backup og meta

ှReye's syndrome (ရိုင်းစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ကဘာလဲ။

Reye’s syndrome ဆိုတာဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ ရောဂါတမျိုးဖြစ်ပြီး အသည်းနဲ့ ဦးနှောက်တို့ကို ရောင်ရမ်းဖောင်းကားစေပါတယ်။Reye’s syndrome ဟာ တုပ်ကွေး ဒါမှမဟုတ် ရေကျောက်ကဲ့သို့သော ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါတွေကနေ ပြန်ကောင်းလာတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး စိတ်ရှုပ်ထွေးခြင်း၊တက်ခြင်း၊သတိလစ်ခြင်း အစရှိသော ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။Reye’s syndrome ကို စောစောသိ၊စောစောကုနိုင်ရင်တော့ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။

Reye’s syndrome နဲ့ အက်စ်ပရင်ဆေးတို့အကြားမှာ ဆက်စပ်မှု တစုံတရာရှိနေတာကြောင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဒီဆေးကို သတိထားပြီး သုံးစွဲသင့်ပါတယ်။ အသက်နှစ်နှစ်အထက် ကလေးတွေမှာ အက်စ်ပရင်ဆေးပြားကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ရေကျောက် ဒါမှမဟုတ် တုပ်ကွေးလက္ခဏာတွေကနေ ပြန်ကောင်းလာတဲ့ ကလေးငယ်နဲ့ ဆယ်ကျော်သက်တွေမှာတော့ အက်စ်ပရင်ကို အသုံးမပြုသင့်ပါဘူး။ တကယ်လို့ သင့်မှာ စိုးရိမ်ပူပန်မှုတစုံတရာ ရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) က ဘယ်လောက်အဖြစ်များသလဲ

Reye’s syndrome ဟာ ရှားပါးတဲ့ ရောဂါတမျိုးဖြစ်ပြီး ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဖြစ်ပွားတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်၁၈နှစ်အောက် ကလေး/လူငယ်တွေမှာ အဓိကဖြစ်ပွားတတ်ပြီး ပျမ်းမျှအားဖြင့် အသက်၄နှစ်ကနေ ၁၂နှစ်အတွင်းမှာရှိတဲ့ ကလေးတွေမှာ အများဆုံး ခံစားရလေ့ရှိပါတယ်။

လက္ခဏာများ

reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Reye’s syndrome ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

ရေကျောက် ဒါမှမဟုတ် တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ ပြန်ကောင်းလာစ ကလေးတွေမှာ Reye’s syndrome စတင် ဖြစ်ပေါ်လေ့ရှိပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး သုံးရက်ကနေ ခုနှစ်ရက်ခန့်အကြာမှာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာလေ့ ရှိပါတယ်။ ဒီလက္ခဏာတွေဟာ နာရီပိုင်းအတွင်း ဒါမှမဟုတ် တရက်နှစ်ရက်အတွင်းမှာ ပေါ်ပေါက်လာမှာပါ။

ကနဦးပေါ်ပေါက်လာတတ်တဲ့ လက္ခဏာတွေကတော့-

ရုတ်တရက် လေချဉ်တက်ခြင်း သို့မဟုတ် အော့အန်ခြင်း။

အားအင်ကုန်ခမ်းပြီး နွမ်းနယ်နေခြင်း၊မည်သည့်အရာကိုမှ စိတ်မဝင်စားခြင်း။

ထူးခြားသော အမူအကျင့်များ ပေါ်ပေါက်လာခြင်း (ဥပမာ တခုခုကို ငေးစိုက်ကြည့်နေခြင်း၊ဂျီကျခြင်း၊စိတ်တိုစိတ်ဆတ်ဂဏှာမငြိမ်ဖြစ်ခြင်း၊ကိုယ်ရည်ကိုယ်သွေးများ ပြောင်းလဲခြင်း၊အာလေးလျှာလေးနှင့် စကားမပီမသဖြစ်ခြင်း စသည်)။

ငိုက်မျဉ်းခြင်း။

အသည်း ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှု ပိုမိုဆိုးရွားလာပြီဆိုရင်တော့ အောက်ဖော်ပြပါ လက္ခဏာတွေပါ ပေါ်ပေါက်လာနိုင်ပါတယ်။

စိတ်ရှုပ်ထွေးခြင်း (သင့်ရင်သွေးလေးဟာ သူ့ကိုယ်သူ ဘယ်ရောက်နေမှန်း မသိတော့တာ၊မိသားစုတွေ၊သူငယ်ချင်းတွေကို မမှတ်မိတော့တာ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း မေးခွန်းလေးတွေကိုတောင် မဖြေတတ်တော့တာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်)။

အသက်ရှုမြန်ခြင်း၊အသက်ပြင်းပြင်းရှုခြင်း။

(အကြောင်းတစုံတရာ မရှိဘဲ အခြားသူများကို အန္တရာယ်ပြုခြင်း ကဲ့သို့သော) ကြမ်းတမ်းတဲ့ အမူအရာတွေ ပေါ်ပေါက်လာခြင်း။

တက်ခြင်း၊မျောသွားခြင်း။

Reye syndrome ရောဂါဟာ အလျင်အမြန် ကုသမှုမခံယူရင် အသက်အန္တရာယ်အထိ ရှိနိုင်တဲ့အတွက် သင့်ကလေးမှာ Reye syndrome ရောဂါရဲ့ လက္ခဏာတွေကို တွေ့နေရပြီဆိုတာနဲ့ (သင့်ကလေးမှာ လတ်တလော ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း မရှိဘူး၊အက်စ်ပရင်ဆေးလည်း သောက်မနေဘူးဆိုရင်တောင်) အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရပါလိမ့်မယ်။ စောစောကုလေ အခြေအနေကောင်းလေပါပဲ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေရှိနေပြီဆိုရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။

တက်ခြင်း။

သတိလစ်ခြင်း။

သင့်ကလေးအနေနဲ့ တုပ်ကွေး ဒါမှမဟုတ် ရေကျောက်ဝေဒနာခံစားရပြီးနောက်မှာ အောက်ဖော်ပြပါ လက္ခဏာတွေကို ခံစားရတယ်ဆိုရင် ကလေးဆရာဝန်နဲ့ အမြန်ဆုံးပြပါ။

ထပ်တလဲလဲ အန်ခြင်း။

အလွန်အမင်း အိပ်ငိုက်ခြင်း၊မှိန်းနေခြင်း။

ကလေးရဲ့ အမူအကျင့်တွေ ရုတ်တရက် ပြောင်းလာခြင်း။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ကိုဘာတွေကဖြစ်စေသလဲ

Reye’s syndrome ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးပေမယ့် ရေကျောက်ပေါက်ပြီးကာစ ကလေးတွေ၊တုပ်ကွေးဖြစ်ပြီးကာစ ကလေးတွေနဲ့ အက်စ်ပရင်ပါတဲ့ ဆေးဝါးမှီဝဲနေရတဲ့ ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။Reye’s syndrome ဟာ ကလေးတယောက်ကနေ နောက်တယောက်ကို မကူးစက်နိုင်ပါဘူး။

ဖြစ်နိုင်ခြေများ

Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Reye’s syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေ (ဥပမာ တုပ်ကွေး၊ရေကျောက်၊အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ စသည်)ကို ကုသဖို့အတွက် အက်စ်ပရင်ဆေးကို အသုံးပြုခြင်း။
  • fatty acid ဓါတ်တိုးခြင်းဆိုင်ရာ မူမမှန်ရောဂါ အခံရှိခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်အနေနဲ့ သင့်ကလေးအား စမ်းသပ်စစ်ဆေးခြင်း၊ရောဂါလက္ခဏာများအား မေးမြန်းခြင်း၊လတ်တလော အက်စ်ပရင်ဆေးပြား သုံးစွဲထားခြင်း ရှိမရှိ မေးမြန်းခြင်း၊ရောဂါရာဇဝင်မေးမြန်းခြင်း စတာတွေကို ပြုလုပ်ပါလိမ့်မယ်။

ဒါ့အပြင် သွေးစစ်၊ဆီးစိုက်ခြင်း၊အသည်းမှ အသားစရယူ စစ်ဆေးခြင်း၊ဦးခေါင်းအား CT ဓါတ်မှန်ရိုက်ခြင်း၊ကျောရိုးတွင်းမှ အရည်နမူနာယူပြီး စစ်ဆေးခြင်း အစရှိတာတွေကိုလည်း ပြုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်ဦးမယ်။

Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ကို ဘယ်လိုကုသပါသလဲ

Reye’s syndrome ရောဂါခံစားရပြီဆိုရင် ကျိန်းသေပေါက် ဆေးရုံတက်ပြီး ကုသမှုခံယူရပါမယ်(အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးဖို့တောင် လိုကောင်းလိုပါလိမ့်မယ်)။ အဓိက ရည်ရွယ်ချက်ကတော့ ဦးနှောက်နဲ့ အသည်းထိခိုက်မှုကို ရပ်တန့်ပစ်ဖို့ဖြစ်ပြီး အခြားသော နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

ဆေးရုံမှာ ကုသမှုခံယူနေစဉ်အတွင်း သင့်ကလေးရဲ့ ဦးနှောက်ဖောရောင်ခြင်းကို လျှော့ချဖို့အတွက် ဆေးဝါးကုသမှုခံယူရမှာဖြစ်သလို အခြားလိုအပ်တဲ့ အထောက်အကူပြု ဆေးဝါးတွေ၊ကိရိယာတွေကိုလည်း အသုံးပြုရပါမယ်။

Reye’s syndrome ဟာ သင့်အတွက်ရော သင့်ကလေးအတွက်ပါ အိပ်မက်ဆိုးကြီးပါ။ ဒါပေမယ့် Reye’s syndrome ဝေဒနာကို ခံစားခဲ့ရတဲ့ ကလေးအများစုဟာ နောက်ဆက်တွဲ ဘာပြဿနာမှ မရှိဘဲ ပြန်လည်ကောင်းမွန်သွားလေ့ရှိကြတယ် ဆိုတာကိုလည်း နားလည်ထားရပါမယ်။

သင်ရော သင့်ကလေးပါ စိတ်အေးသက်သာ ရှိစေဖို့၊စိတ်ပူပန်မှုတွေ လျော့ကျစေဖို့အတွက် အောက်ဖော်ပြပါ အချက်တွေကို လိုက်နာဆောင်ရွက်နိုင်ပါတယ်။

သင့်ကလေးနဲ့ ပတ်သက်လို့ စိတ်ထဲမရှင်းလင်းတာ၊စိုးရိမ်ပူပန်နေရတာမျိုး ရှိတယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးရုံတာဝန်ကျဝန်ထမ်းတွေနဲ့ မေးမြန်းဆွေးနွေးပါ။

ကလေးနဲ့ တတ်နိုင်သမျှ အတူတူနေပေးပါ။ တကယ်လို့ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကလေးနဲ့အတူတူ ပေးမနေဘူးဆိုရင်တောင် မကြာခဏ သွားကြည့်ပါ။

သင့်ကလေးကြိုက်နှစ်သက်တဲ့ အရုပ်လေးတွေ၊ပစ္စည်းလေးတွေကို ဆေးရုံပေါ် ယူလာပေးပါ။ ဒါဆိုရင် သူလေးအနေနဲ့ စိတ်ထဲမှာ ပိုပြီးတော့ လုံခြုံမှု ရှိမှာပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Reye’s syndrome. http://www.mayoclinic.org/diseases-conditions/reyes-
syndrome/basics/definition/con-20020083. Accessed July 31, 2017.
Reye Syndrome – Topic Overview. http://www.webmd.com/children/tc/reyes-
syndrome-topic- overview#1. Accessed July 31, 2017.
Reye Syndrome. https://rarediseases.org/rare-diseases/reye- syndrome/. Accessed
July 31, 2017.

ယခုပုံစံ

11/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement