
ဖျားနေတာမဟုတ်ဘဲ အသားတွေ ဘာလို့ အမြဲပူနေတာလဲ ဆိုတော့
သိုင်းရွိုက်ဂလင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အခြေအနေမှာ ဂလင်းက ဟော်မုန်း ထုတ်လုပ်မှု လွန်ကဲနေလို့ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း များခြင်းကြောင့် ခန္ဓာကိုယ်မှာ လောင်စာတွေကို ခွန်အား အဖြစ် ပြောင်းလဲမှုနှုန်းကို မြန်စေလို့ ပူနွေးမှုကို ဖြစ်စေတာပါ။ ဒီလိုဖြစ်ရင် ရေဆာတာ၊ ဗိုက်ဆာတာ၊ ချွေးထွက်တာ၊ နှလုံးခုန်တာတွေ အကုန် မြန်လာနိုင်ပါတယ်။ အမျိုးသမီးတွေဆို ရာသီလာ နည်းတာ၊ ထိမ်တာ၊ ကိုယ်ဝန်ရဖို့ ခက်တာတွေ ဖြစ်လာနိုင်ပါတယ်။
အမျိုးသမီး တစ်ယောက် ကျန်းမာစွာနဲ့ သွေးဆုံးတဲ့ အရွယ်က အသက် ၅၀ ဝန်းကျင် ဖြစ်လေ့ ရှိပါတယ်။ အဲဒီ အချိန်မှာ hot flashes လို့ ခေါ်တဲ့ အရေပြား နေရာ တချို့ ရုတ်တရက် ပူရှိန်းရှိန်း ဖြစ်လာတာမျိုးကို ခံစားရ တတ်ပါတယ်။ သွေးဆုံးချိန်မှာ ချွေး ပိုထွက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ နှလုံးခုန် မြန်ခြင်းတို့လည်း ဖြစ်စေနိုင်တယ်။ နောက်ဆုံး ရာသီလာချိန် မတိုင်ခင်မှာ လက္ခဏာတွေ ခံစားရ တတ်ပြီး နှစ်နဲ့ ချီပြီးကြာရှည်တတ် ပါတယ်။
ကဖင်းဓာတ်က လူကို လန်းဆန်း စေနိုင်ပြီး အိပ်ချင်စိတ် ပြေပျောက်စေနိုင်တယ် ဆိုပေမယ့် ခန္ဓာကိုယ် အပူချိန် ကိုလည်း မြင့်စေနိုင်ပါတယ်။ ကဖင်း များလွန်းရင် သွေးဖိအား၊ သွေးတွင်းသကြားဓာတ် နဲ့ အစာအိမ် အက်စစ်တို့ကိုလည်း မြင့်တက်စေနိုင်ပြီး အိပ်စက်မှုမှာပြဿနာ ရှိစေပါတယ်။
အသက် ကြီးလာတဲ့အခါ အပူချိန် လျှော့ချတဲ့စနစ်က သိပ်အလုပ်မလုပ်နိုင်တော့ပါဘူး။ ပြင်ပမှာ ပူနေရင် ခန္ဓာကိုယ်ကို အအေးဓာတ်ထိန်းထားနိုင်ဖို့ အရေပြား မျက်နှာပြင်ကို နှလုံးက သွေးပိုညှစ်ထုတ်ပေးဖို့ လိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးကလည်း သိပ်မကြံ့ခိုင်လေတော့ ပိုပင်ပန်းရပါတယ်။ ပိုဆိုးတာက သွေးကြောတွေက အရင်လောက် မပြန့်ကားနိုင်တဲ့အခါ အရေပြား မျက်နှာပြင်ကိုသွေးအလုံအလောက် မရောက်နိုင်တော့တာဖြစ်ပါတယ်။