ငယ်ငယ်ကတော့ အားကိုးတကြီး တွဲခိုခဲ့တဲ့ လက်ကလေးတွေပါ။ အခုကျမှ ဖိစီးမှုတွေ၊ ရုန်းကန်ရတာတွေ၊ ဘဝရဲ့ပြဿနာတွေကို အကြောင်းပြုပြီး ဒီလက်ကလေးတွေကို ပစ်ပယ်မိနေပြီလား။ မိဘတွေ ကို “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ ……
“နေပါဦး အမေရာ၊ ဒီမှာစိတ်ရှုပ်ရတဲ့ကြားထဲ” ၊ “အမေတို့ ဘာမှမသိပါဘူး”၊ “အမေတို့တုန်းကနဲ့ မတူတော့ဘူး”၊ “ဘာမှလည်းမသိဘဲနဲ့”၊ “ဒါလေးတောင် မသိဘူးလား” ဆိုတဲ့စကားတွေ။
“အဖေ လုပ်လို့မဖြစ်ပါဘူး၊ ဖယ်… ကျွန်တော့ဘာသာလုပ်မယ်” ၊ “အဖေတို့ အေးအေးဆေးဆေးသာနေပါ၊ လူငယ်တွေကိစ္စ ဝင်မပါပါနဲ့” ဆိုတဲ့ စကားတွေ ပြောမိဖူးလား။ ဒီစကားတွေဟာ ကိုယ်ငယ်စဉ်က ထွေးပိုက်ပေးခဲ့ကြတဲ့ မိဘတွေရဲ့ရင်ကို ထိုးဆွနေတဲ့ သံချက်တွေပါပဲ။
“အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့
“အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ ဘာတွေကို သတိထားရမလဲဆိုတော့
လူကြီးတွေမှာ အဖြစ်များတဲ့ စိတ်ကျဝေဒနာ
လူကြီးတွေမှာ စိတ်ဓာတ်ကျလာတဲ့အခါ လုပ်ဆောင်နိုင်စွမ်းတွေ လျော့ကျလာစေနိုင်ပြီး ရှိရင်းစွဲရောဂါတွေကိုပိုဆိုးစေနိုင်တယ်၊ နောက်ဆုံး အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ် ပိုများစေတယ်လို့ လေ့လာတွေ့ရှိချက်ကတွေကဖော်ပြကြပါတယ်။ စိတ်ကျဝေဒနာ ကို ဂရုတစိုက် မကုသပေးနိုင်ရင် ကျန်းမာရေး ယိုယွင်းလာတာ၊ ရုတ်တရက်နှလုံးဖောက်တာတွေကနေ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။
အသက်ကြီးတိုင်း မပျက်စီးသေးပါဘူး
အသက်ကြီးလာလို့ အားနည်းသွားတာနဲ့ သုံးမရတော့တဲ့ အဟောင်းကြီးတွေလို ချောင်ထိုးမထားမိပါစေနဲ့။ ခွန်အားသုံးတာထက် တန်ဖိုးရှိတဲ့ အတွေ့အကြုံနဲ့ အကြံဉာဏ်တွေ အပြည့်ရှိနေပါသေးတယ်။ စိတ်သာရှိရင် ဘာမဆို လုပ်နိုင်စွမ်းရှိနိုင်တာမို့ စိတ်မကျအောင်သာ အားပေးဂရုစိုက်ပေးပါ။
ဒါ့ကြောင့် မိဘတွေရဲ့စိတ်မှာ ကိုယ့်ကိုယ်ကို လူပိုတစ်ယောက်လို ခံစားချက်မျိုး မဝင်စေဖို့ ဂရုစိုက်ပေးသင့်တဲ့ အချက်လေးတွေ သတိပေးလိုက်ပါရစေ။
(၁) အမှုမဲ့ အမှတ်မဲ့ ပစ်မထားပါနဲ့
ကိုယ့် မိဘတွေ ပိန်သွားတာ၊ ညအိပ်မပျော်တာ၊မျှော်လင့်ချက်မဲ့သလိုဖြစ်နေတာ၊ အပြုအမူတွေပြောင်းလဲလာတာ၊ အချိန်တိုင်းလိုလိုအားနည်းနွမ်းလျနေတာမျိုးတွေကို သတိထားမိအောင် စောင့်ကြည့်ပါ။ ဒါတွေဖြစ်လာရင် စိတ်ကျဝေဒနာလက္ခဏာတွေ ရှိနေနိုင်တယ်ဆိုတာ သတိထားပါ။
(၂) စကားပြောပေးပါ။
မိဘတွေ နဲ့ စကားစမြည်ပြောကြတဲ့အခါ စိတ်ပူတဲ့၊ ဂရုစိုက်တဲ့အကြောင်းကစပြောပြီး သူတို့က ဘယ်လောက်အရေးပါကြောင်း၊ ပျော်ရွှင်နေတာမြင်လိုကြောင်း ပြောပြပါ။ ဘာတွေခံစားနေရသလဲ၊ သူတို့ရဲ့အပြောင်းအလဲတွေအကြောင်း မေးကြည့်ပါ။ ငယ်စဉ်ကအကြောင်းတွေ၊ အမှတ်တရတွေအကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေဆိုရင်တော့ မမောနိုင်မပန်းနိုင် ပျော်ပျော်ကြီးပြောပြပါလိမ့်မယ်။
(၃) မိဘတွေနဲ့ အချိန်ကုန်ဆုံးပေးပါ။
မိဘတွေကပေါ်ပေါ်တင်တင် မဖော်ပြခဲ့ရင်တောင် သင့်ကိုသိပ်ချစ်ကြမှာပါ။ ကိုယ်ကလည်း မိဘတွေကို ချစ်တဲ့အကြောင်း ပြသပေးပြီး အတူအချိန်ကုန်ဆုံးပေးပါ။ ဟင်းအတူချက်တာမျိုး၊ ဖဲချပ်ကစားတာမျိုး၊ တီဗီကြည့်ရင်း အတူစားသောက်ကြတာမျိုး၊ အတူလမ်းထွက်လျှောက်တာမျိုးပျော်စရာကောင်းတာတွေ ဖန်တီးနိုင်ပါတယ်။
(၄) အတူတူ အပြင်သွားပေးပါ။
သဘာဝတရား၊နေရောင်ခြည်နဲ့လေကောင်းလေသန့်တို့က သူတို့ကို စိတ်ပေါ့ပါး အပန်းပြေစေပြီး လမ်းလျောက်ထွက်ခြင်းကလည်း စိတ်ဖိစီးမှုလျော့ပါးစေပါတယ်။ ပြင်ပက ခေတ်မီပြောင်းလဲမှုတွေကို အတူတူမြင်တွေ့စေပြီး ရှင်းပြမိတ်ဆက်ပေးလို့ရတာမို့ ပိုပြီးကောင်းပါတယ်။
(၅) ချစ်ခင်ကြောင်းပြပေးပါ။
တခါတရံမှာ စိတ်ဓာတ်ကျ နေသူတွေဟာ သူတို့ကိုဘယ်သူမှမချစ်တော့၊ မလိုချင်တော့ဘူးလို့တွေးထင်လာတတ်ကြတာကြောင့် အပြုသဘောအတွေးတွေမွေးမြူပေးလိုက်ပါ။ မိဘတွေကို တရင်းတနှီးပွေ့ဖက်ပြီး ဖက်လှဲတကင်းနေပေးပါ။ အချစ်မခံရရင် အထီးကျန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်း ပိုဆိုးရွားလာနိုင်ပါတယ်။ အပြည့်အဝဂရုစိုက် ချစ်ခင်ခြင်းခံရတဲ့ လူကြီးမိဘတွေဟာ ပိုပျော်ရွှင်ပြီး ပိုကျန်းမာကြပါတယ်။
(၆) အလုပ်တစ်ခုခု လုပ်မိဖြစ်အောင် ပံ့ပိုးပေးပါ။
စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်တော့သလို လုပ်နေကျ အလုပ်တွေကိုလည်း စိတ်ကုန်နေတတ်ပါတယ်။ ကိုယ့်မိဘ လုပ်နေကျအလုပ်တွေကို ကူလုပ်ပေးဖို့ကြိုးစားပါ။ အပင်စိုက်တာ၊ စာရေးတာ၊ လက်မှုပစ္စည်းတစ်ခုခုလုပ်တာမျိုး စိတ်အပန်းဖြေတဲ့အနေနဲ့ လုပ်ဖြစ်အောင် အားပေးပါ။
နောက်ဆုံးအချက်ကတော့ –
(၇) ကိုယ်ပိုင်ဆုံးဖြတ်၊ လုပ်ကိုင်ခွင့်ပေးပါ။
သူတို့ကိုယ်တိုင်လုပ်လို့ရနေတဲ့ကိစ္စတွေမှာ ကိုယ်တိုင်ပဲလုပ်ပါစေ။ – ဥပမာ- အင်္ကျီလဲတာ၊ရေချိုးတာ၊ သနပ်ခါးလူးတာ၊ လိုမျိုး အသေးအဖွဲလေးတွေမှာ ဝင်မလုပ်ပေးပါနဲ့။ ကိုယ်ကတော့ ဂရုစိုက်ပေး၊ ပြုစုပေးတာပေမယ့် အမြဲ ဝင်လုပ်ပေးတဲ့အခါ သူတို့မှာ ဘာမှလုပ်နိုင်စွမ်းမရှိတော့ပါဘူးလို့ အတွေးဝင်လာနိုင်ပါတယ်။
စိတ်ပျော်ရွှင်မှုနဲ့ သားသမီးတွေရဲ့ချစ်ခင်ဂရုစိုက်ခံရမှုက အကောင်းဆုံးဆေးတစ်ခွက်ဖြစ်တာကြောင့် မိဘတွေကို စိတ်ဖိစီးမှု မရှိအောင် ကြိုးစားထားရှိပေးရုံနဲ့ အသက်ရှည်ဆေးဆိုတာတောင် မလိုအပ်တော့ပါဘူး။
[embed-health-tool-bmi]