backup og meta

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ဖျားတဲ့အခါ ဆရာဝန်တွေက ရေများများသောက်ဖို့ ပြောတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်လို့ပါ။ ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့အခါ နေလို့ထိုင်လို့ မကောင်းသလို အဖျားကနေ နာလန်ထဖို့ ကြာနိုင်တာကြောင့် ဖျားတဲ့အခါ သာမန်အချိန်တွေထက် ကိုယ့်ရဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုပေါ် မူတည်ပြီး ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါတယ်။ 

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ပါတယ်

ဖျားတဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပါတယ်။ ဥပမာ

  • ကိုယ်အပူချိန်တက်တာ – ကိုယ်အပူချိန် တက်လေလေ ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုများလေလေပါ။ ဖျားတာအပြင် ဝမ်းလျှောတာ၊ အန်တာတွေပါ တွဲဖြစ်မယ်ဆိုရင် ပိုတောင် ဆုံးရှုံးမှု များနိုင်ပါသေးတယ်။
  • ချွေးထွက်များတာ – အဖျားကျတဲ့အခါ ချွေးတွေရွှဲနေအောင် ထွက်တတ်ပါတယ်။ အဲ့ဒီအခါ ရေဓာတ်အပြင် ဓာတ်ဆားဓာတ်တွေပါ ဆုံးရှုံးနိုင်ပါတယ်။ 
  • အန်တာ၊ ဝမ်းလျှောတာ – ဒါတွေကလည်း ရေဓာတ်ကို အဓိက ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေပါ။
  • အစားမဝင်တာ – လည်ချောင်းနာလို့၊ ပါးစပ်ပျက်လို့ ရေနဲ့ အစား မဝင်ရင်လည်း လိုအပ်ချက်ကို မဖြည့်နိုင်လို့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုတွေ ပိုဖြစ်နိုင်ပါတယ်။

နေမကောင်းတာအပြင် ခုလို အကြောင်းအရာတွေကို စုစည်းလိုက်တဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုက ပိုပြီးများလာနိုင်ပါတယ်။

ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုများတဲ့အခါ နေပြန်ကောင်းဖို့ကြာတာ၊ ခေါင်းကိုက်တာ၊ အာရုံစိုက်လို့ မရတာ၊ နုံးတာ၊ ဝမ်းချုပ်တာ၊ ဆီးနည်းတာတွေ ဖြစ်တတ်ပါတယ်။  

ဒါဆို ဖျားနေချိန်မှာ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုကို ကာမိအောင် ဘာတွေ လုပ်ကြမလဲ

ဖျားနေချိန်မှာ ရေဓာတ်မဆုံးရှုံးစေဖို့ တတ်နိုင်သလောက်တော့ အစားနဲ့ ရေဝင်အောင် ဂရုစိုက်ရပါမယ်။ ဖျားနေရင် ထမင်းမစားရဘူး၊ အဖျားတက်တတ်တယ်ဆိုတာ မဟုတ်ပါဘူး။ စားလို့ ရပါတယ်။ ဆရာဝန်က သီးခြား တားမြစ်ထားတာ မရှိရင် ထူးထူးခြားခြား အစားရှောင်ဖို့ မလိုပါဘူး။ အာဟာရတန်ဖိုး နည်းပါးပြီး ဆီများတာ၊ စပ်တာတွေကိုသာ ရှောင်ဖို့ လိုပါတယ်။

ရေဆိုရင်လည်း ရိုးရိုးရေအပြင် ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတာတွေကို တစ်နေကုန် တစွတ်စွတ်နဲ့ သင့်တော်သလို သောက်လို့ ရပါတယ်။ ဘယ်လောက်သောက်ရမလဲဆိုတာကတော့ ကိုယ့်ရဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုပေါ် မူတည်ပြီး သောက်နိုင်ပါတယ်။ ဆီးမဝါဘူး၊ အာမခြောက်ဘူး၊ နေလို့လန်းတယ်ဆိုရင် ရေဓာတ်မျှတနေတယ်လို့ အကြမ်းဖျင်း သိနိုင်ပါတယ်။

ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုမဖြစ်စေဖို့ သောက်နိုင်တာတွေကတော့

  • ရိုးရိုးရေ – ရေသန့် ဒါမှမဟုတ် ကျိုချက်ထားတဲ့ရေကို သောက်ပေးပါ။
  • ဓာတ်ဆားရည် – ဝမ်းလျှောတဲ့အခါ သောက်နိုင်ပါတယ်။ ချွေးထွက်များတဲ့အခါ၊ ပါးစပ်ပျက်တဲ့အခါ အစားသိပ်မဝင်တဲ့အခါဆိုရင်တော့ ဓာတ်ဆားအားဖြည့်အချိုရည်တွေ သောက်နိုင်ပါတယ်။  
  • အုန်းရည် – ဝမ်းလျှောတဲ့အခါ၊ ခံတွင်းမလိုက်တဲ့အခါ သောက်နိုင်ပါတယ်။
  • ရေနွေးကြမ်း – ရိုးရိုးရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ပျားသံပုရာ စသဖြင့် အဆင်ပြေရာ သောက်နိုင်ပါတယ်။ ဆေးတွေ သောက်နေရတယ်ဆိုရင်တော့ အနည်းဆုံး ၂နာရီလောက် ခြားပြီးသောက်ပါ။ 
  • Infused water – ရိုးရိုးရေသောက်ရတာ ရိုးလာတဲ့အခါ ရေထဲကို သံပုရာသီးစိတ်၊ ဆန်းကစ်သီးစိတ်၊ ပူဒီနံ စသဖြင့် ခံတွင်းရှင်းပြီး လန်းဆန်းစေတဲ့ အသီးတွေ၊ အရွက်တွေ ထည့်ပြီး သောက်နိုင်ပါတယ်။
  • စွပ်ပြုတ်၊ ဆန်ပြုတ်၊ ဟင်းချိုရည် – ထမင်းစားတဲ့အခါ စွပ်ပြုတ်၊ ဟင်းရည် စတာတွေနဲ့ တွဲဖက် စားသောက်တာကလည်း ရေဓာတ်ကို ပြည့်စေပါတယ်။ အရည်လည်းသောက် အဖတ်လည်း စားမယ်ဆိုရင် အာဟာရပိုရှိပါတယ်။

ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အောက်ပါ အချက်တွေကို ရှောင်ပါ

ဖျားလို့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု များနေချိန်မှာ အောက်ပါအပြုအမူတွေကို ရှောင်ရပါမယ်။

  • လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ – အကြောလျှော့တာလောက်က ညောင်းညာတွေကို ပြေပျောက်စေပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့ ချွေးထွက်မှုကို များစေပြီး ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုစေသလို လူကိုလည်း အားအင်ကုန်ခမ်းစေနိုင်ပါတယ်။
  • ကဖင်းတွေ အလွန်အကျွံ သောက်တာ – ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်မှာ ကဖင်းပါဝင်မှု များပြားတာကြောင့် ဆီးရွှင်စေပြီး ရေကို ပိုဆုံးရှုံးစေနိုင်ပါတယ်။
  • အရက်၊ ဘီယာ – ကိုယ်သောက်နေတဲ့ ဆေးတွေနဲ့ ဓာတ်ပြုနိုင်တဲ့အပြင် ကိုယ်ခံအားကို ထိခိုက်စေတာကြောင့် အဖျားသက်သာဖို့ ကြာစေနိုင်ပါတယ်။ ဆီးသွားများစေတာကြောင့် ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုကိုလည်း ဖြစ်နိုင်ပါတယ်။ 
  • အချိုရည် – ဂတ်စ်ပါတဲ့အချိုရည်တွေက သကြားဓာတ်ပါဝင်မှု များပြားပြီး အာဟာရဓာတ်နည်းပါးတာကြောင့် ဖျားနေတဲ့အချိန်လိုမျိုး အာဟာရလိုအပ်ချက် များပြားချိန်မှာ မသောက်သင့်ပါ။

ဖျားနေချိန်မှာ ရေနဲ့ ဓာတ်ဆားဆုံးရှုံးတာက မှန်ပေမယ့် ဆုံးရှုံးတဲ့ ရေဓာတ်ကို ပြန်ဖြည့်တဲ့အခါ မှန်ကန်တဲ့ သောက်စရာတွေနဲ့ ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါတယ်။ တချို့သောက်စရာတွေက အရည်တွေဆိုပေမယ့် ကိုယ်တွင်းရောက်တဲ့အခါ ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှုကို ပိုဖြစ်စေတာကြောင့် ဒါတွေကိုတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dehydration https://www.mayoclinic.org/diseases-conditions/dehydration/symptoms-causes/syc-20354086 Accessed date Aug 4, 2024

How to prevent dehydration when you’re sick https://www.eehealth.org/blog/2020/10/how-to-avoid-dehydration-when-sick/ Accessed date Aug 4, 2024

The Importance of Winter Hydration https://www.massgeneral.org/news/article/the-importance-of-winter-hydration  Accessed date Aug 4, 2024

Is it harmful to drink alcohol while taking antibiotics? https://www.mayoclinic.org/healthy-lifestyle/consumer-health/expert-answers/antibiotics-and-alcohol/faq-20057946 Accessed date Aug 4, 2024

What to Eat and Drink When You Are Sick https://mydoctor.kaiserpermanente.org/mas/news/what-to-eat-and-drink-when-you-are-sick-2129782 Accessed date Aug 4, 2024

ယခုပုံစံ

27/08/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဥပုသ်မပျက်စေဘဲ ဗိုက်ဆာတာကို ဘယ်လိုဖြေရှင်းမလဲ

ဥပုသ်စောင့်တဲ့အခါ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများနဲ့ ဖြေရှင်းနည်းများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement