brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဆောင်ရန် ရှောင်ရန်

နွေရောက်လာပြီဆိုတော့ တစ်နေ့ထက် တစ်နေ့ အပူချိန်က ပိုပြီး မြင့်တက်လာပါတယ်။ ဒီလို နွေအပူချိန် မြင့်တက်လာချိန်မှာ အပူဒဏ်ကို လူကြီးတွေရော ကလေးတွေပါ တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားလာကြရပါတယ်။ ဒီလို အပူချိန် မြင့်တက်လာတာနဲ့အတူ ထပ်ပြီး ခံစားရနိုင်တာက ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုးပါ။ ဒီတစ်ခေါက်တော့ နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ သတိထားရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဆောင်ရန် ရှောင်ရန်

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဆောင်ရန် ရှောင်ရန်

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာကတော့ ဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ပါ။ တကယ်လို့ ပြင်ပအပူချိန် မြင့်တက်လာချိန်မှာ ခန္ဓာကိုယ်အပူချိန်ကလည်း မြင့်တက်လာပါတယ်။

ဘယ်လို အခြေအနေတွေက ကိုယ်အပူချိန် မြင့်တက်တာကို ဖြစ်စေနိုင်လဲ!

ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်တဲ့ အကြောင်းအရာတွေကတော့ အများကြီးပါ။ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်နိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်

  • အချို့သောဆေးဝါးတွေ သောက်နေရတာ
  • သိုင်းရွိုက်ပြဿနာ ရှိတာ
  • ကဖင်းတွေ အများကြီး သောက်တာ
  • ခြေကုန်လက်ပမ်းကျတာ
  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာ
  • ရေဓာတ်ခမ်းခြောက်တာ
  • နေရောင်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာတွေပါ။

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဘာတွေကို ရှောင်ရမလဲ!

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

  • နေပူထဲမှာ တစ်ချိန်လုံး နေတာမျိုး မလုပ်ပါနဲ့

နေပူထဲမှာ အချိန်အကြာကြီးနေတာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်သလို အခန့်မသင့်ရင် အပူလျှပ်တာကိုပါ ဖြစ်စေနိုင်ပါတယ်။ ကလေးလေးတွေနဲ့ ဘိုးဘိုးဘွားဘွားတွေက အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာမျိုးကို ရှောင်ပါ။

  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာမျိုး မလုပ်ပါနဲ့

လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးကို ထောက်ကူပေးတယ်ဆိုပေမယ့် နွေပူနေချိန်မှာ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ အထူးသဖြင့် နေရောင်အောက်မှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးတွေ မလုပ်ပါနဲ့။

  • အရက်တွေ အလွန်အကျွံ သောက်တာမျိုး မလုပ်ပါနဲ့

အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ နွေပူနေချိန်မှာ အရက်တွေကို အလွန်အကျွံ သောက်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ကိုယ်တွင်းက ရေဓာတ်ဆုံးရှုံးစေပြီး ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေပါတယ်။

  • ကဖင်းတွေကို အများကြီး သောက်တာမျိုး မလုပ်ပါနဲ့

ကဖင်းတွေဆိုတဲ့နေရာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းကစလို့ လက်ဖက်သုပ်စတာတွေ အပါအဝင် အားဖြည့်အချိုရည်တွေကို သောက်ပေးတာက ဆီးခဏခဏ သွားစေပြီး ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေမှာပါ။

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ!

ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။

  • ရေဓာတ်ပြည့်ဝအောင် နေပါ

နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် အရေးတကြီး လိုက်နာရမယ့် အချက်က ကိုယ်တွင်းမှာ ရေဓာတ် ပြည့်ဝစေဖို့ပါ။ ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝတာက ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်သလို ခန္ဓာကိုယ် အပူချိန်ကိုလည်း လျှော့ချပေးနိုင်မှာပါ။ ရေဓာတ် ပြည့်ဝစေဖို့ဆိုရင် လုပ်လို့ ရတာက ရေများများ သောက်ပေးလို့ ရသလို ဓာတ်ဆားရည်တွေ သောက်ပေးတာ၊ သကြားမပါတဲ့ သစ်သီးဖျော်ရည်တွေကို သောက်တာ၊ အုန်းစိမ်းရည် သောက်ပေးတာမျိုးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

  • အရမ်းပူနေချိန်မှာ အရိပ်ရတဲ့နေရာမှာ နေပါ

အရမ်းပူနေချိန်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု များလေလေ ကိုယ်တွင်းအပူချိန်က မြင့်တက်နိုင်လေလေပါ။ ဒါကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ အရမ်းပူနေချိန်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ။ အရမ်းပူနေချိန်မှာ တတ်နိုင်သမျှ အရိပ်ရတဲ့နေရာမှာပဲ နေပေးပါ။

  • လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ

နွေရာသီမှာ ကိုယ်တွင်အပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် နောက်ထပ် ဂရုစိုက်ပေးလို့ရမယ့် အချက်တစ်ခုကတော့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပေးတာပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပေးတာက ခန္ဓာကိုယ်မှာ အပူချိန် ကျဆင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ကိုယ်တွင်းအပူချိန် ကျဆင်းစေဖို့ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ နေရာလေးမှာ နေပေးပါ။

  • ရေဓာတ် ကြွယ်ဝတဲ့ သစ်သီးတွေကို စားပေးပါ

နွေရာသီမှာ ကိုယ်တွင်းအပူချိန် ကျဆင်းစေဖို့ဆိုရင်တော့ နောက်တစ်ခု လုပ်လို့ရတာက ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို စားပေးတာပါ။ ဒီလို လုပ်ပေးတာက ကိုယ်တွင်းအပူချိန်ကျဆင်းစေဖို့ရော ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ဒီတော့ နွေရာသီမှာ ဖရဲသီး၊ သခွားမွှေး၊ သရက်သီးမှည့်လိုမျိုး သစ်သီးလေးတွေကို စားသုံးပေးလို့ ရပါတယ်။

  • သက်သောင့်သက်သာ နားပါ

နွေရာသီမှာ လှုပ်ရှားမှု များများ လုပ်လေလေ ကိုယ်တွင်းအပူချိန်က တက်လေလေပါ။ ဒါကြောင့် နွေပူနေချိန်မှာ တတ်နိုင်သမျှ လှုပ်ရှားမှုကို လျှော့ပြီး သက်တောင့်သက်သာ နားပါ။ ဒီလို နားတဲ့အခါ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နားပေးတာက နွေအပူရှိန်ကြောင့် ကိုယ်တွင်းမှာ အပူချိန်မြင့်တက်တာကို သက်သာစေမှာပါ။

အခုလောက်ဆိုရင်တော့ နွေရာသီမှာ ကိုယ်တွင်းအပူချိန် မြင့်တက်တာမျိုး မဖြစ်အောင် ဆောင်ရန် ရှောင်ရန်တွေကို သိလောက်ပြီဆိုတော့ သေချာလေး လိုက်နာပေးရင်ကို အဆင်ပြေမှာပါနော်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။