Medical marijuana Vs Recreational marijuana
Recreational Marijuana ဟာ ဆေးဘက်ဝင်ဖို့ ဆေးဝါးကုသရေးမှာ အသုံးပြုဖို့ဆိုတဲ့ ဦးတည်ချက်လုံးဝမရှိပဲ မူးယစ်ဆေးဝါးအဖြစ် အသုံးချဖို့ ရည်ရွယ်ထားတဲ့အရာဖြစ်ပါတယ်။ ဆေးဘက်ဝင်မှုထက် THC က ပိုမိုများပြားနေတာမို့ စွဲလမ်းမှုကို ပြင်းပြင်းထန်ထန်ဖြစ်စေတဲ့အရာပါ။
THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ ကျူမာအကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်းက ဆိုထားပါတယ်။ THC ဖယ်ထုတ်ထားခြင်းမရှိတဲ့ ဆေးခြောက် (Recreational marijuana) ကို ရေရှည်စွဲပြီး အသုံးပြုမယ်ဆိုရင် အဆုတ်ပျက်စီးတာ၊ နှလုံးရောဂါ၊ ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊ နာတာရှည်နာကျင်မှုဝေဒနာတွေ၊ ဦးခေါင်းနဲ့ လည်ပင်းပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ၊ အဆိပ်သင့်မှု၊ စွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်း ခံစားရမှာပါ။
ဒီလို အန္တရာယ်များလှတဲ့ THC ကို ထိမ်းချုပ်ကန့်သတ်ဖယ်ရှားပြီး CDB အဓိကပါဝင်တဲ့ ဆေးခြောက်ကိုတော့ Medical marijuana လို့ ခေါ်ဆိုတာပါ။ တချို့တိုင်းပြည်တွေမှာ Medical marijuana တွေကို ဆေးဝါးကုသရေးဘက်မှာ တရားဝင် အသုံးချနေကြပါပြီ။
ဆေးခြောက်ကို ဆေးဝါးအနေနဲ့ အသုံးပြုတာက ခုခေတ်မှ မဟုတ်ပါဘူး။ ရှေးဟောင်း တရုတ်၊ အီဂျစ်နဲ့ ဂရိတွေရဲ့ ဆေးမှတ်တမ်းတွေမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုကြောင်း ဖော်ပြထားခဲ့ကြပါတယ်။
ဆေးခြောက်ပင်ကို ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ အသုံးချတဲ့အခါမှာ အရွက်တွေနဲ့ အဖူးတွေကို အခြောက်ခံပြီး ဆေးပြားအဖြစ် ဖန်တီးတာ၊ အဆီထုတ်တာတွေပြုလုပ်ပြီး အသုံးချကြပါတယ်။ နိုင်ငံတော်တော်များများက ဆေးခြောက်ကို အသုံးပြုခွင့်တားမြစ်ထားပေမယ့် အချို့သောနိုင်ငံအနည်းငယ်မှာတော့ နာကျင်တဲ့ဝေဒနာ၊ မအီမသာဖြစ်တာနဲ့ Multiple Sclerosis လိုရောဂါတွေကို ကုသရာမှာ အသုံးပြုခွင့်ပေးထားတာမျိုးလည်း ရှိပါတယ်။
ဒါ့အပြင် Medical marijuana ကို ရေတိမ်၊ HIV/AIDS ကြောင့်ကိုယ်အလေးချိန်ကျဆင်းတာ၊ အာရုံကြောနာကျင်တာ၊ ကိုယ်လက် နာကျင်ကိုက်ခဲတာ၊ Amyotrophic Lateral Sclerosis၊ ကင်ဆာရောဂါကြောင့် ကိုယ်အလေးချိန်ကျဆင်းတာ၊ လေးဖက်နာရောဂါ (Rheumatoid Arthritis)၊ ကင်ဆာဆဲလ် ပြန့်ပွားမှုကို ကာကွယ်ထိမ်းချုပ်တာ၊ ဆေးလိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါကို ကုစားတာနဲ့ လေဖြတ်ဝေဒနာ ကုစားတာ စတဲ့နေရာတွေမှာ အသုံးချကြပါသေးတယ်။
ဒီအချက်တွေကို ထောက်ရှုမယ်ဆိုရင်တော့ Medical marijuana နဲ့ Recreational marijuana ဘာတွေ ကွာခြားသလဲဆိုတာကို အကြမ်းဖျဉ်းအားဖြင့် နားလည်သဘောပေါက်လိမ့်မယ်လို့ ယူဆမိပါတယ်။
တဖက်မှာတော့ ဆေးခြောက်ဟာ မူးယစ်ဆေးဝါးလား၊ ဆေးဝါးဓာတ်စာလားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ဆိုရင် အသုံးချသူတွေရဲ့ စိတ်ခံယူချက်၊ အပြုအမူနဲ့ စိတ်စေတနာပေါ်မှာသာ မူတည်နေမှာဖြစ်သလို ဝိရောဓိဖြစ်ဖွယ်ရာ အငြင်းပွားမှုတွေကလည်း နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက်တည်ရှိနေဦးမှာပါ။