ညစ်ပတ်တာတွေကို ကိုင်တွယ်ပြီးချိန်တိုင်းမှာ လက်ဆေးဖို့ကို သေချာလေး ဂရုစိုက်ပေးပါ။

    ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ

    ကိုယ်ခံအားက ရောဂါတွေကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး သဘာဝ လက်ဆောင်ပါ။ ဒီတော့ မေမဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာစေဖို့ အာဟာရပြည့်ဝအောင်ကျွေးတာ၊ လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိတာ၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာလိုမျိုး ကိုယ်ခံအားကောင်းစေမယ့် အရာလေးတွေကို သေချာဂရုစိုက် လုပ်ဆောင်ပေးပါ။

    လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးပါ

    တုပ်ကွေး ကာကွယ်ဆေးကစလို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးထားပါ။ ဒါက မလိုလားအပ်တဲ့ ရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်ပေးပါ

    အသက်အရွယ် ကြီးရင့်လာတဲ့အခါ အာဟာရ လိုအပ်ချက်က မြင့်လာပါပြီ။ ဒီအာဟာရ လိုအပ်ချက်ကို ပြည့်မီဖို့ဆိုရင် အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် ပရိုတင်း၊ ဗီတာမင် C၊ ဗီတာမင် E၊ ကယ်လ်ဆီယမ်တို့ လိုမျိုး အာဟာရဓာတ်တွေ စုံလင်ပြည့်ဝစွာ ပါဝင်အောင် ပြင်ဆင်ပေးပါ။ ထမင်း၊ ပေါင်မုန့်၊ အသား၊ ငါး၊ အသီးအရွက်၊ သစ်သီး၊ နို့ နဲ့နို့ထွက် ပစ္စည်းတွေကို ပြည့်စုံအောင် ပြင်ဆင်ပေးပါ။

    ကဲ.. မုတ်သုံမှာ မေမေဖေဖေနဲ့ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ စောင့်ရှောက်လိုက်ရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement