backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ

အခုရာသီဥတုမတရားပူတယ်။ အပြင်ထွက်ရရင် အသက်ရှူလို့တောင်မဝသလိုပဲ။ ဒီထက်ပိုပူလာမှာကို ပြင်ဆင်ထားရမယ်ထင်တယ်။ ဒီလို ပြင်ဆင်တဲ့အခါ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ အကြောင်းကိုလည်း သီထားဖို့ လိုပါမယ်။

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ ကို အခုလို ခွဲခြားနိုင်ပါတယ်။ ဒါကတော့  အရေးပေါ် နဲ့ အရေးပေါ်မဟုတ်တဲ့အခြေအနေများဆိုပြီး ခွဲလို့ရတယ်။

အရေးပေါ်အခြေအနေကနေ သေတဲ့အထိဖြစ်နိုင်တယ်။ အပူရှပ်တယ်လို့ ခေါ်ကြတယ်။

ဒါပေမယ့် နားလည်မှုလွဲနေတာက နေပူထဲကနေ ပြန်လာပြီး ရေချိုးလိုက်လို့ အဲကွန်းခန်းထဲဝင်လိုက်လို့စတာတွေကို အပူရှပ်တယ်လို့ ပြောနေကြတယ်။

တကယ်က အပူဒဏ်ကို အကြာကြီး ခံရတဲ့နောက် ချွေးထွက်များပြီး ခန္ဓါကိုယ်က ရေဓါတ်နဲ့ ဆားဓါတ်တွေဆုံးရှုံးတယ်။

ဆုံးရှုံးမှုတွေကို ဆက်ပြီးမဖြည့်တင်းနိုင်ဘဲ အပူကလည်း ဆက်ပြီးခံနေရတယ်ဆိုရင် ခန္ဓါကိုယ်က သူ့ရဲ့ အပူထိန်းညှိတဲ့လုပ်ငန်းစဉ်ရပ်သွားတယ်။ ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေပျက်ယွင်းသွားတယ်။ အဲဒီမှာ သတိလစ်တာ၊ တက်တာ၊ ခန္ဓါကိုယ်အပူချိန် အရမ်းမြင့်တာတွေဆက်ဖြစ်တယ်။

အဲဒါကို အပူရှပ်တယ် (Heat Stroke) လို့ခေါ်တယ်။

Heat Stroke မတိုင်ခင်မှာ ရေဓါတ်နဲ့ ဆားဓါတ်ဆုံးရှုံးမှုလက္ခဏာတွေ အရင်ပြတတ်တယ်။

ခေါင်းမူးခေါင်းကိုက်တာ။ ကြွက်သားတွေနာကျင်တာ၊ ကြွက်တက်တာ။ နှလုံးခုန်မြန်တာ၊မူးဝေတာတွေက အန္တရာယ်ရှိနေပြီဆိုတာကို ပြသပါတယ်။

အပူရှပ်တာက အမြန်အဆန်ကယ်တင်မှုမလုပ်ဘူးဆိုရင် သေတတ်ပါတယ်။ လုပ်ရမယ့် ဦးတည်ချက်က အပူဒဏ်ခံနေရတဲ့သူကို အမြန်ဆုံးအေးအောင်လုပ်ဖို့ပါ။

မြန်မြန်ဆန်ဆန်လုပ်ရမယ့် အလုပ်က အပူရှပ်တဲ့သူ (သိသာတာကတော့ သတိလစ်သွားတာမျိုး) ကို အေးမြတဲ့နေရာကို အမြန်ဆုံးရွှေ့ဆိုင်းရမယ်။ လေအေးပေးစက်ရှိတဲ့အခန်းလိုမျိုးပေါ့။

ပြီးရင် ရေအေးနဲ့ ဖြန်းပေးရမယ်။ လည်ပင်း၊ ပေါင်ကြားနဲ့ ချိုင်းကြားတွေကို ရေခဲဝတ်ကပ်ပေးရမယ်။ ရေနဲ့ ဓါတ်ဆားတိုက်ရမယ်(သတိလစ်နေရင်တော့ မတိုက်ရဘူး)။ အပူဒဏ်ခံနေရတဲ့သူက အမြန်ဆုံး ပြန်အေးသွားမှ သူ့ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တွေ ပြန်ပြီး မြန်မြန်ဆန်ဆန်အလုပ်ဖြစ်မယ်။

စကားစပ်မိလို့ တဆက်တည်းပြောရရင် အပူဒဏ်နဲ့ပတ်သက်ပြီး လူပြောသူပြော အရမ်းများတဲ့ အရာတစ်ခုက ပူနေတဲ့နေရာကနေ အေးတဲ့နေရာ။ ဒါမှမဟုတ် အေးတဲ့နေရာကနေ ပူတဲ့နေရာတွေကို ချက်ချင်းမသွားရဘူးဆိုတာလည်းပါတယ်။

အဲဒီအကြံပေးချက်က ဘယ်ကနေလာလဲဆိုတာမသိဘူး (ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတိပေးချက်မှာတော့မပါဘူး)။ ဘာကြောင့်အဲဒီလိုဖြစ်တာလဲဆိုတာလည်း သေချာမသိရဘူး။ စာတွေလိုက်ရှာဖတ်တာမှာလည်း မတွေ့မိဘူး။

လိုရမည်ရ မလုပ်တာ ကောင်းတယ်ဆိုတာတော့ လက်ခံတယ်။ ဒါပေမယ့် စိုးရိမ်မိတာက အဲဒါကြီးစွဲနေပြီး တကယ်အပူရှပ်တဲ့သူကို မြန်မြန်အေးအောင် မလုပ်ပေးမှာကိုတော့ စိုးရိမ်တယ်။

ဆိုတော့ အပူကနေ အအေး၊ အအေးကနေ အပူ ရုတ်တရက်မသွားချင်လို့ အချိန်တစ်ခု စောင့်ချင်တယ် ဆိုလည်း စောင့်ပါ။ ဒါပေမယ့် အရေးပေါ်အခြေအနေမှာတော့ အမြန်ဆုံးအေးအောင် လုပ်တဲ့နည်းကို လုပ်ပေးရမယ်။

အပူကြောင့်ဖြစ်တတ်တဲ့ အရေးပေါ်မဟုတ်တာတွေလည်းရှိတယ်။

နွေရာသီမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ ပိုပြီးဖြစ်တယ်။ နေလောင်တယ်။ မိတ်တွေထွက်တယ်။

ကာကွယ်ပါ။

  • အကောင်းဆုံးကတော့ နေပူထဲ မထွက်နဲ့။ အပူထဲမှာ အကြာကြီးမနေနဲ့။ –
  • ထီး၊ ဦးထုပ် အစရှိတဲ့ အကာအကွယ်တွေ အမြဲဆောင်ပါ။
  • ရေဓါတ် ပြည့်ဝနေအောင် ရေဆာတိုင်း ရေသောက်ပါ။ ချွေးထွက်အရမ်းများတယ် ဆိုရင် ဓါတ်ဆားရည် သောက်ပါ။
  • သက်တောင့်သက်သာ ရှိပြီး လေဝင်လေထွက် ကောင်းတဲ့ အဝတ်အစားတွေ ရွေးဝတ်ပါ။
  • နေလောင်ခံခရင်မ်လိမ်းပါ။
  • လမ်းဘေးက တွေ့ကရာ အစားအသောက်တွေ စားသောက်တာ ရှောင်ပါ။
  • ကိုယ့်မှာ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနေတဲ့ အချက်အလက်တွေ ရှိနေပြီလား ဆိုတာကို သတိထားပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement