ကျွန်တော်တို့တွေဟာ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဘယ်လက္ခဏာကိုမှ လျစ်လျူမရှုသင့်ပါဘူး။ ရောဂါသေးသေးလေးပဲ ဖြစ်နေပါစေ။ သေချာမကုသဘဲ မွေးထားမယ်ဆိုရင် ကြာလာရင် ကျွန်တော်တို့ကို တစ်ချိန်မဟုတ် တစ်ချိန် ဒုက္ခပေးလာမှာပါ။
ဒါဆို ကျွန်တော်တို့က လက္ခဏာတိုင်းကို စိုးရိမ်နေရမှာလား။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ တချို့လက္ခဏာတွေက အပရိကလို့ ခေါ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်လက္ခဏာလေးတွေပါပဲ။ ကျွန်တော်တို့ကို အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ ဒုက္ခမပေးနိုင်ပါဘူး။
ဒါဆိုရင် လက္ခဏာတစ်ခုကို ကျွန်တော်တို့က ဂရုစိုက်ရမှာလား၊ ဒီတိုင်း ကြည့်နေရမှာလား။ ရောဂါကြီးကြီးမားမားလား၊ သာမန်ဝေဒနာ သက်သက်ပဲလား ဘယ်လိုခွဲခြားကြမလဲဆိုတာ ဥပမာလေးတွေနဲ့ ဆွေးနွေးကြည့်ရအောင်။
ကျွန်တော်တို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာများ
-
ရင်ဘတ်အောင့်တာ
ကျွန်တော်တို့တွေ ရင်ဘတ်အောင့်ပြီဆိုတာနဲ့ အရင်ဆုံး စတွေးမိတာက နှလုံးရောဂါပါပဲ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ‘ငါ့မှာ နှလုံးရောဂါများ ရှိနေတာလား’လို့ တွေးလိုက်တတ်ပါတယ်။ တကယ်တော့ လက်တွေ့ဘဝမှာ ရင်ဘတ်အောင့်တဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။
ဥပမာ ကျွန်တော်တို့ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာ များလို့ နံရိုးတွေ နာတဲ့အခါလည်း ရင်ဘတ်အောင့် တတ်ပါတယ်။ စားချဉ့်ပြန်ရောဂါလို့ ခေါ်တဲ့ GERDမှာလည်း ရင်ပူပြီး ရင်ဘတ်အောင့်တတ်ပါတယ်။ နောက်ဆုံး အဆုတ်ပိုးဝင်တာကလည်း ရင်ဘတ်အောင့်တတ်တာပါပဲ။
ဒါက ဥပမာပေးတာပါ။ တခြား နှလုံးနဲ့ မဆိုင်တဲ့ အကြောင်းရင်းတွေ ၊ အသက်အန္တရာယ်မရှိတဲ့ ရင်ဘတ်အောင့်ခြင်းမျိုးတွေ အများကြီး ရှိပါသေးတယ်။
-
မူးတာ
ကျွန်တော်တို့ ခေါင်းထဲက တရိပ်ရိပ်နဲ့ မူးလာပြီဆိုရင် သွေးတိုးနေပြီနဲ့တူတယ်ဆိုပြီး စဉ်းစားတတ်ကြပါတယ်။ တကယ်တော့ သွေးတိုးတဲ့ လူနာတွေက လက္ခဏာပြခဲပါတယ်။ ခေါင်းမူးခဲပါတယ်။ အဖြစ်များတာကတော့ စိတ်ဖိစီးမှုတွေများတဲ့အခါ ခေါင်းတွေမူး၊ ခေါင်းတွေမူးတော့ သွေးပေါင်ချိန်၊ သွေးပေါင်ချိန်တော့ သွေးတိုး ဒီလိုမျိုး ဖြစ်တတ်ကြပါတယ်။
တကယ်တော့ သွေးပေါင်ကို တစ်ခါတည်း ချိန်ရုံနဲ့ သွေးတိုးနေပါပြီလို့ သတ်မှတ်လို့ မရပါဘူး။ သူတို့မှာ ဖြစ်နေတဲ့ ပြဿနာက Anxietyလို့ ခေါ်တဲ့ စိတ်တွေရှုပ်ထွေးပြီး ဖိစီးနေတာကြောင့် သွေးတက်နေတာပါ။ စိတ်ဖိစီးမှုလည်း သက်သာသွားရော၊ သွေးပေါင်က ပုံမှန်ပြန်ဖြစ်သွားတာပါပဲ။
တစ်ခါတစ်လေ Vertigoလို့ ခေါ်တဲ့ နားထဲက ပြဿနာတစ်ခုကြောင့် လူက ဟန်ချက်တွေ ပျက်ပြီး ချာချာလည်အောင် မူးတတ်ပါတယ်။ ချာချာလည်နေတဲ့အတွက် ကျွန်တော်တို့ လေများဖြတ်သွားမလားဆိုပြီး သိပ်ကြောက်ကြပါတယ်။ တကယ်တော့ ဒါက သွေးပေါင်ချိန်နဲ့ နားပြဿနာ သက်သက်ပါပဲ။
ဒီလိုပဲ သွေးတိုးနဲ့ မဆိုင်ဘဲ သွေးအားနည်းတာ၊ သွေးတွင်းသကြားဓာတ်နည်းတာ စတဲ့ ဖြစ်ရပ်တွေမှာလည်း ခေါင်းမူးတတ်တယ်ဆိုတာကို ကျွန်တော်တို့ သိထားဖို့ လိုပါတယ်။
-
ဗိုက်အောင့်တာ
ကျွန်တော်တို့ အားလုံး လေအောင့်ဖူးကြပါတယ်။ လေအောင့်တဲ့အခါ ဗိုက်ထဲမှာ တင်းနေပြီး ခပ်စူးစူးနဲ့ အောင့်နေတာမျိုးပါ။ လေလည်လိုက်မှပဲ သက်သာသွားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ချွေးစေးပြန်ပြီး အောင့်နေတဲ့အချိန်မျိုးမှာ လေအောင့်တာထက် အူအတက်ရောင်တာကိုပဲ ဦးစားပေး စဉ်းစားတတ်ပါတယ်။
ဒီလိုပဲ ဗိုက်အောင့်ရတဲ့ အကြောင်းရင်းတွေထဲမှာ ကျွန်တော်တို့ သိပ်ကြောက်တဲ့ အူအတက်ရောင်တာအပြင် အစာအိမ်ရောင်တာ၊ စားချဉ့်ရည်ပြန်တာ၊ အူလမ်းကြောင်း ရောဂါ၊ နောက်ဆုံး အဆာလွန်လို့ လေခံပြီး အောင့်တာ စတဲ့ ပြဿနာလေးတွေလည်း ဖြစ်နိုင်သေးတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။
-
ခေါင်းကိုက်တာ
ရံဖန်ရံခါ ခေါင်းကိုက်တာကို ကျွန်တော်တို့ မစိုးရိမ်ကြပေမယ့် နေ့တိုင်းနီးပါး ကိုက်နေမယ်။ ကိုက်တဲ့အခါမှာလည်း ခေါင်းတစ်ခုလုံး တင်းကြပ်နေအောင် ကိုက်နေမယ်ဆိုရင် ကျွန်တော်တို့ လန့်လာပါပြီ။ ကျွန်တော်တို့ ဦးနှောက်ထဲမှာ အကျိတ်များ ဖြစ်နေပြီလားလို့ သံသယဖြစ်လာပါပြီ။
တကယ်တော့ ကျွန်တော်တို့ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းက ခေါင်းကိုက်ခြင်း အမျိုးအစားတွေဖြစ်တဲ့ Tension headacheတို့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ မိုက်ဂရင်းတို့ ဖြစ်နိုင်သလို အန္တရာယ်မရှိတဲ့ သာမန်အိပ်ရေးပျက်တာ၊ စိတ်ဖိစီးတာ၊ ကဖင်းဓာတ်တွေများလို့ ခေါင်းက လေးပြီး ကိုက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ စိုးရိမ်နေတာတွေကို လျှော့သင့်လား။
ဒီလို မဟုတ်ပါဘူး။ မစိုးရိမ်ဘဲ လက္ခဏာတွေကို လျစ်လျူရှုလိုက်မယ်ဆိုရင် တကယ်ရောဂါကြီးကြီးမားမားတွေ ဖြစ်တဲ့အခါ ကျွန်တော်တို့ အသိနောက်ကျပြီး ကုသရခက်သွားမှာပါ။ နှလုံးသွေးကြောပိတ်တာ၊ အူအတက်ပေါက်တာတွေဆို အသက်အန္တရာယ်တောင် ဖြစ်သွားမှာပါ။ ဒါကြောင့် ကျွန်တော်တို့ လက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။
ကျွန်တော်တို့ မသင်္ကာတာတွေ့တိုင်း ဆေးစစ်ကြမလား။
ဒါကလည်း ရေရှည်မှာ အဆင်ပြေပါ့မလား။ ကျွန်တော်တို့ ခေါင်းကိုက်တိုင်း ကွန်ပျူတာဓာတ်မှန်ရိုက်တာ၊ ရင်ဘတ်အောင့်တိုင်း ဓာတ်မှန်ရိုက်တာက ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ဖြစ်စေမှာပါ။ ဒါ့ပြင် မလိုအပ်ဘဲ ဆေးတွေသောက်၊ ဆေးတွေစစ်တာက ငွေကုန်ကြေးကျများတဲ့အပြင် ကျွန်တော်တို့ကို စိတ်ဖိစီးမှုတွေ ပိုများစေပါတယ်။
ဒါဆို နှစ်ခုလုံး အဆင်ပြေတာ မရှိဘူးလား။
တကယ်တော့ ကျွန်တော်တို့ လိုအပ်တာ ‘ကျန်းမာရေး အသိပညာ’ ပါပဲ။ မလိုအပ်ဘဲ ဆေးစစ်ရတာတွေ နည်းသွားဖို့၊ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သတိပြုမိဖို့ဆို ကျွန်တော်တို့မှာ ကျန်းမာရေး အသိပညာရှိရပါမယ်။
ဥပမာ ပြောရရင် နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်အောင့်တာက လက်မောင်းတွေထိပါ အောင့်ပါတယ်။ သာမန်လူတွေထက်စာရင် နှလုံးရောဂါ၊ သွေးတိုးအခံရှိတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ မူးတယ်ဆိုရင်လည်း မူးတာသက်သက် မဟုတ်ဘဲ တခြားလက္ခဏာတွေနဲ့ တွဲနေရင် ရောဂါအခံတစ်ခုခုရှိနေဖို့ များတယ်။
ဗိုက်အောင့်တာကလည်း အူအတက်ကြောင့်တာဆိုရင် အောင့်တာက ချက်ကစအောင့်ပြီး အူအတက်ရှိတဲ့ ဝမ်းဗိုက်ညာဘက်အခြမ်းကို ရွေ့သွားပါတယ်။ ဖျားတာ၊ အန်တာနဲ့လည်း တွဲနိုင်ပါတယ်။ ခေါင်းကိုက်တယ်ဆိုရင်လည်း အကျိတ်ကြောင့်ဆိုရင် ထိုးအန်တာ၊ အမြင်တွေ ဝါးတာ စတဲ့ ကင်ဆာလက္ခဏာများနဲ့ တွဲတတ်ပါတယ်။
ဒါက ဥပမာ ပေးထားတာတွေပါ။ ဒီလိုပဲ ကျွန်တော်တို့ ဘာလက္ခဏာတွေ ခံစားရ ခံစားရ ဉာဏ်နဲ့ ယှဉ်ပြီး စိုးရိမ်သင့်ပါတယ်။ ဒီအတွက် ကျန်းမာရေး ဝက်ဆိုက်တွေ၊ စာစောင်တွေ၊ ဆရာဝန်ကြီးတွေရဲ့ စကားဝိုင်းတွေကို လေ့လာသင့်ပါတယ်။ မလိုအပ်ဘဲ အလွန်အကျွံစိုးရိမ်တာက စိတ်ဖိစီးမှုတွေ များစေပြီး ရောဂါတွေတိုးစေပါတယ်။ ကိုယ်ခံစားရတာ မသေချာရင်တော့ ကိုယ့်ထက်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေနဲ့ ပြသတာက စိတ်အချရဆုံးပါပဲ။
[embed-health-tool-bmi]