brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကင်ဆာအကျိတ်ဆဲလ်တွေကို ၁၀ စက္ကန့်အတွင်း စစ်ဆေးသိရှိနိုင်မယ့် ကိရိယာ

ကင်ဆာဖြစ်လာမယ့်အကျိတ်တစ်ရှူးကို ချက်ချင်းစစ်ဆေးသိရှိနိုင်ပြီး လုံးဝဖယ်ရှားပေးနိုင်စေမယ့် ကင်ဆာစစ်ဆေးမှု ကိရိယာအသစ်တစ်မျိုးကို တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီကိရိယာနဲ့သာဆိုရင် လူနာကို ခွဲခန်းကုတင်မှာထားပြီး ဓါတ်ခွဲခန်းကို နမူနာတွေပို့ပြီးစစ်ဆေးရတာတွေ စောင့်ဆိုင်းရတာတွေမရှိတော့ဘဲ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။

ကင်ဆာအကျိတ်ဆဲလ်တွေကို ၁၀ စက္ကန့်အတွင်း စစ်ဆေးသိရှိနိုင်မယ့် ကိရိယာ

ဘောပင်ပုံစံ The MasSpec Pen ဟာ စစ်ဆေးမယ့်တစ်ရှူးက ကင်ဆာဖြစ်မဖြစ်ကို အချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပြီး ၁၀ စက္ကန့်အတွင်း အဖြေရရှိနိုင်တဲ့ ကိရိယာငယ်ဖြစ်ပါတယ်။

ဒီကိရိယာကြောင့် အကျိတ်ဘေးတဝိုက်က ကင်ဆာဆဲလ်တွေအားလုံးကို ခွဲစိတ်ဖယ်ရှားနိုင်ဖို့ ပိုလွယ်ကူစေလိမ့်မယ်လို့University of Texas မှ လက်ထောက်ပါမောက္ခ သုတေသီLivia Eberlin ကပြောပါတယ်။

အထူးသဖြင့် ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ဦးနှောက်ကင်ဆာတို့ဟာ ပုံမှန်တစ်ရှူးတဝိုက်ကို ပျံ့နှံ့ရောက်ရှိတတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ ခွဲစိတ်ဆရာဝန်တွေအတွက်တော့ ကင်ဆာဆဲလ်တွေက ပုံမှန်တစ်ရှူးနဲ့ ဆင်တူနေတာကြောင့် မျက်စိအမြင်တစ်ခုတည်းနဲ့ အရမ်းကို ခွဲခြားဖယ်ရှားရခက် တယ်လို့သူကပြောပါတယ်။

လက်ရှိမှာ ကိရိယာသစ်ရဲ့ရလဒ်တိကျမှန်ကန်မှုကတော့ ၉၆ ရာခိုင်နှုန်းကျော်တယ်လို့ စမ်းသပ်စစ်ဆေးမှုတွေအရဖော်ပြခဲ့ပါတယ်။

အခုအသုံးပြုနေတဲ့နည်းလမ်းမှာဆို ကင်ဆာခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်မှုအတွင်း အကျိတ်တွေအားလုံးဖယ်ထုတ်ပြီးမပြီးသေချာစေဖို့ တစ်ရှူးနမူနာတွေကိုဆေးရုံတွင်းဓါတ်ခွဲခန်းတွေဆီပေးပို့ရပါတယ်။ စစ်ဆေးမှုက အလွန်ဆုံး အချိန်နာရီဝက်လောက်ကြာမြင့်တတ်ပြီး ရလဒ်မသိရမီအချိန်အတွင်းမှာ လူနာကိုခွဲခန်းကုတင်မှာမေ့ဆေးပေးထားရတာဖြစ်ပါတယ်။

တခါသုံးဖြစ်တဲ့ ကိရိယာသစ်မှာပါးလွှာတဲ့ပြွန်ငယ်တစ်ခုကို mass spectrometer တစ်ခုနဲ့ချိတ်ဆက်ထားပြီးmass spectrometer က ဓါတုမော်လီကျူးတွေနဲ့မော်လီကျူးအစုတွေကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးတာဖြစ်ပါတယ်။

ဆရာဝန်တွေက ခွဲခန်းထဲမှာ လူနာရဲ့ခန္ဓါကိုယ်တစ်ရှူးပေါ်မှာ ကိရိယာထိပ်ကို တင်လိုက်တဲ့အခါ ကိရိယာကရေစက်လေးတစ်စက် အမြန်ထွက်လာပြီး ချက်ချင်းကိုပြန်စုပ်ယူသွားတာဖြစ်ပါတယ်။ရေစက်လေးက တစ်ရှူးပေါ်မှာ ၃ စက္ကန့်သာတင်ခဲ့ပါတယ်။ ဒီအချိန်လေးအတွင်းမှာပဲရေစက်လေးက တစ်ရှူးဆီကနေမော်လီကျူးတွေကို စုပ်ယူသွားခဲ့တာပါ။

မော်လီကျူးအများစုကရေမှာပျော်ဝင်လွယ်တာကြောင့် ကိရိယာက လွယ်လွယ်လေးနဲ့မော်လီကျူးတွေရရှိသွားပြီးmass spectrometer ဆီကို ရောက်ရှိသွားပါတယ်။mass spectrometer ကမှမော်လီကျူးတွေ ပုံမှန်ဖြစ်မဖြစ်၊ ကင်ဆာဖြစ်မဖြစ်ကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။

“ကင်ဆာတစ်ရှူးတွေနဲ့ ပုံမှန်တစ်ရှူးတွေက အရမ်းကို ကွာခြားတဲ့မော်လီကျူးဖွဲ့စည်းပုံတွေရှိကြတယ်” Eberlin ကဆိုပါတယ်။

ကိရိယာကစစ်ဆေးပြီးသွားတဲ့အခါ ( ၁၀စက္ကန့်အကြာ) ပုံမှန်(Normal) သို့မဟုတ် ကင်ဆာ (Cancer) လို့ ကိရိယာနဲ့ချိတ်ဆက်ထားတဲ့ကွန်ပျူတာမျက်နှာပြင်မှာပေါ်လာပါတယ်။

လူတွေရဲ့လက်ဗွေရာလိုမျိုး ကင်ဆာရောဂါတိုင်းမှာလည်း တခုနဲ့တခုမတူတဲ့ သီးခြားဇီဝပြယုဂ်တွေရှိတာကြောင့် The MasSpec Pen က ကင်ဆာအမျိုးအစားနဲ့ အမျိုးအစားခွဲတွေကိုပါ ခွဲခြားဖော်ပြနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

အခုတော့ ကိရိယာကို ထပ်အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်လျက်ရှိပြီး လာမယ့်နှစ်အစောပိုင်းမှာ ခွဲစိတ်ကုသမှုတွေအတွင်း စတင်အသုံးပြုနိုင်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။ အဲဒီနောက်မှဈေးကွက်ထဲဖြန့်ချိမှာဖြစ်ပါတယ်။

ဒီလေ့လာမှုမှာ ကိရိယာရဲ့အဖြေတိကျမှုကိုသိရှိနိုင်ဖို့ ရင်သားကင်ဆာ၊ သိုင်းရွိုက်၊ အဆုတ်နဲ့ မျိုးဥအိမ်ကင်ဆာတို့ရဲ့ နမူနာတွေကိုအသုံးပြု စမ်းသပ်ခဲ့ပါတယ်။

“အတည်ပြုဖို့ ခက်ခဲတယ်လို့ နာမည်ကြီးတဲ့ အစာအိမ်ကင်ဆာ၊ သည်းခြေပြွန်ကင်ဆာ၊အူမကြီးကင်ဆာ၊ ပန်ကရိယာကင်ဆာတို့ရဲ့ အကျိတ်တွေအတွက် တိတိကျကျ ရလဒ်ထုတ်ပေးနိုင်ရင် ပိုကောင်းမှာပါ” လို့ နယူးယောက်မြို့Northwell Health Cancer Institute မှဒေါက်တာGary Deutsch ကပြောပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။