backup og meta

အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများ

    သင်ဟာ မိဘတစ်ယောက်ဖြစ်နေပြီဆိုရင် သင့်သားလေး၊ သမီးလေးတွေကို အကောင်းဆုံးပြုစု ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးလည်း ဖြစ်စေချင်မှာပါပဲ။ အထူးသဖြင့် အိမ်ရှင်မ တစ်ယောက် ဖြစ်နေပြီဆိုရင်တော့ သင့်အိမ်မှာရှိတဲ့သူတွေ အထူးသဖြင့် ကလေးတွေရဲ့ အပြုအမူအပေါ်မှာ မျှော်လင့်ထားတာမျိုး ရှိမှာပါ။ အိမ်တွင်းစည်းကမ်းထုတ်လိုက်ခြင်းကြောင့် သင့်ကလေးအတွက်ရော၊ သင့်အတွက်ပါ ပိုအဆင်ပြေသွားစေနိုင်ပါတယ်။ စည်းကမ်းထုတ်ရုံတင် မဟုတ်ပါဘူး။ အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများကို လိုက်နာဖို့လည်း တိုက်တွန်းရမှာ ဖြစ်ပါတယ်။

    အိမ်တွင်းစည်းကမ်းမထုတ်ခင် ဒါတွေကိုတော့ အရင်စဉ်းစားပါ။

    စည်းကမ်းများ သတ်မှတ်လိုက်ခြင်းကြောင့် သင့်ကလေးအနေနဲ့ အန္တရာယ်ကင်း လုံခြုံသွားပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ အိမ်တွင်းစည်းကမ်းထုတ်ခြင်းဖြင့် သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်ပါတယ်။

    ဒါပေမဲ့ စည်းကမ်းတွေ အကုန်လုံးကို အိမ်သားအကုန်လုံးက လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ ည(၉)နာရီ အိမ်ရာဝင်ရမယ်လို့ စည်းကမ်းထုတ်ထားတယ်ဆိုရင် သင်ကိုယ်တိုင်လည်း (၉)နာရီအိပ်ပါ။ သင်ကိုယ်တိုင် မလိုက်နာနိုင်ရင်တော့ အဲ့ဒီအချက်ကို မထည့်သွင်းပါနဲ့။ တစ်အိမ်နဲ့ တစ်အိမ်တော့ စည်းကမ်းတွေက တူမှာမဟုတ်ပါဘူး။

    ရှုပ်ထွေးပြီး နားမလည်နိုင်တဲ့ စည်းကမ်းများကို မထုတ်ပါနဲ့။ ရိုးရှင်းပြီး နားလည်ရလွယ်ကူတဲ့ အချက်များကိုသာ ထည့်သွင်းရေးသားပါ။ အောက်ပါအချက်များကတော့ အိမ်တွင်းစည်းကမ်း နမူနာအချို့ပါ။

    အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများ

    () အခန်းထဲမဝင်လာခင် ဦးစွာပထမ တံခါးခေါက်ပြီး ခွင့်တောင်းပါ။

    အတွင်းရေးကိစ္စများ၊ ကိုယ်ရေးကိုယ်တာကိစ္စများအပေါ် အလေးထားတတ်ခြင်း (Privacy)ကို သင်ကြားပေးပါ။ မဝင်ခင် အခန်းတံခါး အရင်ခေါက်ရမယ်ဆိုတဲ့ စည်းကမ်းကို ထုတ်ထားတာက သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အလေးထားတတ်သွားစေရန် သွယ်ဝိုက်ပြီး သတိပေးလိုက်သလိုပါပဲ။

    ()    ကိုယ်လုပ်ခဲ့တဲ့အရာတွေကို အစအနမကျန်အောင် ကောက်သိမ်းပါ။

    ထမင်းစားပြီးရင် ကိုယ်စားထားတဲ့ ပန်းကန်ကို ကိုယ်ကိုယ်တိုင် ပြန်ဆေးကြောသန့်ရှင်းရမယ်။ ကစားစရာအရုပ်လေးများကို ဆော့ကစားပြီးရင်လည်း ကိုယ်တိုင်ပြန်လည် သိမ်းဆည်းရမယ်ဆိုတဲ့ အကျင့်ကို မွေးမြူပေးပါ။

    ဒီစည်းမျဉ်းဟာ အိမ်တွင်းသပ်ရပ်သန့်ရှင်းစွာ နေတတ်စေရန်နဲ့ အိမ်အတွက် လုံခြုံစိတ်ချရစေရန် ဖြစ်ပါတယ်။ မိဘကို မမှီခိုတော့ဘဲ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်လာတဲ့ အလေ့အကျင့်ကောင်းကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

    ()    လျှပ်စစ်ပစ္စည်းသုံးစွဲချိန်ကို ကန့်သတ်လိုက်ပါ။

    မိသားစုတော်တော်များများမှာ ဒီလိုစည်းကမ်းကို လိုက်နာကျင့်သုံးနေကြပါပြီ။ တချို့မိသားစု တွေမှာဆိုရင်တော့ တစ်နေ့မှာ ဖုန်း၊ ကွန်ပြူတာ၊ ဂိမ်း စတာတွေကို ဘယ်နှနာရီပဲပြုလုပ်ရမယ်ဆိုပြီး ကန့်သတ်ထားကြပါတယ်။ ဘယ်လိုအချိန်မှာတော့ ဖုန်းမကြည့်ရဘူး၊ ကွန်ပျူတာမနှိပ်ရဘူး စသဖြင့်ပါ။

    ထမင်းလက်ဆုံစားချိန်တွေမှာ ဖုန်းကိုလုံးဝမကိုင်ပါနဲ့။ မအိပ်စက်ခင်မှာလည်း ဖုန်းမကြည့်မိပါစေနဲ့။ အိပ်ချိန်မတိုင်ခင် ဖုန်းမကိုင်ခြင်းဟာ ကလေးတွေရော မိဘတွေအတွက် အလွန်ကောင်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စောစောအိပ်စက်သွားနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေ နိုင်မှာပါ။

    ()    တစ်ဦးတစ်ယောက်ကို နာကျင်အောင်လုပ်မိပါက တာဝန်ပြန်ယူခိုင်းပါ။

    ကလေးအချင်းချင်း ဆော့ကစားကြတဲ့အခါ အမှတ်မထင် ထိမိခိုက်မိအောင် ပြုလုပ်မိလိုက်တာမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာတော့ အမှားကျူးလွန်သူကို ပြန်လည်တောင်းပန်ခိုင်းသင့်ပါတယ်။

    တချို့သော အခြေအနေတွေမှာ လျော်ကြေးအနေနဲ့ ပေးဆပ်ခိုင်းတာမျိုး ပြုလုပ်သင့်ပါတယ်။ ဥပမာ မုန့်ဖိုးလျှော့ပေးလိုက်တာမျိုးပါ။ ဒီလိုအချက်ကြောင့် ကလေးဟာ မိမိအမှားအတွက် အပြည့်အဝ တာဝန်ယူတတ်သူ တစ်ယောက်အဖြစ် ကြီးပြင်းလာမှာပါ။

    ()    အမှန်တရားကိုသာ ပြောဆိုခိုင်းပါ။ လိမ်မပြောရဘူးဆိုတဲ့အချက်ကို ထုတ်ဖြစ်အောင် ထုတ်ပါ။

    ဘယ်လိုအခြေအနေမျိုးမှာမဆို ကလေးကို လိမ်မပြောမိပါစေနဲ့။ သင်ကိုယ်တိုင်စံပြ ပုဂ္ဂိုလ် ဖြစ်အောင်နေပါ။ သင်ဟာ ကလေးအတွက် လက်ဦးဆရာပါ။ သင့်ကလေးကိုလည်း လိမ်မပြောတတ်အောင် သင်ကြားထားပါ။ အခန့်မသင့်ဘဲ ကလေးလိမ်ပြောတာကို မိသွားခဲ့ရင်လည်း စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်တည့်မတ်ပေးပါ။

    ဒီစည်းမျဉ်းစည်းကမ်းဟာ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ အခြေခံကျလှတဲ့ အချက်ပါပဲ။

    ()    တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ခံတွင်းသန့်ရှင်းမှုကို မပျက်မကွက် ပြုလုပ်ခိုင်းပါ။

    လက်ကို ပုံစံစနစ်တကျဆေးကြောခြင်း၊ သွားတိုက်ခြင်း (မနက်တစ်ခါ၊ ညတစ်ခါ) ရေချိုးခြင်း စတာတွေဟာ ကျန်းမာရေးကောင်းဖို့ အတွက် အခြေခံကျတဲ့ အချက်တွေပါပဲ။ အကျင့်ကောင်းတွေ ကို မွေးမြူပေးပါ။ သင်ကိုယ်တိုင်လည်း မပျက်မကွက် ပြုလုပ်ပေးပါ။

    ()   မိသားစုအစည်းအဝေးတွေ့ဆုံပွဲကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး မဖြစ်မနေ တက်ရောက် ခိုင်းပါ။

    မိသားစု စုံစုံလင်လင်တွေ့ဆုံမှုလေးကို တစ်ပတ်တစ်ခါတော့ အနည်းဆုံးအချိန်ပေးပြီး ပြုလုပ် ပေးပါ။ အစည်းအဝေးမှာ စည်းမျဉ်းစည်းကမ်းတွေကို လိုအပ်သလို ညှိနှိုင်းပြီး အလျှော့အတင်း ပြုလုပ် နိုင်ပါတယ်။

    မိမိသဘောကျတဲ့ အချက်၊ မကျတဲ့အချက်တွေကိုလည်း ထုတ်ဖော်ပြောကြားနိုင်သလို အနာဂတ် အစီအစဉ်တွေကိုလည်း အပြန်အလှန် ပြောကြားနိုင်ပါတယ်။ တစ်ပတ်တစ်ခါ မပြုလုပ်နိုင်လည်း တစ်လတစ်ခါတော့ ပြုလုပ်သင့်ပါတယ်နော်။

    () မိသားစုဝင်အချင်းချင်း အပြန်အလှန်လေးစားမှုရှိပါစေ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာ ချက်တွေကိုလည်း လေးစားသမှုရှိပါ။

    • မောင်နှမအချင်းချင်း စိတ်ခံစားမှုကို မနောက်ပြောင်ပါစေနဲ့ (အော်ဟစ်တာမျိုး၊ ရုပ်ရည်သွင်ပြင်ကို လှောင်ရယ်တာမျိုး၊ နှိမ့်ချဆက်ဆံတာမျိုး၊ မကြိုက်တဲ့နာမည်ပြောင် ခေါ်တာမျိုးတွေကို လုံးဝ (လုံးဝ) ပေးမလုပ်ပါနဲ့)။
    • မနာကျင်ပါစေနဲ့။ တစ်ယောက်နဲ့ တစ်ယောက် မရိုက်ပါနဲ့။ ကစားနေရင်းပဲဖြစ်ဖြစ် မတွန်းပါနဲ့။ မကန်ပါစေနဲ့။
    • မွေးချင်းဖြစ်နေပါစေ၊ တစ်ယောက်ယောက်ရဲ့ ပစ္စည်းကိုယူတော့မယ်ဆိုရင် ခွင့်ပြုချက် တောင်းခံခိုင်းပါ။
    • အပြစ်ပြုလုပ်ခဲ့ရင် ပညာသားပါပါ ချက်ချင်း အပြစ်ပေးပါ။ အငယ်ဆုံးမို့ သက်ညှာအလို လိုက်တာမျိုး မလုပ်ပါနဲ့။

    ဒီလိုလုပ်ခြင်းအားဖြင့် အနာဂတ်မှာ သင့်ကလေးရဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်နေမှာပါ။ မိမိအိမ်မှာလည်း စည်းမျဉ်းစည်းကမ်းလေးတွေ ချမှတ်ရင်း သင့်ကလေးကို အနာဂတ်လှလှ ပိုင်ဆိုင် လိုက်ပါစေနော်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement