အသက်ကြီးပြီဆိုတာနဲ့ စိပ်ပုတီးနဲ့ ရိပ်ကြီးခိုရမယ်တော့ မဟုတ်ပါဘူး။ တရားဘာဝနာအားထုတ်တာအပြင် ကိုယ်ပျော်နိုင်တာတွေကိုလည်း လုပ်ဖို့ လိုပါတယ်။ အသက်ကြီးတဲ့အခါ အရာအားလုံးကို စိတ်လျှော့ပြီး ဖြစ်ချင်တာဖြစ်ပါစေတော့ဆိုပြီး လက်မလွှတ်လိုက်ပါနဲ့ဦး။ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ ဆိုပြီး ပြောကြတယ်ဟုတ်။
တကယ်လည်း တချို့ဘိုးဘိုးဘွားဘွားတွေက ကိုယ်တွေလူငယ်ထက် လန်းတာကို တွေ့ရမှာပါ။ အသက်ကြီးပေမယ့် သူတို့ကျွမ်းကျင်ရာ နယ်ပယ်မှာ ခွန်အားအပြည့်နဲ့ လုပ်နေတဲ့သူတွေ၊ ဘယ်တော့မဆို ကျော့ကျော့မော့မော့နဲ့ မွေးကြိုင်သန့်ပြန့်နေတဲ့ ဘိုးဘိုးဘွားဘွားတွေကို မြင်ဖူးမှာပါ။
သူတို့အတွက်ကတော့ အသက်ဆိုတာ တကယ်ကို ဂဏန်းသက်သက်ပါပဲ။ သူတို့ဘာကြောင့်များ ဒီလိုသွက်လက်ပြီး လှပေနေတာပါလိမ့်။
အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ
လှလှလေး အသက်ကြီးလာစေဖို့ ဆိုတာ ရှေးဘဝကုသိုလ်ကြီးပဲတော့ မဟုတ်ပါဘူး။ ခုဘဝမှာလည်း နေနည်းထိုင်နည်းလေး ဂရုစိုက်ရင် လှလာနိုင်တာပါပဲ။
အသက်ကြီးလို့ ဖြစ်လာတဲ့ ပြောင်းလဲမှုတွေကြားမှာ ကျန်းမာလှပနေစေဖို့
ငယ်ငယ်တုန်းကလို ဘာမှမစားဘဲ အတင်းအကျပ် ဝိတ်ချတာ၊ ပိန်ဆေးတွေ သောက်တာတွေကို မလုပ်သင့်တော့ပါဘူး။ ဒီအရွယ်မှာ ဘာပဲလုပ်လုပ် ကျန်းမာရေးကို ထိခိုက်နိုင်သလားဆိုတဲ့ မေးခွန်းကို ပြန်မေးဖို့လိုပါပြီ။
ဘိုးဘိုးဖြစ်ဖြစ် ဘွားဘွားဖြစ်ဖြစ် အသက်ကြီးလာရင် အရေပြား လျော့တွဲလာတာ၊ အမည်းစက်တွေ ဖြစ်လာတာ၊ အသားအရေခြောက်သွေ့တာတွေ ဖြစ်လာတတ်ပါတယ်။
ဒီတော့ Skin careတွေ ပုံမှန်သုံးပြီး ကိုယ့်အသားအရေကို ဂရုစိုက်ပါ။ အနည်းဆုံးတော့ နေလောင်ကာခရင်မ်နဲ့ အစိုဓာတ်ထိန်းကရင်မ် လိမ်းပေးပါ။
ဘွားဘွားတို့ကလည်း ကိုယ်နဲ့လိုက်ဖက်မယ့် မိတ်ကပ်၊ နှုတ်ခမ်းနီ၊ eye shadow ခြယ်သပါ။ ဆံပင်အရောင်၊ လက်သည်းအရောင် ဆိုးချင် ဆိုးပါ။ Spaသွားချင်သွားပါ။ အလှအပဆေးခန်းတွေမှာ ကုထုံးတွေ ယူချင်ယူပါ။ ဒီအရွယ်ကြီးမှ အလှမက်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသွင်အပြင်ကို ဂရုစိုက်တာပါ။
တစ်ကိုယ်ရည် သန့်ရှင်းရေးက ကျန်းမာရေးအတွက်ရော၊ စိတ်ကြည်လင်ဖို့အတွက်ရော အရေးကြီးပါတယ်။ နေ့စဉ်ပုံမှန်ရေချိုးပါ။ ခေါင်းလျှော်ပါ။ ကိုယ်နဲ့ လိုက်ဖက်ပြီး သက်သောင့်သက်သာဖြစ်တဲ့ အဝတ်အစားတွေ ဝတ်ပါ။
လူကြီးတွေ ရေချိုးရင် ဖျားတတ်တယ်၊ ခေါင်းလျှော်ရင် လေဖြတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ရာသီဥတုပေါ်မူတည်ပြီး သင့်တင့်တဲ့ ရေအပူချိန်နဲ့ ချိုးပေးရင် ကျန်းမာရေးနဲ့တောင် ညီညွတ်ပါသေးတယ်။
ပန်းခြံတွေကို သွားကြည့်လိုက်ရင် လူကြီးတွေ အုပ်စုလိုက်ပြီး လမ်းစုလျှောက်တာ၊ ထိုက်ကျိဆော့တာတွေ တွေ့ဖူးမှာပါ။ တချို့ကလည်း ကိုယ့်အပေါင်းအဖော်တွေနဲ့ ယောဂကျင့်တာ၊ ဇွန်းဘားကတာတွေ လုပ်ကြပါတယ်။
ဒီလိုမျိုး လှုပ်ရှားမှု တစ်ခုခုကို လုပ်နေတာက သိပ်ကို ကောင်းပါတယ်။ အပေါင်းအဖော်နဲ့ဆိုတော့ ပုံမှန်လည်း လုပ်ဖြစ်သလို အထီးကျန်တာမျိုးလည်း မဖြစ်တော့ပါဘူး။
အပြင်ထွက်မလုပ်ချင်ရင်တောင် အိမ်ထဲမှာ လမ်းလျှောက်တာ၊ စင်္ကြန်လျှောက်တာ၊ အပင်ရေလောင်းတာ စတာလေးတွေ လပ်ပေးနိုင်ပါတယ်။
သတိထားရမှာက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ ကိုယ်မနိုင်တဲ့ လေ့ကျင့်ခန်းတွေကို အတင်းဇွတ်မလုပ်မိဖို့ပါ။ မဟုတ်ရင် ချော်လဲတာ၊ အရိုးနဲ့ ကြွက်သားတွေ ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။
အသက်ကြီးလာရင် အရသာခံအာရုံပြောင်းလာတာကြောင့် အစားအသောက်တွေကို သိပ်မစားချင်တော့ပါဘူး။ သွားမကောင်းတာ၊ အံကပ်တပ်ထားရတာတွေများရှိရင် ပိုဆိုးပါတယ်။
ဒါကြောင့် နည်းနည်းနဲ့ အာဟာရလည်းဖြစ်၊ ကိုယ်လည်းကြိုက်လောက်မယ့် အစားအစာတွေကို ဦးစားပေးစားပါ။ ထမင်းရယ်မှ မဟုတ်ပါဘူး။ အာဟာရရှိတဲ့ ဘယ်အရာမဆို စားလို့ရပါတယ်။ တစ်နေ့တာ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် စားနိုင်ရင်၊ အာဟာရစုံလင်အောင် စားနိုင်ရင် အကောင်းဆုံးပါပဲ။
ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမယ့် အချို၊ အဆီအစိမ့်၊ အငန်၊ အသင့်စားအစားအစာတွေကိုတော့ ရှောင်ဖို့လိုတာပေါ့။
အသက်ကြီးလာရင် အစားအသောက်တင် ပျက်တာ မဟုတ်ပါဘူး။ အအိပ်အနေလည်း နည်းလာပါတယ်။ ဒါပေမယ့် လူကြီးတွေက အားပြည့်ဖို့ မကြာခဏ အနားယူဖို့ လိုသလို အိပ်ရေးဝဖို့လည်း လိုပါတယ်။
တစ်ညကို အနည်းဆုံး ၇နာရီလောက် ရအောင်အိပ်ပါ။ နေ့လယ်နေ့ခင်းတွေမှာလည်း နာရီဝက်လောက် မှေးပါ။ ညဘက်အိပ်ပျော်စေဖို့ မနက်ပိုင်းမှာ နေရောင်ခြည်ရတဲ့နေရာမှာ နေပါ။
- မကောင်းတဲ့ အမူအကျင့်တွေကို ဖြတ်လိုက်ပါ။
ဆေးလိပ်၊ အရက်သောက်တတ်ရင် လျှော့ပါ။ ဖြတ်လိုက်ရင်တော့ အကောင်းဆုံးပေါ့။ သောက်လာတာကြာလှပြီ။ အခုမှဖြတ်လည်း ဘာမှမထူးဘူးလို့ မတွေးပါနဲ့။ ဆေးလိပ်တို့၊ အရက်တို့ ဆိုတာက ဖြတ်ဖို့နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ခုဖြတ်ရင် အခုချက်ချင်း အကျိုးကျေးဇူးခံစားရပါတယ်။
- ဆေးဝါးတွေကို ပုံမှန်မှီဝဲပါ။
အသက်ကြီးလာရင် ဟိုဟိုဒီဒီရောဂါတွေကတော့ ရှိတတ်ကြတာပါပဲ။ ဒါပေမယ့် ဒီခေတ်ကြီးမှာ ဆေးကောင်းဝါးကောင်းတွေ ရှိနေတော့ ဆေးပုံမှန်သောက်၊ အစားအသောက်တွေ ဆင်ခြင်ရင် ကျန်းကျန်းမာမာနေနိုင်မှာပါ။
ဆေးတွေ အများကြီးသောက်ရလို့ စိတ်မညစ်ပါနဲ့။ ဒါက သဘာဝပဲလို့ လက်ခံလိုက်ပါ။
အသက်ကြီးလာရင် အာဟာရပြည့်ဖို့လည်း ခက်တာကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အစုံပါဝင်တဲ့ အားဆေးတစ်မျိုးမျိုး မှီဝဲပါ။
အသက်ကြီးလာရင် ကိုယ့်ရဲ့ ပိုက်ဆံကို ကျန်းမာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ မနှမြောပါနဲ့။ အသက်အလိုက် လိုအပ်တဲ့ ဆေးစစ်မှုတွေ နှစ်စဉ်လုပ်ပါ။ ရောဂါတွေ့မှာ ကြောက်လို့ မစစ်ဘဲ မနေပါနဲ့။ စောစောတွေ့လို့ စောစောကုရင် လူလည်းသက်သာ၊ ကုန်ကျစရိတ်လည်း သက်သာပါတယ်။
ကာကွယ်ဆေးတွေလည်း ပြည့်စုံအောင်ထိုးပါ။ အသက်ကြီးလာရင် ခုခံအားက ကျလာတတ်တော့ ရာသီတုပ်ကွေးကိုတောင် ခံနိုင်ရည်ရှိဖို့ မလွယ်ပါဘူး။ ကျန်းမာရေးအာမခံတွေလည်း တတ်နိုင်ရင် ဝယ်ထားပါ။ ဒါက ငွေကြေးကိစ္စပူပန်စရာမလိုဘဲ ဆေးကုနိုင်မှာပါ။
စိတ်ပိုင်းဆိုင်ရာမှာလည်း လိုက်နာသင့်တဲ့အချက်တွေကတော့
အသက်ကြီးလာရင် ငယ်ငယ်ကနဲ့ မတူတာတော့ အမှန်ပါပဲ။ ငယ်ငယ်တုန်းကလောက်တော့ အသားရေတင်းရင်းတာ၊ သွက်သွက်လက်လက်လှုပ်ရှားနိုင်တာတွေ ရှိမှာမဟုတ်ပါဘူး။ သက်ကြီးရောဂါတွေကြောင့် ဆေးစွဲသောက်ရတွေလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေကို လက်ခံလိုက်ဖို့ လိုပါတယ်။ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ ကျန်းမာအောင် ကြိုးစားမယ်လို့ စိတ်ထားတတ်ဖို့ လိုပါတယ်။
အသက်ကြီးလာတဲ့အခါ စိတ်ထောင်းရင် ကိုယ်ကြေတတ်တာကြောင့် တတ်နိုင်သမျှ စိတ်ညစ်မခံပါနဲ့။ မိသားစုဝင်တွေနဲ့လည်း အဆင်ပြေအောင် နေပါ။ တချို့ကိစ္စတွေဆို သားသမီးတွေ၊ လူငယ်တွေကို လွှဲထားလိုက်ပါတော့။
စိတ်ရှုပ်စရာတွေကိုလည်း ကြာကြာမခံစားဘဲ အသက်ရှူလေ့ကျင့်ခန်းတွေ၊ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ပြီး ဖြေလျှော့ပါ။
လူကြီးဆိုပြီး အမေတို့ ဘာမှမသိပါဘူးလို့ ပြောခံရတာ စိတ်ညစ်ဖို့ ကောင်းတယ်ဟုတ်။ ဒီလို မဖြစ်အောင် သတင်းတွေကို လေ့လာပါ။ ပညာရပ်အသစ်အဆန်းတွေကို တီးမိခေါက်မိရှိအောင် လုပ်ပါ။
အနည်းဆုံးတော့ ဖုန်းနဲ့ ဆိုရှယ်မီဒီယာတွေကိုလောက်တော့ သုံးတတ်ပါစေ။ ဒါမှ နေ့စဉ်ဖြစ်ပျက်သမျှ အကြောင်းအရာတွေကို မျက်ခြေမပြတ်မှာပေါ့။ လူကြီးတွေ အလိမ်ခံရတယ်ဆိုတာ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ အဆက်အသွယ်ပြတ်နေတာကြောင့်လည်း ပါတယ်လေ။
- ကိုယ့်ကိုယ်ကို အချိန်ပေးပါ။
တစ်ဘဝလုံး သားရေး၊ သမီးရေး၊ မိဘအရေးတွေနဲ့ လုံးပန်းခဲ့ပြီးပြီမို့လို့ အခုကစပြီး ကိုယ့်ကိုယ်ကို အချိန်ပေးသင့်ပါပြီ။ ခရီးသွားမလား သွားပါ။ အေးအေးလူလူ ကော်ဖီဆိုင်ထိုင်မလား နောက်ဆံမတင်းဘဲ ထိုင်လိုက်ပါ။
နောက်ပြီး ငယ်ငယ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် မသင်လိုက်ရတာ ရှိရင် အခုချိန်က အကောင်းဆုံးပါ။ ပန်းထိုးသင်မလား၊ ရေကူးသင်မလား ကိုယ်ဝါသနာပါရာကို အချိန်ပေးပါ။
အရင်တုန်းက အလုပ်တွေ မအားလို့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်ဘူးဆို အခုအချိန်ပြီး သွားတွေ့ပါ။ အွန်လိုင်းကနေ စကားပြောပါ။ အသက်တွေ ကြီးလာတော့ နောက်တစ်ခေါက် တွေ့ရဖို့ဆိုတာ မသေချာတော့ဘူးလေ။
အချင်းချင်းတွေ့ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတာကလည်း ကိုယ့်အသက်ကို ခဏလောက်တော့ ပြန်ငယ်သွားစေမှာပါ။
ငွေရေးကြေးရေးရယ်ကြောင့် မဟုတ်ဘဲ ကိုယ်လုပ်ချင်တာရှိရင် လုပ်ပါ။ အထူးသဖြင့် တစ်သက်လုံး အလုပ်လုပ်လာတဲ့သူတွေက ရုတ်တရပ် အနားယူလိုက်ရင် လူပိုလိုလို၊ အသုံးမဝင်တော့ဘူးလိုလို ခံစားရပြီး စိတ်ဓာတ်ကျတတ်ပါတယ်။
သူများနိုင်ငံတွေမှာ အသက်၇၀လောက်ထိ သမ္မတလောင်းတွေ ဝင်ပြိုင်ကြတုန်းပါ။ ဒါကြောင့် အားမလျှော့ပါနဲ့။ အရင်တုန်းက ကိုယ်တတ်ထားတဲ့ ပညာနဲ့ ဆက်ပြီး အလုပ်လုပ်နိုင်သလို ကိုယ်ပိုင်အလုပ်တစ်ခုခု လုပ်ချင်တယ်ဆိုလည်း နောက်မကျသေးပါဘူး။
အနှစ်ချုပ်
အသက်ကြီးပေမယ့် နေထိုင်စားသောက်ပုံ မှန်ကန်တယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာပါ။ အသက်ကြီးလာရင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုပေမယ့် စိတ်ထားတတ်မယ်။ အသက်နဲ့ လိုက်အောင် ပြင်ပြင်ဆင်ဆင်နေမယ်။ ကျန်းမာရေးဂရုစိုက်မယ်ဆိုရင် အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ။
[embed-health-tool-bmi]