brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ခရီးတော့ သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ ကြောက်နေတယ် ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာ တစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင် အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ် တစ်ခု ဖြစ်စေဖို့ ဒီ ဆောင်းပါးကတဆင့် အကူအညီပေးပါရစေ။ ကဲ ….. ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ကားမူးရင် ဘယ်လိုခံစားရလဲ

ကားမူးတယ် ဆိုတာက ကားစီးမှ မူးတာ မဟုတ်ပါဘူး။ လေယာဉ် စီးရင် ဖြစ်ဖြစ်၊ ရထား စီးရင်း ဖြစ်ဖြစ်၊ သင်္ဘော စီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလို ဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျ ပြောရရင်တော့ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့။ ဒီ ဝေဒနာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေ ဖြစ်လာသလဲဆိုတော့

  • မအီမလည်ကြီး ဖြစ်လာမယ်
  • ငြီးစီစီ ဖြစ်လာမယ်
  • အော့အန်မယ်
  • အသက်ရှူ မြန်လာမယ်
  • ချွေးစေးပြန်လာမယ်
  • ဖြူဖပ်ဖြူရော် ဖြစ်လာမယ်
  • ခေါင်းကိုက်မယ်
  • ခန္ဓာကိုယ် ထဲမှာ နုံးချိချိ ဖြစ်လာပါမယ်
  • ကားမူးတဲ့ ခံစားချက်က ကားပေါ်ကနေ ဆင်းလိုက်ပြီးတဲ့ အထိတောင် ကျန်နေခဲ့တတ်ပါတယ်။ အနည်းဆုံးကတော့ ခေါင်းမကြည်ဘဲ ကျန်ခဲ့နိုင်ပါတယ်။

    ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

    ကားမူးတဲ့ လက္ခဏာက တရိပ်ရိပ် တက်လာတဲ့ ခံစားမှု တစ်ခုပါ။ ချက်ချင်းကြီး ဖြစ်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် ကားမူးတာကို ခံစားနေရပြီလို့ သိနိုင်တဲ့ အစပျိုး လက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဒီနည်းလေးတွေ သုံးပြီး သက်သာအောင် အရင် လုပ်ကြည့်ပါ။

    • ပတ်ဝန်းကျင်က အရာတွေကို ကြည့်လိုက်ပါ
    • ခေါင်းကို လှုပ်ရှားမှု နည်းအောင် လုပ်ဆောင်ပါ၊ ကျောမှီ ထားတာမျိုး မလုပ်ဘဲ ခပ်မတ်မတ် ထိုင်ပေးပါ
    • စာဖတ် နေတာမျိုး လုပ်နေတာဆို ချက်ချင်း ရပ်လိုက်ပါ
    • ပြတင်းပေါက်ကို ဖွင့်ပြီး ပြင်ပက လတ်ဆတ်တဲ့ လေကို ရှူရှိုက်ပေးပါ
    • ဝင်သက်ထွက်သက် မှတ်တာမျိုး၊ သီချင်း နားထောင်တာမျိုး လုပ်ပြီး အာရုံ ပြောင်းပါ
    • လှဲအိပ် လိုက်ဖို့ အဆင်ပြေတယ် ဆိုရင် လှဲအိပ် လိုက်ပါ
    • ခန္ဓာကိုယ်ကို အပူအအေးမျှတအောင်နေပါ။
    • အစားတွေ အများကြီး စားတာမျိုး မလုပ်ပါနဲ့။ အယ်လ်ကိုဟောနဲ့ ကဖင်းဓါတ် ပါတဲ့ အရာတွေကို ရှောင်ကြဉ်ပါ။

    ကားမူးတာကို ကာကွယ်ဖို့ လုပ်သင့်တဲ့ အချက် ၁၀ ချက်

    ကားစီးတိုင်း မူးနေမှာ စိုးရိမ်တာကြောင့် ကားမူးတတ်တဲ့သူတွေက ခရီးသွားဖို့ ဝန်လေးတတ်ကြပါတယ်။ ကားမူးတာက ကြိုတင်ကာကွယ်လို့ ရပါတယ်။ အခု ပြောပြမယ့် အချက်လေးတွေက သင့်ကို ကားမမူးအောင် ကာကွယ်ပေးပါလိမ့်မယ်။

    • ခရီး မသွားခင်မှာ အစား အများကြီး မစားပါနဲ့။ အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကဖင်းနဲ့ အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေကို ရှောင်ကြဉ်ပါ။
    • အနံ့ပြင်းတဲ့ စားစရာ၊ သောက်စရာတွေကိုရှောင်ကြဉ်ပါ။
    • မူးဝေ အော့အန်တာကို သိပ်မဖြစ်စေနိုင်မယ့် နေရာမျိုးမှာ ရွေးထိုင်ပါ။ လေယာဉ်ဆို အလယ်ပိုင်းလောက်မှာ ထိုင်ပါ၊ သင်္ဘောတို့၊ လှေတို့ ဆိုရင် ကုန်းပတ် ပေါ်မှာ ထိုင်ပါ။ ကားဆိုရင်တော့ ပြတင်းပေါက် ဘေးဘက်နဲ့ အရှေ့ပိုင်း နားမှာ ထိုင်ပါ။
    • ခရီး သွားနေတဲ့ ဦးတည်ရာနဲ့ ဆန့်ကျင်ဘက် မထိုင်မိပါစေနဲ့။ ဒါကရထား စီးတဲ့အခါမျိုးမှာ အဖြစ်များ နိုင်ပါတယ်။
    • ခရီးသွားရင်း စာဖတ်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီ ကြည့်တာမျိုး မလုပ်ပါနဲ့။
    • ပြတင်းပေါက် ဖွင့်ထားပြီး ပတ်ဝန်းကျင်က သဘာဝလေကို ရှုရှိုက်ပါ။
    • မူးဝေအော့အန် နေသူကို သွားမကြည့်မိအောင် နေပါ။
    • ကားမူး သက်သာစေနိုင်တဲ့ ဆေးတစ်ခုခု သောက်သုံးပါ။ အရွယ်ရောက်ပြီးသူတွေကတော့ Dimenhydrinate ပါတဲ့ ကားမူးပျောက်ဆေးတွေကို ခရီးမသွားခင်မှာ ကြိုသောက်ထားနိုင်ပါတယ်။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/04/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။