backup og meta

လူကို ဝလာစေတဲ့ ရောဂါများအကြောင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကို ဝလာစေတဲ့ ရောဂါများအကြောင်း

    လူကဝလာတယ်၊ အလေးချိန်လည်းတက်လာတယ်။ အစားလည်းသိပ်မစားပါဘဲ၊ လှုပ်လှုပ်ရှားရှားလည်းနေပါလျက်နဲ့ ဘာလို့များဝလာရတာလဲ။ အဖြေရှာနေသူတွေအတွက်ဖြစ်နိုင်ခြေအကြောင်းရင်းတွေကရှိပါတယ်။ အစားမက်သူမဟုတ်၊ အထိုင်များသူမဟုတ်ပါဘဲ လူကိုဝလာစေတဲ့ နောက်ခံအကြောင်းရင်းဘာတွေရှိနေနိုင်သလဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။

    သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ လည်ပင်းကြီးရောဂါ (Hypothyroidism)

    သိုင်းရွိုက်ကဟော်မုန်းထုတ်လုပ်မှုမလုံလောက်တဲ့အခါ လူကို ဝလာစေနိုင်ပါတယ်။ ဆံပင်တွေလည်းပါးလာမယ်၊ အသားအရေခြောက်မယ်၊ အအေးဒဏ်မခံနိုင် ပိုချမ်းတတ်လာမယ်၊ ဝမ်းချုပ်မယ်၊ စိတ်ကျခြင်းပါခံစားရနိုင်ပါတယ်။ဟော်မုန်းပမာဏ ပုံမှန်ရှိမရှိကိုသွေးစစ်သိရှိနိုင်ပါတယ်။

    စိတ်ကျရောဂါ

    ကိုယ်အလေးချိန်တက်ခြင်းနဲ့ အဝလွန်ခြင်းတွေဆိုတာ စိတ်ကျရောဂါရဲ့မြင်သာတဲ့ဘေးထွက်ဆိုးကျိုးတွေထဲပါဝင်ပါတယ်။ စိတ်ဓါတ်ကျနေတဲ့သူတွေက စိတ်ဖိစီးမှုဟော်မုန်းcortisol ပမာဏမြင့်မားနေတဲ့အတွက် ဝမ်းဗိုက်တဝိုက်မှာ အဆီတွေစုစေပါတယ်။ အစားမမှန်၊ လှုပ်ရှားမှုမမှန်လောက်အောင် စိတ်ဓါတ်ကျနေတဲ့အတွက် ဝိတ်တက်လာတာလည်းပါပါတယ်။ ပိုဆိုးတာက စိတ်ကျဝေဒနာကိုကုသတဲ့ဆေးဝါးတွေကြောင့်လည်း ဝလာစေတတ်လို့ပါ။

    တစ်ညကို အနည်းဆုံး ၆ နာရီပြည့်အောင် အိပ်မပျော်နိုင်တဲ့သူတွေဟာ ပိုဝလာလေ့ရှိပါတယ်။ အိပ်ချိန်မှန်ပြီး အိပ်ရေးဝတာကသာ သူတို့အတွက် ကိုယ်အလေးချိန်ထိန်းဖို့အကောင်းဆုံးနည်းလမ်းပါပဲ။ အိပ်ရေးပျက်ရင် ခန္ဓါကိုယ်ကcortisolဟော်မုန်းနဲ့အင်ဆူလင်ထုတ်လုပ်မှုများလွန်းပြီး ကိုယ်အလေးချိန်တက်စေတာပါ။ ဒီဟော်မုန်းကြောင့်ပဲ ဆာလောင်မှုကိုပိုနှိုးဆွပြီး အဆီများတာတွေ၊ အချိုများတာတွေကို စားချင်စိတ်တွေထိန်းမရဖြစ်စေပါတယ်။

    သွေးဆုံးခြင်း

    သွေးဆုံးချိန်မှာ အက်စထရိုဂျင်ဟော်မုန်းနည်းလာလို့ ဝမ်းဗိုက်တဝိုက်မှာအဆီတက်လာနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းက ဒီတစ်ချက်တည်းတော့မဟုတ်ပါဘူး။ အအိပ်မမှန်ဘူး၊ စိတ်ကျနေတယ်၊ စိတ်မတည်ငြိမ်ဖြစ်နေတယ်ဆို အစားအသောက်၊အနေအထိုင်တွေက ကျန်းမာရေးနဲ့မညီတဲ့ဘက်ကို ယိမ်းသွားနိုင်ပါတယ်။

    ကူရှင်း ရောဂါ (Cushing’s Disease)

    ပုံမှန်အားဖြင့်cortisolဟော်မုန်းကသွေးဖိအားနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းဖို့ကူညီပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟော်မုန်းထွက်ရှိမှုလွန်ကဲလာတဲ့အခါ ဝမ်းဗိုက်နဲ့ လည်ပင်းမှာ အဆီပိုတွေဖြစ်လာစေနိုင်တယ်။ ကူရှင်ရောဂါဖြစ်လာရင် ထိခိုက်အနာတရပိုဖြစ်လွယ်တာ၊ အားနည်းလာတာ၊ ကြွက်သားအားနည်းပြီး ခြေထောက်တွေသိမ်လာတာ၊ မျက်နှာနဲ့လည်ပင်းမှာအဆီတွေစုတာ၊ ဝလာတာ၊ အကြောပြတ်ရာခပ်ကြီးကြီးတွေဖြစ်လာတာသိသာနိုင်ပါတယ်။

    မျိုးဥအိမ်အရည်အိတ်တည်ခြင်း

    မျိုးဥအိမ်အရည်အိတ်တည်တဲ့ PCOSဖြစ်နေပြီဆိုရင် ရာသီထိန်တာ၊ မျက်နှာနဲ့ခန္ဓါကိုယ်မှာ အမွေးပိုထူလာတာ၊ ဝက်ခြံပိုပေါက်လာတာတွေဖြစ်နိုင်ပါတယ်။နောက်ပြီး မျိုးဥအိမ်မှာ အလုံးတွေတည်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ အမျိုးသားဟော်မုန်းလို့ခေါ်တဲ့ အန်ဒရိုဂျင်ဟော်မုန်းများနေလို့ဖြစ်ပါတယ်။ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းပိုနည်းလာတာကြောင့် ကိုယ်အလေးချိန်တက်တာလည်းဖြစ်နိုင်ပါတယ်။

    နှလုံးရောဂါ

    နှလုံးကသွေးမညှစ်နိုင်တော့တဲ့အထိ နှလုံးစွမ်းဆောင်ရည်ကျဆင်းလာတဲ့အခါ ရုတ်တရက်ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ တစ်ပတ်အတွင်း ၅ပေါင်တက်လာတာမျိုး။ ဒါ့အပြင်ခြေထောက်တွေရောင်လာတာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူကြပ်တာ၊သွေးတိုးတာ၊ အရမ်းမေ့တတ်လာတာတွေဖြစ်လာနိုင်ပါတယ်။

    အိပ်ပျော်ချိန်အသက်ရှူခေတ္တရပ်ခြင်း (Sleep Apnea)

    အရှင်းဆုံးပြောရရင်တော့ အိပ်ရင်အရမ်းဟောက်တတ်တဲ့သူတွေပေါ့။ ဒီအပြင်နေ့ဘက်မှာတောင်ခေါင်းမကြည်၊အိပ်ချင်မူးတူးအမြဲဖြစ်နေတယ်ဆို ဒီရောဂါရဲ့လက္ခဏာဖြစ်နေုနိုင်ပါတယ်။ ဒီလိုလူတွေဟာ အိပ်ပျော်နေတဲ့အချိန်မှာ အသက်ရှူလမ်းကြောင်းက စက္ကန့်အနည်းငယ်တိုင်းမှာ အသက်ရှူရပ်ရပ်သွားတတ်တာဖြစ်ပါတယ်။sleep apneaကြောင့် ဝလာတာ၊ အဝလွန်တာတွေဖြစ်စေနိုင်တဲ့အပြင် အသည်းရောဂါတွေ၊ နှလုံးရောဂါနဲ့သွေးတိုးတက်ခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။

    ဖောခြင်း

    ဝတာက အသားတွေပွတတနဲ့နေရတာတမျိုးဖြစ်နေလား။ ခန္ဓါကိုယ်ထဲမှာအထူးသဖြင့် လက်မောင်းနဲ့ခြေထောက်တွေမှာ ရေတွေစုနေတဲ့အခါဖောရောင်ခြင်းဖြစ်လာတာပါ။ခြေထောက်တွေကဖောရောင်ပြီး တင်းနေတော့ လှုပ်ရှားလို့မကောင်းတော့ပါဘူး။ ဒီလက္ခဏာတွေဖြစ်လာရင် ရိုးရိုးဝတာမဟုတ်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။ဖောရောင်ခြင်းတစ်ခုတည်းကတော့ပြဿနာကြီးမဟုတ်ပေမယ့်ပြဿနာရှိနေတာက နှလုံး၊ ကျောက်ကပ်၊အသည်းနဲ့အဆုတ်ရောဂါတွေလိုမျိုး သူ့ရဲ့နောက်ကွယ်က ရောဂါအကြောင်းရင်းခံတွေဖြစ်ပါတယ်။

    စတီးရွိုက်သောက်သုံးရတဲ့ရောဂါတွေ

    corticosteroids လို့ခေါ်တဲ့ဆေးတွေကို ဆရာဝန်ကညွှန်းလာနိုင်ပါတယ်။ ပန်းနာရင်ကျပ်၊ အဆစ်ရောင်နာနဲ့တခြားရောဂါတွေအတွက် သုံးလေ့ရှိပါတယ်။ စတီးရွိုက်ဆေးတွေသောက်သုံးရတဲ့ပမာဏများလာလေ သို့မဟုတ် ကြာလာလေ ပိုဆာလောင်လေပါပဲ။ မဆင်မခြင်စားသောက်တာတွေဖြစ်လာစေနိုင်ပြီး ဝလာနိုင်တာပေါ့။

    အသုံးများတဲ့ဆေးဝါးတချို့

    တချို့ဆေးတွေက ဆာလောင်မှုကိုအားပေးတယ်၊ တချို့က ကယ်လိုရီလောင်ကျွမ်းမှုကိုနှေးစေတယ်၊ ခန္ဓါကိုယ်ရဲ့အာဟာရဓါတ်တွေကို စုပ်ယူနိုင်စွမ်းအပေါ် သက်ရောက်ပြောင်းလဲစေတယ်။ ဥပမာ သန္ဓေတားသောက်ဆေး၊ စိတ်ရောဂါနဲ့ပတ်သက်တဲ့ဆေးဝါးတွေ၊ ဝက်ရူးပြန်ရောဂါသောက်ဆေး၊သွေးတိုးကျဆေးတွေ ပါဝင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement