brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။ 

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား

အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ခုဆက်ပြောမယ့်အချက်တွေကတော့ ဘိုးဘိုးဘွားဘွားတို့ ကိုယ်ခံအားကောင်းစေဖို့ လွယ်လွယ်ကူကူလုပ်နိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

လက်ကို မကြာခဏ ဆေးကြောပါ

လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းနဲ့ အစားမစားခင်၊ ရေအိမ်က အဆင်းမှာ လက်ကို သေချာလေး သန့်စင်ဆေးကြောပေးပါ။ ဒီလို လုပ်တာက ကူးစက်ရောဂါပိုးတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း တစ်ခုပါ။

ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးပါ

လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံအားကောင်းစေဖို့ အရေးပါတဲ့ အချက် တစ်ခုပါ။ လေ့ကျင့်ခန်း ပုံမှန်လေး လုပ်ပေးတာက သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘိုးဘိုးဘွားဘွားတို့ကို ကိုယ်ခံအား ကောင်းစေချင်တယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ဖြစ်အောင် ဂရုစိုက်ပါ။

  • လမ်းလျှောက်တာ
  • ရေကူးတာ
  • ယောဂလေ့ကျင့်တာ
  • ကတာ
  • ခပ်ရွရွ ပြေးတာ
  • စက်ဘီးစီးတာမျိုးတွေ လုပ်ဆောင်ပေးပါ။ 

အာဟာရ ပြည့်ဝအောင် စားသုံးပါ

ကိုယ်ခံအား ကောင်းမှုက အာဟာရပြည့်ဝမှုနဲ့ တော်တော်လေးကို ဆက်စပ်နေတာပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ နေ့စဉ် စားသုံးမှုမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေ၊ အသား၊ ငါး စတာတွေကို ပါဝင်အောင် ပြင်ဆင်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားပေးဖို့လည်း လိုပါမယ်။ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကိုလည်း ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။

အိပ်ရေးဝဝ အိပ်စေပါ

အိပ်ရေးဝမှာ ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းမှာပါ။ နောက်ပြီး လူကြီးတွေက ညဘက်မှာ အိပ်ရာက နိုးပြီးသွားရင် ပြန်အိပ်မပျော်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းစေဖို့အတွက် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေဖို့ သေချာလေး ဂရုစိုက်ပေးဖို့ လိုသလို အိပ်ရေး ဝဝအိပ်ဖြစ်အောင်လည်း ဂရုစိုက်ပေးပါ။

ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ပျော်စေဖို့အတွက် – 

  • အချိန် မှန်မှန် အိပ်ရာဝင်ပါ
  • မအိပ်ခင်မှာ ဖုန်းတွေ လက်ပ်တော့တွေ မသုံးပါနဲ့
  • အိပ်ခန်းကို အမှောင်ချထားပါ
  • ညနေခင်းမှာ ကဖင်းတွေ အယ်လ်ကိုဟောတွေကို ရှောင်ပါ
  • အိပ်ခန်းကို အိပ်ဖို့အတွက်ပဲ သုံးစေပါ
  • လိုအပ်ရင် ကုထုံး ခံယူပါ။

မနက်ခင်း နေရောင်ခြည်ကို ခံယူပါ

မနက်ခင်း နေခြည်နွေးနွေးက စိတ်ခံစားမှု ကောင်းစေသလို စိတ်ဖိစီးမှုကိုလည်း သက်သာစေပြီး ကိုယ်ခံအားကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆောင်းမနက်ခင်းမှာ ရေနွေးနွေးလေး တစ်ခွက်သောက်ရင်း နေရောင်ခြည် ခံယူပေးပါ။ 

အားဆေးတွေ မှီဝဲပါ

အသက်ကြီးလာတာနဲ့အမျှ အာဟာရပြည့်ဝဖို့ ခက်ခဲလာတာကြောင့် လိုအပ်မယ်ဆိုရင် အားဆေးမှီဝဲပါ။ ဖြည့်စွက်အာဟာရတွေ သောက်သုံးပါ။

ကိုယ်ခံအားကို ထိခိုက်စေနိုင်တဲ့ အချက်တွေကို ရှောင်ပါ

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ အပေါ်က အချက်တွေကို လိုက်နာဖို့ လိုသလို ဒီအချက်လေးတွေကိုလည်း ဂရုစိုက် ရှောင်ကြဉ်ဖို့ လိုပါမယ်။ 

  • ဆေးလိပ် နဲ့ ဆေးလိပ်ငွေ့ ရှောင်ပါ
  • အရက် မသောက်ပါနဲ့
  • မဆာဘဲ အစားတွေ အများကြီး စားတာကို ရှောင်ပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
  • အထိုင် မများပါစေနဲ့
  • အချိုကဲ အငန်ကဲတာတွေ ရှောင်ပါ။ 
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/01/2024 ဖြစ်ပါသည်။