ကိုယ်လက်လှုပ်ရှားလုပ်ရင် ချွေးထွက်ပါတယ်။ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့အတွက် ရေပြန်သောက်ဖို့လိုပါတယ်။ ရေဓာတ်ဆုံးရှုံးလို့ ရေပြန်သောက်တာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ချွေးထွက်တာကနည်းပြီး ပြန်သောက်တဲ့ပမာဏက တရားလွန် များနေရင်တော့ ပြဿနာရှိနိုင်ပါတယ်။
- စစ်ရေးဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်သူများ
စစ်သားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ရေး အပြင်းအထန် ဆင်းရတဲ့ အချိန်တွေရှိပါတယ်။ အားကစားလုပ်တဲ့သူတွေလိုဘဲ လေ့ကျင့်ရေး အပြင်းအထန်လုပ်ချိန်မှာ ရေဆာပြီး ရေကို လိုတာထက် ပိုသောက်သုံးမိရင် ရေဆိပ်တက်နိုင်ပါတယ်။
ဒီလိုအခြေအနေ နှစ်မျိုးအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာခံစားနေရသူ တချို့မှာလည်း ရေအလွန်အကျွံ သောက်မိပြီး ရေဆိပ်တက်သွားတဲ့ ပြဿနာတွေ ရှိနိုင်ပါတယ်။
တကယ်တော့ ရေဆိပ်တက်တဲ့ ပြဿနာဖြစ်ဖို့အတွက် သောက်သုံးလိုက်တဲ့ ရေပမာဏအပြင် ဘယ်လောက် အချိန်တိုအတွင်း သောက်လိုက်သလဲဆိုတာလည်း အရေးပါပါတယ်။ ပုံမှန်ဆို ကျောက်ကပ်က တစ်ရက်ကို ရေ ၂၀-၂၈ လီတာအထိ စွန့်ထုတ်သန့်စင်ပေးနိုင်ပြီး တစ်နာရီကို ၁ လီတာအထိ အများဆုံး စွန့်ထုတ်နိုင်တယ်လို့ ဆိုပါတယ်။
ရေဆိပ်တက်တဲ့ပြဿနာ ကြုံဖူးသူတွေကို လေ့လာကြည့်တဲ့အခါမှာလည်း အချိန်တိုအတွင်း ရေပမာဏ အများကြီး သောက်လိုက်သူတွေသာ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ရေဆာလို့ ရေသောက်တော့မယ်ဆို ချင့်ချိန်ပြီးသောက်ဖို့ အကြံပေးချင်ပါတယ်။
လူတစ်ယောက် အနေနဲ့ တစ်နေ့ကို ရေဘယ်လောက်သောက်ရမယ်ဆိုတာ သုတေသနလုပ်ထားတာ အခုချိန်ထိ မရှိသေးပါဘူး။ အတော်များများက တစ်ရက်ကို ရေရှစ်ခွက် အနည်းဆုံးသောက်ရမယ်လို့ ဆိုပေမဲ့ ဒီအချက်ကလည်း အတိအကျမဟုတ်ပါဘူး။
တကယ်တော့ တစ်ရက်သောက်သုံးရမယ့် ရေပမာဏဆိုတာ ယောကျ်ား/မိန်းမ၊ အသက်၊ အလုပ်အကိုင်၊ ကျန်းမာရေးအခြေအနေ စတာတွေနဲ့လည်း အများကြီး သက်ဆိုင်တဲ့အတွက် အတိအကျသတ်မှတ်ဖို့ ခက်ခဲနေပါသေးတယ်။
ရေဆိပ်တက်တဲ့ ပြဿနာကတွေ့ရခဲတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ အထူးသဖြင့် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ပြီး ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ဖို့ အလွန်အကျွံ သောက်မိသူတွေမှာ ပိုအဖြစ်များကာ အခြားသူတွေမှာဖြစ်ဖို့ အတော်လေး ခဲယဉ်းပါတယ်။ ရေဆိပ်တက် မှာစိုးလို့ဆိုပြီး ရေကိုလိုအပ်တာထက် လျှော့သောက်တာမျိုးလည်း မလုပ်သင့်ပါဘူး။
ကိုယ်တွင်းအစိတ်အပိုင်းတွေအားလုံး ပုံမှန်အလုပ်လုပ်နိုင်ဖို့ ရေသောက်ဖို့လိုပါတယ်။ ယေဘုယျအားဖြင့် တစ်နာရီကို ရေ ဝ.၈ လီတာ ကနေ ၁ လီတာထက် ပိုမသောက်ရင် ရပါပြီ။
ရေးသားသူ – Dr.Htoo Tint
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။